သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီ နှုတ်ထွက်ပေးဖို့ ညွန့်ပေါင်းအဖွဲ့ တောင်းဆို


ကဒါဖီ နှုတ်ထွက်ပေးဖို့ ညွန့်ပေါင်းအဖွဲ့ တောင်းဆို

လစ်ဗျားနိုင်ငံ ရှေ့တန်းနေရာ တော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မှာပဲ ကုလသမဂ္ဂက အရပ်သားတွေအပေါ် အကာအကွယ်ပေးရေး ပြဋ္ဌာန်းချက်ကို မိုမာ ကဒါဖီ (Moammar Gadhafi) အနေနဲ့ လိုက်နာလာတဲ့တိုင်အောင် လေကြောင်းကနေ ဆက်လက် တိုက်ခိုက်ဖို့ ညွန့်ပေါင်းတပ်ဖွဲ့တွေက သံတမန်တွေဟာ လန်ဒန်မြို့မှာ အင်္ဂါနေ့က သဘောတူလိုက်ကြပါတယ်။

မစ္စတာ ကဒါဖီ ကြီးပြင်းရာမြို့ဖြစ်တဲ့ ဆာတီ (Sirte) မြို့အနီးက ဘင်ဂျဝပ်ဒ် (Bin Jawad) မြို့မှာ သူပုန်တွေကို ကဒါဖီရဲ့ တပ်တွေက အင်္ဂါနေ့မှာ တွန်းလှန် တိုက်ခိုက်နေပါတယ်။

မီစ်ရာတာ (Misrata) မြို့က ပစ်မှတ်တွေကို ကဒါဖီရဲ့ တပ်တွေက လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာကိုလည်း ထရီပိုလီ (Tripoli) မြို့ အနီးကတောင် ကြားနေကြရပါတယ်။

ဒီအချိန်မှာပဲ လန်ဒန်မြို့မှာ နိုင်ငံ ၄၀ ကျော်က နိုင်ငံခြားရေး ၀န်ကြီးတွေဟာ လစ်ဗျားနိုင်ငံရဲ့ အနာဂတ် လမ်းကြောင်းကို ချဖို့အတွက် ဆက်သွယ်ရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ သဘောတူလိုက်ပြီး ပထမဆုံး အစည်းအဝေးကို ကာတာနိုင်ငံမှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

မစ္စတာ ကဒါဖီ အာဏာက ဆင်းသွားနိုင်မယ့် ဖြစ်နိုင်ခြေ ထွက်ပေါက်ကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ မစ္စတာ ကဒါဖီဟာ လစ်ဗျားကို ဆက်လက် ဦးဆောင်ဖို့ တရားမ၀င်တော့ဘူးလို့ ၀န်ကြီးတွေက ပြောကြပါတယ်။

မစ္စတာ ကဒါဖီရဲ့ စစ်တပ်က အစုလိုက် အပြုံလိုက် သတ်မယ့်အရေးကို အင်အားကြီး နိုင်ငံတွေက ကာကွယ်နိုင်ခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။ လစ်ဗျားအတိုက်အခံ ကိုယ်စားလှယ် မာမွတ် ဂျီဘရေးလ် (Mahmoud Jibril) နဲ့ ကလင်တန် အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။

သူပုန်တွေကို လက်နက် ထောက်ပံ့ဖို့ အိုဘားမား (Obama) အစိုးရက ဆုံးဖြတ်ချက် မရှိပါဘူးလို့လည်း မစ်စ် ကလင်တန်က ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အစည်းအဝေးမှာ သဘောတူညီချက် မရရှိခဲ့ကြပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ အစိုးရနဲ့ သူပုန်တွေကြား တိုက်ပွဲတွေကို အဆုံးသတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG