သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time မဂ္ဂဇင်း မြန်မာအစိုးရ ပိတ်ပင်မှု ပြည်တွင်းမီဒီယာ ဝေဖန်


ဇူလိုင်လထုတ် Time မဂ္ဂဇင်း ကာဘာမျက်နှာဖုံး
ဇူလိုင်လထုတ် Time မဂ္ဂဇင်း ကာဘာမျက်နှာဖုံး
အစိုးရဝန်ကြီးတွေပါဝင်တဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီကနေ ဇူလိုင်လထုတ် Time မဂ္ဂဇင်းကို ပိတ်ပင်လိုက်တာကြောင့်၊ အခြား စာနယ်ဇင်း လွတ်လပ်ခွင့်တွေအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာတယ်လို့ မြန်မာ စာနယ်ဇင်းသမားတွေက ယူဆပါတယ်။ ဒါ့အပြင် အဲ့ဒီ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီရဲ့ တာဝန်ပိုင်းနဲ့ လက်တွေ့လုပ်ရပ်တွေ အပေါ်မှာလည်း သူတို့က မေးခွန်းထုတ်နေကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းတင်ပြထားပါတယ်။

မြန်မာသံဃာတပါးဖြစ်တဲ့ ဦးဝီရသူပုံကို မျက်နှာဖုံးတင်ဖော်ပြတဲ့ “The Face of Buddhist Terror” ဆောင်းပါးကြောင့် ဗုဒ္ဓဘာသာကို အထင်အမြင် လွဲမှားစေပြီး၊ ဘာသာစုံအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေတာကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇူလိုင်လထုတ် Time မဂ္ဂဇင်းကို မြန်မာအာဏာပိုင်တွေက ပိတ်ပင်လိုက်တာပါ။ အခုလို ပိတ်ပင်ကြောင်း ဆုံးဖြတ်တဲ့ အဖွဲ့ကတော့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီဖြစ်ပြီး၊ ဒီကော်မတီကိုတော့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က ဦးဆောင်ပါတယ်။

အဖွဲ့ဝင်တွေထဲမှာတော့ ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး စတဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ ဒုဝန်ကြီးတွေ ပါဝင်ပြီး၊ ၂၀၁၃ မတ်လမှာ သမ္မတ ဦးသိန်းစိန် က ဖွဲ့ပေးခဲ့တာပါ။ အဓိကကတော့ ဘာသာရေးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာမှာ နာမည်ရတဲ့ သတင်းမီဒီယာတခုကို ဒီကော်မတီကနေ ပိတ်ပင်အရေးယူ လိုက်တာကြောင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို တနည်းတဖုံနဲ့ ထိခိုက်စေတယ်လို့ မြန်မာသတင်း မီဒီယာသမားတွေက ယူဆကြပါတယ်။

ဒီကော်မတီအနေနဲ့ သတင်းမီဒီယာတွေကို ဘယ်လောက် အတိုင်းအတာအထိ ထိန်းချုပ်ပိုင်ခွင့် ရှိသလဲဆိုတဲ့ လုပ်ပိုင်ခွင့်ကို မေးခွန်းထုတ်ရလိမ့်မယ်လို့ မြန် မာစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။

“သူတို့ရဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို လုပ်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့ထားတာပေါ့။ အဲ့ဒီဟာက ဒီမီဒီယာကနေ စာအုပ်ထုတ်တဲ့ ကိစ္စကို စာအုပ်ထုတ်တယ်ဆိုတာလေ
ပြည်တွင်းမီဒီယာ မဟုတ်ဘဲနဲ့ နိုင်ငံခြားမီဒီယာ အဲ့ဒီဟာတွေ သွင်းခွင့် မသွင်းခွင့်တွေကို သူတို့က လုပ်ပိုင်ခွင့် ရှိသလားပေ့ါ။ ပထမ ကျနော်တို့ မေးခွန်းထုတ်ရမှာ အဲ့ဒါပါ။ သူတို့မှာ အဲ့ဒါမျိုး ရှိတယ်ဆိုရင် နောက်ထပ်ရော ဘယ်အတိုင်းအတာအထိ ထပ်ရှိသေးလဲ။ ပြည်တွင်းမီဒီယာတွေကိုရော တခုခု ရေးလို့ရှိရင် အဲ့ဒီအဖွဲ့က တားပိုင်ခွင့်ရှိသလား။ ထုတ်ဝေခွင့်တွေ ရပ်ပိုင်ခွင့်တို့ ဘာတို့ အဲ့ဒါမျိုးတွေ ရှိသလား။ အဲ့ဒါက ကျနော်တို့ ပထမဆုံး မေးခွန်းထုတ်ရမယ့် အချက်ထဲမှာပါတယ်။”

မြန်မာစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦးလည်းဖြစ် the Voice Daily ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးကျော်မင်းဆွေကတော့ အခုလို အစိုးရကော်မတီကနေ သတင်းမီဒီယာတခုကို ကန့်သတ်ပိတ်ပင်တဲ့ ဖြေရှင်းမှုကတော့ ပြဿနာ ပြေလည်စေမယ့် နည်းလမ်းမဟုတ်ဘူးလို့ မြင်ပါတယ်။

“ပြဿနာတစ်ခုကို ဒီလိုမျိုး ဖြေရှင်းတာက ပြဿနာ ပြေလည်စေတဲ့ နည်းလမ်းမဟုတ်ဘူးလို့ ကျနော်တို့က ယုံကြည်တယ်လေ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ press council ထဲမှာရှိတဲ့ သူတွေကိုယ်တိုင်ကိုယ်က သဘောထား အမျိုးမျိုးဖြစ်နေတယ်လေ။ တဘက်ကတည်း ဒါ စိုးရိမ်သောက ဖြစ်မယ်ဆိုရင်လည်း ဖြစ်ထိုက်တဲ့ စိုးရိမ်သောကပါပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံခြား မီဒီယာတစ်ခုကို ပိတ်လိုက်တာမျိုးက ပြည်တွင်းမီဒီယာတွေကိုရော အချိန်မရွေး သူတို့ အလိုမကျလို့ရှိရင် ဒီလိုများ ပိတ်မလား ဆိုတဲ့ သောကပေါ့နော် ရှိပါတယ်။ တဘက်ကကျတော့လည်း ဘာပြန်ကြည့်လဲဆိုတော့ ဒါဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ငြိစွန်းတယ်ပေါ့နော်။ ငြိစွန်းတယ်ဆိုတာက နိုင်ငံတစ်ခုရဲ့ ဘာသာတစ်ခုကို အထင်အမြင် လွဲမှားစေအောင် ရေးသားထားတဲ့ဟာမျိုးက ကျင့်ဝတ်နဲ့ မညီဘူးဆိုတဲ့ ရှုထောင့်ကနေ ပြန်ပြီးတော့ တုံ့ပြန်တာလည်း ရှိတယ်ဗျ။ ဒါပေမဲ့လည်း ဒီလို စာစောင်တစ်ခုကို ဒီလို ပိတ်ပင်တာမျိုးကတော့ ကျနော်ကတော့ ဘဝင်မကျပါဘူးခင်ဗျ။ ပိတ်ပင်တဲ့ ကန့်သတ်တဲ့ တားဆီးတဲ့ ဖြေရှင်းနည်းကတော့လေ။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ပင်တယ်ဆိုရင် Time မဂ္ဂဇင်းတစ်ခုတည်းက ရေးတာမဟုတ်ဘူး။
နိုင်ငံတကာ မီဒီယာတွေ အားလုံးက ဒီသတင်းကို ရေးကြတာပဲ။ ဒီအကြောင်းအရာ ဒီ issue ကို ရေးနေကြတာပဲ။”

ဒီအရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီအနေနဲ့ ဇူလိုင်လထုတ် Time မဂ္ဂဇင်း ပိတ်ပင်ဖို့ ဆုံးဖြတ်ချက် ချဖို့အတွက် ပုံနှိပ်သူများ ထုတ်ဝေသူများ မှတ်ပုံတင်နဲ့ ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကနေ အဆိုပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနက အဓိက ချုပ်ကိုင်ထားတာပါ။ ဒါကြောင့်လည်း ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ သတင်းမီဒီယာတွေအပေါ်မှာ ထိန်းချုပ်ကန့်သတ်မှုတွေ ဆက်ရှိနေတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ယူဆကြပါတယ်။

တချိန်တည်းမှာတော့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီရဲ့ အခုလို လုပ်ဆောင်မှုအပေါ်မှာလည်း အံအားသင့်ကြပါတယ်။ ဒီကော်မတီအနေနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်မှုတွေကို ကာကွယ်တားဆီးရေးကို လက်တွေ့ကျကျ လုပ်ရမှာဖြစ်ပေမဲ့၊ Time မဂ္ဂဇင်း ဖြစ်ရပ်ကျမှ အရေးယူပြီး အခြားအခြေအနေတွေကို မျက်ကွယ်ပြုသလို တွေ့နေရတယ်လို့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ကိုမြင့်ကျော် က ပြောပါတယ်။

“ဥပမာဗျာ အခု တရားပွဲတွေရှိတယ်။ တရားပွဲတွေက တော်တော်ကို ကျနော်ကိုယ်တိုင် နားမထောင်ဖူးပေမဲ့ နားထောင်ခဲ့တဲ့သူတွေ ပြောဆိုချက် အရတော့ တော်တော်လေးကို လူမျိုးရေးအရ လှုံ့ဆော်တယ်။ အဲ့လိုဟာမျိုးတွေ ပြင်းပြင်းထန်ထန် လူတွေကို လှုံ့ဆော်တယ်။ ဒီ Time မဂ္ဂဇင်းဆိုတာ အစောင်ရေ ၆၀၀ လား၊ ၉၀၀ လား ၉၀၀ ပဲ ထားပါတော့ဗျာ။ အဲ့ဒီ ၉၀၀ က ဘယ်လို အလွှာတွေမှာ ရောက်သလဲ။ အောက်ခြေ လူအများစု အတိုင်းအတာအထိ ရောက်သလား။ တကယ်တော့ မရောက်ဘူးပေါ့နော်။ အဲ့ဒီလိုမျိုး တရားပွဲတွေက - တရားပွဲတွေ ပြီးတဲ့နောက်မှာ အဖြစ်အပျက်တွေ ဖြစ်လာတယ်ဆိုတဲ့ဟာနဲ့ တချို့ ဆက်စပ်မှုတွေ ရှိနေတယ်လို့ ယူဆကြတာပေါ့နော်။ အဲ့လိုဟာတွေကိုရော အရေးပေါ် စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဘာလို့ အရေးမယူသလဲပေါ့နော်။ အဲ့ဒါ မေးခွန်းထုတ်စရာ တော်တော်လေးကို ရှိပါတယ်။”

Time မဂ္ဂဇင်းပါ ဖော်ပြချက်အပေါ် တုံ့ပြန်ချက် အမျိုးမျိုးကိုလည်း မြန်မာပြည် တွင်း သတင်းစာ ဂျာနယ်တွေမှာ ဖော်ပြခဲ့ကြပြီး၊ အချို့ သတင်းဌာနတွေကတော့ Time မဂ္ဂဇင်းပါ ဖော်ပြချက်ကို ကန့်ကွက်တယ်ဆိုတဲ့အထိ ကြေညာခဲ့ကြပါ တယ်။ Time မဂ္ဂဇင်းကိုတော့ တဦးတည်း ကိုယ်စားလှယ်အဖြစ် အင်း၀ စာပေတိုက်က တင်သွင်းထားတာဖြစ်ပြီး၊ သူ့စာပေတိုက် ကိုယ်တိုင်ကလည်း ဇူလိုင်လထုတ် Time မဂ္ဂဇင်းကို မဖြန့်ချိဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။
XS
SM
MD
LG