သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား လေယာဉ်မပျံသန်းရဇုန် ထိန်းချုပ်မှု နေတိုးတာဝန်ယူ


လစ်ဗျား လေယာဉ်မပျံသန်းရဇုန် ထိန်းချုပ်မှု နေတိုးတာဝန်ယူ

အာဖရိက သမဂ္ဂက လစ်ဗျား အပစ်အခတ်တွေ ရပ်စဲအောင် ကြိုးစားတဲ့ အနေနဲ့ ဆွေးနွေးပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ချိန်မှာပဲ ညွန့်ပေါင်းတပ်တွေက အစိုးရ လိုလားသူတွေကို ပစ်မှတ်ထားပြီး ကြာသပတေးနေ့က လေကြောင်းက တိုက်ခိုက်ခဲ့ကြပါတယ်။

လစ်ဗျားမှာလုပ်နေတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးမှာ ပါဝင်ဖို့ တူရကီလွှတ်တော်က အစိုးရကို လုပ်ပိုင်ခွင့် ကြာသပတေးနေ့က ပေးလိုက်ပါတယ်။ တူရကီဟာ လစ်ဗျားမှာ မပျံသန်းရဇုန် သတ်မှတ်တာကို ထောက်ခံတဲ့ အနောက်နိုင်ငံတွေရဲ့ တခုတည်းသော မွတ်ဆလင် မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေက နေတိုးကို စစ်ဆင်ရေး ဦးဆောင်မှု လွှဲပြောင်းဖို့ ရက်ပိုင်းပဲ ကြာမှာပါလို့ နေတိုး ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့က ပြောပါတယ်။

ဒီအချိန်မှာပဲ အီသီယိုးပီးယားနိုင်ငံ အဒစ်စ် အဘာဘာမြို့ (Addis Ababa) မှာ လစ်ဗျားကိစ္စ အစည်းအဝေးတရပ် ကျင်းပမယ်လို့ အာဖရိက သမဂ္ဂက ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ဖိတ်ကြားထားသူတွေထဲမှာ လစ်ဗျားအစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

အပစ်အခတ်ရပ်စဲပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လစ်ဗျားပြည်သူတွေ တောင်းဆိုကြတဲ့ ဒီမိုကရေစီရေး ကိစ္စအပေါ် တနည်းနည်း တုံ့ပြန်ပေးရေးတွေကို အာဖရိက သမဂ္ဂက မြင်လိုပါတယ်လို့ ဥက္ကဋ္ဌ ဂျင်းပင်း (Jean Ping) က ပြောတာကို ရိုက်တာသတင်းဌာနက ကိုးကားထားပါတယ်။

ဒီအချိန်မှာပဲ မီစ်ရာတာ (Misrata) မြို့ပေါ်မှာ ပျံသန်းလာတဲ့ လစ်ဗျားအစိုးရ ဂျက်လေယာဉ်ကို ပြင်သစ် တိုက်လေယာဉ်တွေက ကြာသပတေးနေ့က ပစ်ချလိုက်ကြပါတယ်။

XS
SM
MD
LG