သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ်ပြည်ထောင်စုကိုမျှော်မှန်းတဲ့ စစ်ကိုင်းဖိုရမ် တနှစ်ပြည့်အခမ်းအနားကျင်းပ


ပုလဲမြို့ဆိုင်းဘုတ်ရှေ့တွေ့ရတဲ့ PDF များ
ပုလဲမြို့ဆိုင်းဘုတ်ရှေ့တွေ့ရတဲ့ PDF များ

စစ်ကိုင်းဖိုရမ် တည်ထောင်ခဲ့တဲ့ ၁ နှစ်အတွင်း အောင်မြင်မှုတချို့ ရှိခဲ့သလို အခက်အခဲတွေနဲ့လည်းကြုံခဲ့ရပြီး စစ်ကိုင်းတိုင်းရဲ့ ကြမ္မာကို စစ်ကိုင်းတိုင်းသူ တိုင်းသားတွေ ဖန်တီးခွင့်ရှိရမယ်ဆိုတဲ့ လမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းသွားမယ်လို့ ဖိုရမ်တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဒီလိုဖိုရမ်တွေ ပေါ်ပေါက်ဖို့ မျှော်လင့်တယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။ စစ်ကိုင်းဖိုရမ် ၁ နှစ်ပြည့် အကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

စစ်ကိုင်းဖိုရမ် ကျင်းပတည်ထောင်ခဲ့တာ အခု ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ဆိုရင် ၁ နှစ် ပြည့်သွားခဲ့ပါပြီ။ ဖိုရမ် တည်ထောင်ခဲ့တဲ့ ကာလတလျှောက်မှာ အခက်အခဲ တိုက်ခိုက်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဖိုရမ် ၁ နှစ်ပြည့်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းရဲ့ကြမ္မာကို စစ်ကိုင်းသူ၊ စစ်ကိုင်းသားတွေကပဲ ဖန်တီးပြီး ဖက်ဒရယ်ပြည်ထောင်စုကို သွားကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်အကောင်အထည်ဖော်ခဲ့တာလို့ စစ်ကိုင်းဖိုရမ်က သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက အခုလို ပြောပါတယ်။

"ဒီ ၁ နှစ်တောအတွင်းမှာ ကျွန်တော်တို့ အများကြီး ရုန်းကန်ခဲ့ရတာတွေ ရှိပါတယ်။ တချို့ကလည်း ပြောရမယ်ဆိုရင် ဒါက လမ်းကြောင်းအသစ်ဖြစ်တာကို အသစ်ကိုသွားတိုင်း အဟောင်းကို ဖက်တွယ်နေတဲ့ သူတွေရဲ့ အကြောက်အကန် ဆန့်ကျင်မှုတွေလည်းရှိပါတယ်။ ဗဟိုချုပ်ကိုင်မှုနဲ့ အသားကျနေတဲ့သူတွေက ရုတ်တရက် လက်မခံနိုင်ဘူးပေါ့ဗျာ။ အဲ့အခါမှာ တိုက်ခိုက်တာတွေ ဆန့်ကျင်တာတွေပေါ့၊ ဒါမျိုးတွေ မျိုးစုံ ဖြတ်သန်းခဲ့ရတာ ရှိပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့က နားလည်ပါတယ်။ ဒါတွေက ကျင့်သားမရသေးတဲ့အချိန်မှာ နိုင်ငံရေး ဓလေ့တခုကို ပြောင်းလဲ စဉ်းစားရတာဖြစ်တော့ ရုတ်တရက် လက်ခံဖို့ အသင့်မဖြစ်သေးတဲ့ အခြေအနေရှိတာပေါ့။ စစ်ကိုင်းဖိုရမ်အနေနဲ့ မည်သို့ပင်ဆိုစေ ကျွန်တော်တို့ အနေနဲ့က စစ်ကိုင်းတိုင်းရဲ့ ကြမ္မာကို စစ်တိုင်းသူ တိုင်းသားတွေ ဖန်တီးခွင့်ရဖို့အတွက် အရင်ကလည်း ဒါကိုပဲ တစိုက်မတ်မတ် စွဲကိုင်ပြီးတော့ စုဖွဲ့လျှောက်လှမ်းလာခဲ့တယ်။ ရှေ့ဆက်လည်း ဒီတိုင်းပဲ လျှောက်လှမ်းသွားမယ်ဆိုတာကို ပြည်သူကို အသိပေးချင်ပါတယ်။ နိုင်ငံရေး ယဉ်ကျေးမှုဓလေ့ အဟောင်းတွေကို စွန့်ပယ်ပြီး အားလုံး အသစ်အသစ်တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စိုကို သွားကြဖို့ ကျွန်တော်က တိုက်တွန်းချင်ပါတယ်။"

စစ်အာဏာရှင်ဖြုတ်ချပြီး ဖက်ဒရယ်နိုင်ငံ ပေါ်ပေါက်ဖို့ ဖိုရမ်ကျင်းပတာဖြစ်လို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဒီလိုဖိုရမ်တွေ ကျင်းပလာနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ကိုနွေဦးက အခုသုံးသပ်ပါတယ်။

"နွေဦးတော်လှန်ရေးအစမှာ ဒီဖက်ဒရယ်နိုင်ငံ ရချင်တယ်၊ ပေါ်ပေါက်ချင်တယ်၊ အော်ခဲ့ကြတဲ့သူတွေပဲ။ အော်ခဲ့ကြတဲ့သူတွေက အော်ခဲ့ကြတဲ့အတိုင်း ဆက်ပြီး ကြိုးစားနေတဲ့အပေါ်မှာ ဒါက ပြည်သူလူထုကို မလိမ်ဘဲ လုပ်နေတယ်ဆိုတာ သိရတဲ့အတွက်ကြောင့် ဒီအပေါ်မှာ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတခုလို့ မြင်လည်းမြင်တယ်၊ ကောင်းတယ်လို့လည်း မြင်တယ်။ ဒီဟာလုပ်လိုက်ခြင်းအားဖြင့် ကျန်တဲ့တိုင်းတွေကလည်း လုပ်လာကြဖို့ ကောင်းတဲ့အခြေအနေတွေ မျှော်လင့်မိတယ်။ "

စစ်ကိုင်းဖိုရမ်ရည်ရွယ်ချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေစုစည်းပြီး တော်လှန်ရေး ခြေတလှမ်းတက်နိုင်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှရေးတို့ကို စစ်ကိုင်းသားတွေ ရရှိရေး စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေး အစုအဖွဲ့တရပ် ပေါ်ပေါက်လာရေး စတဲ့ ရည်ရွယ်ချက်တွေကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ ၁ နှစ်ပြည့်ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းဖိုရမ် ၁ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်နဲ့ မေလ ၃၀ ရက်နဲ့ ၃၁ ရက်တို့မှာ အွန်လိုင်းကနေ ၂ ရက်ကြာကျင်းပမှာဖြစ်ပြီး ၁ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီတို့အပြင် အခြားနိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဂုဏ်ပြု သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG