သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးသေဆုံး


kalay city ကလေးမြို့
kalay city ကလေးမြို့

စစ်ကိုင်းတိုင်း ကလေးဒေသမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ကလေးငယ်တွေအပါအ၀င် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ အရေးပေါ်ကုသမှု ဆေးဝါးမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့လာတာကို ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

မေလ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်သားကျေးရွာကို စစ်ကောင်စီတပ်စွဲထားတဲ့ ကြံသာကျေးရွာကနေ (၈၁) မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁၁ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ၃ မိုင်လောက်သာကွာတဲ့ အကွာအဝေးကနေ ပစ်ခတ်မှုအတွင်း ၄ ဦးသေဆုံးပြီး ကျန် ၇ ဦးကလဲဒဏ်ရာ ပြင်းထန်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“လက်နက်ကြီးနဲ့ ၈၁ နဲ့ ထုတော့ အဲ့မှာ လူတွေက မိသားစု ၃ စုက အဲ့နားမှာ စုနေတော့ အစုများကြတာပေါ့ အဲ့ဒီအချိန်က၊ အဲ့ဒီမှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားကြတာပေါ့နော်။ ရသွားတော့ ကျွန်တော်တို့တွေ ပရဟိတအဖွဲ့တွေရော ရွာသူရွာသားတွေရော အကုန် စုပြီးတော့ ဆေးရုံ ဆေးခန်းတွေပို့ ပို့ပြီးတော့ တချို့သွေးလွန်တာရော၊ ပြင်းထန်တဲ့ ဒဏ်ရာတွေရောနဲ့ဆိုတော့ သေသွားတာက ၃ ယောက်ဗျ။ ပြန်တိုက်ခဲ့တော့တာပေါ့ ဆေးရုံက နေပြီးတော့မှ။ အဲ့ညက ယောက်ျားတစ်ယောက် မိန်းကလေးနှစ်ယောက်ပေါ့လေ၊ အဲ့ဒါကတော့ တခါတည်း ပြန်တိုက်ခဲ့တယ်။ မနေ့ကကျတော့ မိန်းကလေးတစ်ယောက် ထပ်ပြီးတော့မှ သေသွားပြန်တယ်။”

အညာဒေသမှာ ပြန်တိုက်လာခဲ့တယ်လို့ ပြောတာက အလောင်းကို ပြန်ယူလာတယ်လို့ ပြောတာဖြစ်ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရသူတွေကို နေရာ အဆင့်ဆင့်လွှဲပြောင်းပြီး ဆေးကုသပေးနေရတယ်လို့လည်း သူက ပြောပါတယ်။

“လက်တွေ ခြေထောက်တွေ စတီးရိုးတွေ ထည့်ရတယ်၊ ပြီးတော့ ရင်အုံ၊ ရင်ညွှန့်၊ ပြီးတော့ လက်အဖျားပိုင်းလေးတွေ အကုန်ပြတ်သွားတာ။ ပြီးတော့ တင်ပါးအပိုင်း ပေါင်တို့ ခန္ဓာကိုယ် အပိုင်းတွေပေါ့ ပြတ်တာတို့။ တော်တော်ဆိုးပါတယ်ဗျ၊ အဲ့ဒါကတော့ တစ်ချက်တည်းနဲ့ လူ ၁၁ ယောက်လောက်ကို ထိသွားတာပေါ့။ ကလေးလေးကတော့ ၂နှစ်ခွဲ တစ်ယောက် ၇ နှစ်တစ်ယောက်ဗျ။”

ကလေးမြို့ တင်သားကျေးရွာဟာ အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်း စစ်ကြောင်းတွေ၊ အခြေစိုက်စခန်းတွေကနေ မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ရွာသူရွာသားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေကြရပါတယ်။ သူတို့ကောက်ယူထားတဲ့ စာရင်းတွေအရ သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တင်သားတရွာတည်းမှာတင် ဒေသခံ အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်။

“၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ တွေက ကျွန်တော်တို့ ရွာကို အမြဲတမ်းထုတယ်။ ကျွန်တော်တို့ကို အဲ့လိုထုလို့ သေတဲ့ဟာက အခုတစ်ပတ်ကို ၄ ယောက်၊ အရင်တစ်ပတ်က တစ်ယောက်ဆို ၅ ယောက်၊ စုစုပေါင်းဆိုရင် သူတို့ တော်လှန်ကာလ အစကတည်းက ထုလာခဲ့တာ ကျွန်တော်တို့တင်သား တစ်ရွာတည်းကိုတင် ၁၀ယောက် ကျော်သွားပြီ သေတာက ဒဏ်ရာ ရတဲ့လူက အားလုံးပေါင်းရင် ၅၀ လောက်ရှိသွားပြီ။”

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကောင်စီဟာ နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကိုင်းတိုင်းဒေသတော်တော်များများက အရပ်သားပြည်သူတွေဟာ စစ်ဘေးဒဏ်အလူးအလဲခံနေရကြောင်း လူ့အခွင့်အရေးအစီရင်ခံစာတွေမှာ ဖေါ်ပြထားတာပါ။ စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ သူတို့အခေါ် အကြမ်းဖက် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကလေးမြို့နယ် တင်သားကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG