သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ မိသားစု အညံ့ခံမည်မဟုတ်


ဂဒါဖီ မိသားစု အညံ့ခံမည်မဟုတ်
ဂဒါဖီ မိသားစု အညံ့ခံမည်မဟုတ်

လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ သားတဦးဖြစ်သူ ဆိဖ် အယ်လ် အစ္စလမ် ဂဒါဖီ (Seif al-Islam Gadhafi) က သူဟာ မြို့တော် ထရီပိုလီ (Tripoli) ရဲ့ အပြင်ဘက် တနေရာမှာ ရှိနေပြီး ဂဒါဖီကို သစ္စာခံတဲ့ တပ်မှူးကြီးတွေကလည်း သူတို့အဖွဲ့သားတွေက သေတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ သူ့ကိုပြောတဲ့အကြောင်း ဆီးရီးယား ရုပ်မြင်သံကြားကို မနေ့ ညပိုင်းက ပြောခဲ့ပါတယ်။

ဂဒါဖီရဲ့ သားဖြစ်သူနဲ့ တခြား မိသားစုဝင်တွေကတော့ ဘယ်တော့မှ အညံ့ခံ လက်နက်ချမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပြီး သူ့အဖေ ဂဒါဖီဟာလည်း ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့ ဆိုပါတယ်။ ဂဒါဖီကို ထောက်ခံတဲ့ ဆက်သွယ်ရေးဂြိုဟ်တု ရုပ်မြင်သံကြားကို ဂဒါဖီရဲ့သားက ပြောခဲ့တာပါ။

သူ့ရဲ့ အခုလို ပြောဆိုချက်က သူ့နဲ့ ညီအကိုတော်တဲ့ အယ်လ် ဆာဒီ (al-Saadi) က အယ်လ်အရေးဗျ ရုပ်မြင်သံကြားကို ပြောတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အယ်လ် ဆာဒီ ပြောတာက သွေးထွက်သံယိုမှုတွေ ရပ်တန့်စေရေး ဂဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ သူ့ဘက်က အဆင်သင့်ပဲလို့ ဆိုပါတယ်။ အခုလို ပြောရတာကလည်း သူ့အဖေရဲ့ ခွင့်ပြုချက်နဲ့ ပြောရတာလို့ အယ်လ် ဆာဒီက ပြောပါတယ်။

မစ္စတာ ဂဒါဖီဟာ မြို့တော် ထရီပိုလီက မိုင် ၁၅၀ လောက်ဝေးတဲ့ သဲကန္တာရ မြို့တခုဖြစ်တဲ့ ဘနီ ဝါလိဒ် (Bani Walid) မြို့မှာ ရှိနေတယ်လို့ ဂဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေရဲ့ တပ်မှူးတွေက ယုံကြည်နေကြတယ်လို့ လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီ (NTC) ရဲ့ ဒု-ဥက္ကဋ္ဌ ပြောဆိုတာကို ကိုးကားပြီး The New York Times သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။

NTC တပ်ဖွဲ့တွေက ဂဒါဖီကို လက်နက်ချလာအောင် အခွင့်အရေးပေးတဲ့ အနေနဲ့ စောင့်ကြည့်နေကြတယ်လို့လည်း ဆိုပါတယ်။ ဂဒါဖီနဲ့ သူ့တပ်ဖွဲ့တွေကို စနေနေ့အထိ နောက်ဆုံးထားပြီး လက်နက်ချဖို့ လစ်ဗျား လက်ရှိ အာဏာပိုင်တွေက ပြောထားပါတယ်။

မစ္စတာ ဂဒါဖီရဲ့ နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့တဲ့ အဗ္ဗဒီလတီ အယ်လ် အိုဘီဒီ (Abdelati al-Obeidi) ကို ထရီပိုလီမြို့တော်ရဲ့ အနောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဖမ်းဆီးတဲ့ သတင်းကို ဂဒါဖီ ဆန့်ကျင်ရေး ထိပ်တန်း တပ်မှူးကြီး တဦးက ကြေညာခဲ့တာဖြစ်ပြီး ရိုက်တာစ် သတင်းထောက် တဦးလည်း မျက်မြင်တွေ့ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG