ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီ (Moammar Gadhafi) ရဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖြစ်သူကို မော်ရစ်တေးနီးယား နိုင်ငံမှာ ထိန်းသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က သူ့ကို ဖမ်းဆီးပြီး နေရပ်ရင်း ပြန်ပို့နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လစ်ဗျားနိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ Abdullah al-Senoussi ကို ဖမ်းဆီးဖို့ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်တဲ့အကြောင်း Interpol က တနင်္ဂနွေနေ့မှာ ပြောခဲ့တာပါ။
လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲဟောင်းကို ပြည်သူပိုင် ငွေကြေး အလွဲသုံးစားမှု၊ ကိုယ်ကျိုး စီးပွားအတွက် အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့ အလိုရှိနေတဲ့အကြောင်း Interpol ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ ပြင်သစ်နဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) တို့ကလည်း လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် သူ့ကို အလိုရှိနေတာပါ။
လစ်ဗျား ခေါင်းဆောင်ဟောင်း ဂဒါဖီ ကို ရာထူးကဖယ်ရှားခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က အုံကြွမှုတွေအတွင်း သူ ထွက်ပြေးသွားတာလို့လည်း အများက ယုံကြည်ထားကြတာ ဖြစ်ပါတယ်။ မာလီနိုင်ငံကူး ပတ်စ်ပို့အတု ကိုင်ဆောင်ပြီး Casablanca ကလာတဲ့ လေယာဉ်နဲ့ စနေနေ့က မော်ရစ်တေးနီးယား နိုင်ငံကို ရောက်အလာမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာလို့ ပြောပါတယ်။
လစ်ဗျားနိုင်ငံက အုံကြွမှုတွေကို နှိမ်နင်းချိန်မှာ သူပါဝင်ခဲ့တဲ့ လုပ်ရပ်တွေအတွက် စွပ်စွဲချက်တွေနဲ့ ICC ကလည်း ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ဖမ်းဝရမ်းထုတ်ပြန်ထားတာပါ။ ဒီမတိုင်ခင်မှာလည်း ပြင်သစ်တရားရုံး တခုက ၁၉၈၉ ခုနှစ်တုန်းက နိုင်ဂျာနိုင်ငံပေါ်မှာ လေယာဉ်တစင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲဟောင်းကို မျက်ကွယ်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ထားပါတယ်။