သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု - သမ္မတ သုံးဦး ရွေးချယ်


လွှတ်တော် ၂ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ် ရာမှာ၊ NLD ပါတီက အဆိုပြုထားသူနှစ်ဦးပဲ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ သမ္မတရွေးချယ်ရေး တပ်မတော်အစုအဖွဲ့ဘက်ကတော့ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတ အဖြစ် ရွေးချယ်လိုက်တာကြောင့်၊ ဒု သမ္မတ သုံးဦး ထွက်ပေါ်လာပါပြီ။ ဒီအထဲကနေမှ တဦးကို နိုင်ငံတော်သမ္မတအဖြစ် နောက်လာမယ့် သီတင်းပတ် ထဲ ပြည်ထောင်စု လွှတ်တော်မှာ ရွေးချယ်ဖို့ရှိပါတယ်။ သမ္မတရွေးချယ်မှု ဆိုင်ရာ အတွက် သတင်းယူဖို့ နေပြည်တော်ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ဒုသမ္မတအသီးသီးကို သမ္မတရွေးချယ်ရေးဆိုင်ရာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစုအဖွဲ့တွေက ဒီကနေ့မှာ မဲခွဲရွေးချယ်ခဲ့ တာဖြစ်ပါတယ်။ မနေ့က လွှတ်တော် ၂ရပ်မှာ ဒုတိယ သမ္မတလောင်း အမည်စာရင်း တင်သွင်းတာမှာ အနိုင်ရ NLD ပါတီအပြင် ကြံ့ခိုင်ရေးပါတီကပါ ဒုသမ္မတလောင်းအမည်စာရင်းတွေ တင်သွင်း ခဲ့တာ ကြောင့် အခုလို မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီလို မဲခွဲတာမှာ ပြည်သူ့လွှတ်တော် ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၃၁၇ ယောက်မှာ NLD ပါတီက တင်သွင်းတဲ့ ဦးထင်ကျော်က ၂၇၄ မဲ ရခဲ့ပြီး ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉မဲရခဲ့ပါတယ်။ ပယ်မဲကတော့ ၁၄မဲ ထွက်ခဲ့ပါတယ်။

ဒီလို NLDပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိထားတဲံအပေါ် ကြံ့ခိုင်ရေးပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် ကတော့ ရွေးချယ်မှုအပေါ် အခုလို ပြောပြပါတယ်။

" ဒါကတော့ ပါတီအနေနဲ့ ရွေးချယ်တင်မြှောက်တယ်ဆိုတာထက် ကျနော်တို့ လွှတ်တော်ထဲမှာ ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေက ရွေးချယ် ထားတဲ့ ကိုယ်စားလှယ်တွေပဲ။ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အများစုကနေ ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်ကို အားလုံးကနေ လက်ခံကြရမှာပါ။ ဒီပုဂ္ဂိုလ်ကိုပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုက ရွေးချယ်တင်မြှောက်လိုက်တာဖြစ်တဲ့အတွက် သူအကောင်းဆုံး နိုင်ငံ့အတွက် အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။"

သမ္မတရွေးချယ်ရေးဆိုင်ရာ အမျိုးသားလွှတ်တော်အစုအဖွဲ့မှာတော့ ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၁၆၇ယောက်မှာ NLD ပါတီက တင်သွင်းတဲ့ NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်တီးယူက ၁၄၈ မဲရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီ က တင်သွင်းတဲ့ အရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်မြင့် က ၁၃မဲ ရခဲ့ပါတယ်။ ပယ်မဲ ၆မဲ ထွက်ခဲ့ပါတယ်။ မဲအရေအတွက် အသာနဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့က တင်သွင်းတဲ့ ဒုသမ္မတ အဖြစ် ဦးဟင်နရီဗန်တီးယူ ကိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့မှာ လွှတ်တော် ၂ရပ်လုံးက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေ၊ နောက် လွှတ်တော် ၂ရပ်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ် စားလှယ် ၂ဦး ၊ တပ်မတော်သားဘက်က ရွေးချယ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တဦး စုစုပေါင်း ၇ဦးက စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒီစိစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း က ရွေးချယ်မယ့် စည်းမျဉ်းတွေနဲ့ပတ်သတ်ပြီး ခုလိုပြောပြပါတယ်။

" အထူးသဖြင့် နိုင်ငံသားဖြစ်မှုပေါ့ နိုင်ငံသားဖြစ်မှုမှာ ကာယကံရှင်ရဲ့ နိုင်ငံသားဖြစ်မှု၊ သူ့ရဲ့ပညာအရည်အချင်း၊ မှတ်ပုံတင်နံပတ်၊ သူ့ရဲ့အလုပ်အကိုင်ပါမယ်။ ဒါတွေကို စစ်ဆေးမယ်။ နောက် သူ့ရဲ့ မိသားစု၊ ဇနီးခင်ပွန်း၊ နောက်တခါ သားသမီးတွေ သူတို့ဟာ နည်းဥပဒေ မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စစ်ဆေးသွားမယ်။ ဒါဟာ ပထမဆုံးအချက်ပေါ့နော်။

ဒုတိယသမ္မတကျတော့ ထပ်ပြီးတော့ ပိုပြီးတော့ နည်းနည်းလေး အသေးစိတ် ပိုပြီးတော့ စစ်ဆေးတဲ့သဘောပဲ ဖြစ်မှာပါ။ သူတို့ ဥပဒေတွေ နည်းဥပဒေတွေ ဖော်ပြ ထားတဲ့ အတိုင်းပဲ ပုဒ်မ ၂၆ ၊ ပုဒ်မ ၂၇၊ ပုဒ်မ ၂၈ တို့ ဖော်ပြထားပါတယ်။ ဒီအတိုင်းစစ်ဆေးရမှာပါ။ လိုအပ်လို့ရှိရင် ကာယကံရှင်ကို မေးရမှာပေါ့။ နောက်လိုအပ်လို့ရှိရင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေကိုလည်း မေးဖို့လိုတယ်။ ဒီဟာကတော့ ဒီလိုစစ်ဆေးမယ့်ပုံစံတွေ ရှိပါတယ်။ အဲ့ဒီ့အတိုင်းပဲ ကျနော်တို့ စစ်ဆေးသွားဖို့ရှိပါတယ်။"

လက်ရှိချိန်မှာ တပ်မတော်အစုအဖွဲ့က သူတို့ဘက်ကရွေးတဲ့ ဒုသမ္မတအဖြစ် လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒီကနေ့ဘဲရွေးချယ်လိုက်ပါတယ်။ ဒီလိုရွေးချယ် လိုက်တဲ့ အပေါ်မှာ ဝေဖန်မှုတွေထွက်ပေါ်နေတာတွေလည်းရှိပါတယ်။

တပ်မတော်ဘက်က ရွေးချယ်လိုက်တဲ့ ဒုသမ္မတနဲ့ ပတ်သတ်ပြီး မြန်မာ့နိုင်ငံရေးလေ့ လာ သုံးသပ်သူ ဦးစည်သူအောင်မြင့်က ခုလိုသုံးသပ်လိုက်ပါတယ်။

" တကယ်က အခု အာဏာအလွှဲအပြောင်းမှာဆိုရင် အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ တော်တော်များများက သမ္မတနဲ့ ဒီ NLD အစိုးရ လက်ထဲ ကို ရောက်လာလိမ့်မယ်လို့ ဆိုတဲ့အခါကျတော့ အရင် စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ နောက် သူတို့ကျန်ရစ်သွားတဲ့ အကျိုးစီးပွားကိစ္စတွေက အများကြီး ကျန်ရစ်တယ်။ ဆိုတော့ ဒီဟာတွေကို ပြန်ပြီးတော့ ကာကွယ်ဖို့ ပြန်ပြီးတော့ ကိုယ်တွယ်ဖို့ ဆိုရင် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းဝန်ကြီးချုပ် အဆင့်လောက်တွေ ရာထူးရထားရင်လည်း ကိုင်တွယ်လို့ရတယ်။ ဒါပေမဲ့ အဲ့တာတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းလို့မရဘူးနဲ့ တူပါတယ်။ ညှိနှိုင်းလို့မရတော့ ဒါတွေကို ကိုင်တွယ်နိုင်တဲ့ နေရာဟာ ဒုသမ္မတ (၁) ရဲ့ နေရာပဲ ဖြစ်တယ်။ ဒုသမ္မတ (၁)က ကိုင်တွယ်နိုင်တဲ့အခါကျတော့ ဗိုလ်ချုပ်မြင့်ဆွေ က အရင်စစ်အစိုးရ လက်ထက်ကတည်းက တာဝန်တွေလည်း ကြီးကြီးမားမား ယူခဲ့တယ်။ လက်ရှိ အချိန်အထိလည်း အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့မှ အများကြီး ကိုယ်တွယ် ထားတဲ့ဟာတွေ ရှိတဲ့အခါကျတော့ သူ့ကို အဓိက ထားပြီးတော့ ကာကွယ်စောင့်ရှောက်ဖို့ သူ့ကို ဒုသမ္မတ ခန့်လိုက်တယ်လို့ ထင်ပါတယ်။"

ခုချိန်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့တပ်မတော်အစုအဖွဲ့တို့ကနေ ဒုသမ္မတတဦးစီ ရွေးချယ်ပေးလိုက်တာကြောင့် မကြာခင်မှာ ဒီဒုသမ္မတ တွေကို သမ္မတအရည်အချင်းနဲ့ပြည့်မှီခြင်း ရှိမရှိစိစစ်သွားမှာပါ။ ဒီလိုစစ်ဆေးပြီးရင် မဲခွဲကာ မဲအများဆုံးရသူကို နိုင်ငံတော်သမ္မတရွေးချယ်သွားမှာ ဖြစ်တာကြောင့် လာမယ့် မတ် ၁၅မှာ ပြည်ထောင်စု လွှတ်တော် ကျင်းပကာ နိုင်ငံတော် သမ္မတရွေးချယ်သွားဖို့ရှိပါတယ်။

XS
SM
MD
LG