လက်ဘနွန်နိုင်ငံမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ တနင်္လာနေ့က ထွက်လာတဲ့ တရားဝင်မဟုတ်တဲ့ ရလဒ်တွေအရ အီရန်က ကျောထောက် နောက်ခံပေးထားတဲ့ Hezbollah အဖွဲ့ဟာ လွှတ်တော်အမတ်နေရာတွေ အရင်ကထက်ပိုပြီး အနိုင်ရနေပြီး လက်ရှိ ဝန်ကြီးချုပ် Saad Hariri ရဲ့ ပါတီကတော့ လက်ရှိထက် အမတ်နေရာ အနိုင်ရမှု နည်းနေတယ်လို့ ဆိုပါတယ်။
ဘက်ဘနွန်မှာ ၉ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီရွေးကောက်ပွဲရဲ့ တရားဝင် ရလစ်တွေကတော့ တနင်္လာနေ့ နှောင်းပိုင်းမှာ သိရမယ်လို့ ဆိုပါတယ်။
လက်ဘနွန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၀၉ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် ၅၄% ရှိခဲ့ရာက အခု ရွေးကောက်ပွဲမှာတော့ ၄၉.၂% ကို ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
၂၀၀၉ ခုနှစ်က ပြုလုပ်တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေဟာ ၄ နှစ်သက်တမ်းအတွက်သာ ရည်ရွယ်ကျင်းပခဲ့တာပါ။ ဒါပေမယ့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပေါ်ခဲ့တာကြောင့် လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ထပ်မကျင်းပဘဲ လွှတ်တော်ကို ၂ ကြိမ် သက်တမ်း တိုးခဲ့ရပါတယ်။
ခရစ်ယာန်နဲ့ မွတ်ဆလင်တွေအကြား ဆတူ ၂ ခြမ်းကွဲနေတဲ့ အမတ်နေရာ ၁၂၈ ဦးရှိတဲ့ ဘက်ဘနွန် လွှတ်တော်အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၆ ဦးလည်း ဝင်ရောက် ယှဉ်ပြိုင်နေကြပါတယ်။