သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်တံတား အကြမ်းဖက်တိုက်ခိုက်ခံရမှု ၇ ဦးသေဆုံး


ဗြိတိန်ရဲတပ်ဖွဲ့

ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ၀ါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ ၀င်ရောက် စီးနင်းမှု တခု လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။

မနေ့က လန်ဒန် တံတားနဲ့ Borough ဈေးတို့က တိုက်ခိုက်မှု အပါအ၀င် ပြီးခဲ့တဲ့ သုံးလတာ ကာလ အတွင်း ဗြိတိန်နိုင်ငံမှာ အကြမ်းဖက် ၀ါဒစွဲ တိုက်ခိုက်မှု သုံးကြိမ်ဖြစ်ခဲ့တာဟာဆိုရင် အစ္စလာမ္မစ် အစွန်းရောက် မကောင်းဆိုးရွား အတွေးအခေါ်တွေကနေ ပေါက်ဖွားလာတာလို့ ဗြိတိန် ၀န်ကြီးချုပ် Theresa May က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

"အကြမ်းဖက် ၀ါဒက အကြမ်းဖက် ၀ါဒစွဲ တိုက်ခိုက်မှုတွေကို မွေးဖွားစေပြီး ပြစ်မှုကျူးလွန်သူ လက်သည် တရားခံတွေကလည်း တဦးကနေ တဦးကို ကူးချနေကြတာ"လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။ နိုင်ငံတွင်း အကြမ်းဖက်ဝါဒကို လက်သင့်ခံမှာ မဟုတ်ပါဘူး။ လူထု ၀န်ဆောင်မှုမှာရော လူမှုအသိုင်းအ၀ိုင်း တခုလုံး အတွင်း အကြမ်းဖက်ဝါဒကို ဖော်ထုတ် ချေမှုန်းဖို့ လိုအပ်နေပါပြီ။ ရပ်တန်းက ရပ်ပါလို့ ပြောရမယ့် အချိန်ပါလို့လည်း ဗြိတိန် ခေါင်းဆောင်က ပြောဆိုသွားပါတယ်။

မနေ့ စနေနေ့ ညနေခင်းမှာ လန်ဒန် တံတားပေါ်က လူအုပ်ထဲကို ဗင်ကားတစင်း အရှိန်နဲ့ မောင်းဝင်ခဲ့ပြီးနောက် Borough ဈေးထဲကို မောင်းဝင်ပြီး ကားပေါ်က အမျိုးသား ၃ ယောက် ဆင်းလာပြီး လူတွေကို ဓားနဲ့လိုက်ထိုးတာ ဖြစ်ပါတယ်။ အရေးပေါ် ဖုန်းဝင်လာပြီးနောက် ၈ မိနစ် အတွင်းမှာဘဲ လက်နက်ကိုင် အရာရှိတွေက တိုက်ခိုက်သူ ၃ ဦးကို ပစ်သတ်ခဲ့တာလို့ ရဲအဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူတွေက အသေခံ ဗုံးခွဲသမားတွေလိုလည်း တုပ ၀တ်ဆင်ထားကြတယ်လို့လည်း ရဲက ပြောပါတယ်။ လန်ဒန်မြို့ တ၀န်းက ဆေးရုံ ၅ ခုကို လူ ၄၈ ဦးကို ပို့ဆောင်ထားတယ်လို့ လန်ဒါန် အရေးပေါ် ဌာနက တွစ်တာမှာ ကြေညာချက်ကို တင်ထားပါတယ်။ အကြမ်းဖက် ၀ါဒစွဲ တိုက်ခိုက်မှု အဖြစ် အာဏာပိုင်တို့က ကြေညာထားပါတယ်။ လန်ဒန် တံတားနဲ့ အနီးအနားက Borough ဈေးတို့က အကြမ်းဖက် ၀ါဒစွဲ တိုက်ခိုက်မှုက ဗြိတိန်နိုင်ငံမှာ ဒီလပိုင်းတွေ အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ တုန်းကလည်း Westminster တံတားပေါ်မှာ သွားလာနေကြသူတွေ အလားတူ တိုက်ခိုက်ခံခဲ့ရပြီး ပြီးတဲ့တဲ့ သတင်း ၂ ပတ်လောက်တုန်းကလည်း မန်ချက်စတာမြို့မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရလို့ ဒါဇင်နဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG