သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ကြေးနီပြန်ထုတ်မယ့်အစီအစဉ် ကန့်ကွက်မှုကြုံနေရဆဲ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ကြေးနီထုတ်လုပ်ငန်း ပြန်စတင်တော့မည်ဆိုသည့်အပေါ် ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံများ။ မတ် ၂၀၊ ၂၀၁၆ (ဓါတ်ပုံ - ဒေသခံတဦး)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ကြေးနီထုတ်လုပ်ငန်း ပြန်စတင်တော့မည်ဆိုသည့်အပေါ် ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံများ။ မတ် ၂၀၊ ၂၀၁၆ (ဓါတ်ပုံ - ဒေသခံတဦး)

လက်ပံတောင်းကြေးနီစီမံကိန်းက အက်ဆစ်ရေဆိုးတွေ ထုတ်ထားတဲ့ကန်အနီး ရဲကင်းတွေအနားမှာ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေစုဝေးပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။ ကြေးနီထုတ်တာကို ရပ်ထားတာကနေ မေလမှာ ပြန်ထုတ်တော့မယ် လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ကြေညာပြီးတဲ့နောက် ဒေသခံတွေက ဆက်တိုက်ဆိုသလို ဆန္ဒပြကန့်ကွက်တာတွေကို ပြန်လုပ်လာ နေတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသက ဒေသခံတွေရဲ့ လယ်မြေတွေကို မြန်မာစီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက်နဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့က ကြေးနီစီမံကိန်းတွေ အတွက်သိမ်းယူထားပြီး ဒေသခံတွေနဲ့ တင်းမာမူတွေ ဖြစ်ပေါ်နေတာ ၃ နှစ် ကျော်ကြာခဲ့ပါပြီ။ မကြာခင်မေလမှာ ကြေးနီစတင်ထုတ်တော့မှာ ဖြစ်တယ်လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီက အသိပေးခဲ့ပြီးတဲ့နောက် အက်ဆစ်ကန်တွေ တည်ဆောက်မူတွေလည်း လုပ်ဆောင်နေတာပါ။ ဒီအတွက် ဒေသခံတွေက လက်မခံပဲ ဒီကနေမှာတော့ အက်ဆစ်ကန်တွေအနီး လုံခြုံရေးတွေချထားတဲ့နေရာမှာ ဆန္ဒပြမူတွေလုပ်ခဲ့တယ်လို့ လက်ပံတောင်းတောင်ဇီးတောရွာ၊ စန်းမြဝတီ ကျောင်းတိုက်က ဆရာတော်ဦးအာလောက ကမိန့်ပါတယ်။

“ဒီကြေးနီစီမံကိန်းကြီးလည်း လည်ပတ်တော့မယ်။ အဲဒီလည်ပတ်တော့မယ့်အချိန်အခါမှာ ဒီ အက်စစ်ကန်ဟာ အခုဆိုရင်လည်း စတင်ပြီးတော့ လုပ်ဆောင်နေပြီ။ အဲဒီအတွက်ကြောင့်မို့လို့ လူထုကနေပြီးတော့ ဆည်ထဲ ဘက်ကနေပြီးတော့ တက်လာပြီးတော့ ကျုံရွာထိတ်မှာပေါင်းတယ်။ ကံျုရွာကနေပြီးတော့မှာ သူတို့ ကာထားတဲ့ အုတ်တံတိုင်းပေါ့ ၊ အုတ်တံတိုင်းဘေးကနေပြီးတော့ ဒီအက်စစ်ကန် ရေဆိုးထုတ်မယ့် ကိစ္စတွေကို လုံးဝမကြေနပ်တဲ့အကြောင်း ကြွေးကြော်ပြီးတော့ သူတို့တည်ဆောင်ထားတဲ့ လျှပ်စစ်ရုံးတွေအထိ၊ သူတို့ ကာထားတဲ့ အုတ်တတိုင်းတွေမှာလည်း campaign ပေါ့နော်၊ “လူသတ် ဝမ်ပေါင်ကုမ္ပဏီ၊ ငါတို့နိုင်ငံက အခုထွက်သွား” ဆိုတဲ့ စာတန်းမျိုးတွေကို ရေးပြီးတော့ ကြွေးကြော်သံတွေနဲ့ လျှပ်စစ်ရုံး နားမှာပဲ စောင့်ကျပ်နေတဲ့ ရဲကင်းတွေကိုပေါ့ လူထူတွေကနေပြီးတော့ ကြွေးကြော်သံတိုင်ပြီးတော့ တောင်းဆိုပါတယ်။”

စီမံကိန်းကနေ ထွက်တဲ့ အက်ဆစ်ရေတွေ အက်စစ်ငွေ့တွေဟာ ဒေသခံတွေအတွက် ကျန်းမာရေးထိခိုက်မှုတွေ ရှိနိုင်တယ်ဆိုပြီး သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ဝေဖန်ထောက်ပြမူတွေလည်းှရှိနေတာပါ။ ဒီအခြေအနေအောက်မှာ တော့ အက်ဆစ်ငွေ့တွေရဲ့အန္တရာယ်ရှိမှုတွေကိုစိုးရိမ်ပူပန်မူတွေရှိနေတယ်လို့လည်း ဆရာတော်ကဆက်မိန့်ကြားပါတယ်။

“အက်စစ်ဆိုတဲ့ အရာက အင်မတန်ကြောက်စရာကောင်းပါတယ်။ နောက်နောင်မှာ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်မလဲဆိုရင် ဒီမှာ သူတို့က စွန့်ပစ်တဲ့ ရေဆိုးတွေဆိုရင် ဒီဘက်မှာ မြေထုတွေကို အင်မတန်မှ ထိခိုင်လာနိုင်တယ်။ နောက်တခုက လေထုကနေပြီးတော့ ပျံ့နှံ့လာမယ့် အက်စစ်ငွေ့ တွေဟာ ဒါလူတွေရှုရမယ်ဆိုရင် အထဲက အဆုတ်တို့ ၊ နှလုံးတို့ အစရှိတဲ့ ခံစားရမယ့်ဟာမျိုးတွေ ကြုံတွေ့ရနိုင်တယ်ပေါ့ဗျာ။”

လက်ပံတောင်း ဒေသခံတွေဟာ အစိုးသစ်လက်ထက်အထိ သူတို့မြေယာ ပြန်ရရေးကိုသာ တောင်းဆိုသွားမယ်လို့ပြောဆိုထားတာပါ။ မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ မြန်မာအစိုးရထံကနေ ၂၀၁၃ ခုနှစ်တုန်းက စာချုပ်အသစ်ချုပ်ထားပြီး ဌားရမ်းထားတာဖြစ်လို့ မြေယာ ပြဿနာတွေဟာ အစိုးရနဲ့ သက်ဆိုင်တယ်လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောဆိုထားပါတယ်။ ဒီအတွက် မေလမှာတော့ ကြေးနီစတင်ထုတ်တော့မယ်လို့ မျှော်လင့်ရကြောင်း ပြောဆိုထားတာပါ။

ဒေသခံတွေကတော့ ကြေးနီပြားတွေ သယ်ဆောင်လာတဲ့ ကားကြီးတွေကြောင့် ကြေးနီစတင်ထုတ်နေပြီလို့တောင် သံဿယရှိနေကြတယ်လို့ ဆိုပါတယ်။

ဒီ စီမံကိန်းကို အရင်တုန်းက ကုမ္ပဏီ ၂ ခုဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာ့စီပွားရေး ဦးပိုင် ကုမ္ပဏီလိမိတက် တို့ကသာ အကျိုးအမြတ် ခွဲဝေယူခဲ့ပြီး အစီရင်ခံစာ ထွက်အပြီးမှတော့ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG