မြောက်အာဖရိကနိုင်ငံ လစ်ဗျားမှာ ဆန္ဒပြသူတွေအပေါ် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျနဲ့ အကြီးအကျယ် ကျူးလွန်ခဲ့တာလို့ ဆိုပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံက လစ်ဗျားကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် အဖြစ်ကနေ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။
ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီရဲ့ အကြံပြုချက်နဲ့ နိုင်ငံပေါင်း ၁၉၂ နိုင်ငံ ပါဝင်တဲ့ အထွေထွေ ညီလာခံမှာ အင်္ဂါနေ့က ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ အတိုက်အခံ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့အတွက် မစ္စတာ ကဒါဖီကို အထီးကျန်အောင်လုပ်တဲ့ နိုင်ငံတကာရဲ့ အခုနောက်ဆုံး အပြစ်ပေး ဒဏ်ခတ်မှု ဖြစ်ပါတယ်။
အခုဆုံးဖြတ်ချက်က လစ်ဗျားကို လူ့အခွင့်အရေးကောင်စီကနေ အပြီးအပိုင် ထုတ်လိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို ကောင်စီအဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံ၊ မခံ အထွေထွေ ညီလာခံက ဆုံးဖြတ်တဲ့ အချိန်အထိ လူ့အခွင့်အရေးကောင်စီထဲမှာ လစ်ဗျားနိုင်ငံ ပါဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
အခုဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ လစ်ဗျားကို အရေးယူနိုင်ဖို့အတွက် လုံခြုံရေးကောင်စီက ထောက်ခံဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။
ဒီလို အရေးယူတာမျိုးက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ် ပြစ်မှုတွေအတွက် အပြစ်ကျူးလွန်သူ ဘယ်သူမဆို အပြစ်ကနေ ကင်းလွတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ပြင်းထန်တဲ့ သတင်းစကားမျိုး ဖော်ပြရာ ရောက်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က ပြောပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း လက်ရှိ လစ်ဗျားနိုင်ငံရဲ့ ပဋိပက္ခဟာ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေ ချမှတ်ရာမှာ အရေးကြီးတဲ့ စမ်းသပ်မှုတခု ဖြစ်စေတယ်လို့ ဆိုပြီး လစ်ဗျားနိုင်ငံဟာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်လာနိုင်သလို ပြည်တွင်းစစ်နဲ့လည်း ရင်ဆိုင်ကောင်း ရင်ဆိုင်သွားရနိုင်တယ်လို့ သတိပေး ပြောဆိုခဲ့ပါတယ်။
လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးဖို့ကိုလည်း မစ်စ် ကလင်တန်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။