သုံးရလွယ်ကူစေသည့် Link များ

ပြည်ပလေတပ်အကူနဲ့ လစ်ဗျားသူပုန် မြို့ပြန်သိမ်း


ပြည်ပလေတပ်အကူနဲ့ လစ်ဗျားသူပုန် မြို့ပြန်သိမ်း

လစ်ဗျားသူပုန်တွေဟာ ကဒါဖီလိုလားတဲ့ တပ်တွေလက်အောက်ကျသွားခဲ့တဲ့ Ajdabiya မြို့ကို နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်းအကူအညီနဲ့ သူပုန်တွေက ပြန်လည်သိမ်းယူလိုက်ပြီး အောင်ပွဲခံနေ ကြပါတယ်။

တင့်ကားတွေပေါ်မှာ သူပုန်တွေနဲ့ အရပ်သားတွေ ကခုန်နေကြပြီး မိုးပေါ်ထောင်သေနတ်တွေ ပစ်ဖောက်၊ ကားတွေကလည်း ဟွန်းတွေတီးကြနဲ့ မဟာဗျူဟာကျတဲ့ အဲဒီမြို့လေးမှာ အောင်ပွဲခံနေကြတာပါ။ Ajdabiya မြို့ဟာ သူပုန်တွေ အခိုင်အမာ တပ်စွဲထားရာ ဘန်ဂါဇီမြို့ရဲ့တောင်ဘက် ၉၅ မိုင်လောက်အကွာမှာ ရှိပါတယ်။ အစိုးရစစ်သား တစ်ဒါဇင်ကျော် သေဆုံးနေကြတာကို တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။

မစ်စရာတာ (Misrata) မြို့ ဆင်ခြေဖုံးကို လေကြောင်းကနေ ညွှန့်ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သူပုန်ပြောရေးဆိုခွင့်ရှိသူက ပြောတာကို ရိုက်တာ သတင်းဌာနက ကိုးကားထားပါတယ်။ မစ်စရာတာမြို့ဟာ လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီအနားမှာရှိတဲ့ မြို့ဖြစ်ပြီး သူပုန်တွေ သိမ်းပိုက်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လစ်ဗျား တာဝန်ရှိသူတွေက သံတမန်လမ်းကြောင်းကနေ အားထုတ်နေကြပေမဲ့ စနေနေ့ အခု သတင်းကြေညာချိန်အထိတော့ ထူးခြားချက် မတွေ့ရသေးပါဘူး။

လစ်ဗျားနိုင်ငံမှာ ရွေးကောက်ပွဲတွေ နောက်ဆုံးမှာကျင်းပနိုင်မယ့် ဒီမိုကရေစီ အကူးအပြောင်း အစီအစဉ်တစ်ရပ်လုပ်ဖို့ အာဖရိကသမဂ္ဂက အဆိုပြုထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ အဆင်သင့်ရှိတယ်လို့ လစ်ဗျားကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ လစ်ဗျား ကိုယ်စားလှယ်အဖွဲ့ဟာ အာဖရိက ၅ နိုင်ငံက သံတမန်တွေနဲ့ အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာ မှာ ဆွေးနွေးခဲ့ကြတာပါ။

XS
SM
MD
LG