သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်တွင်း တင်းမာ


တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့။
တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့။

အစိုးရအာဏာ အလွှဲအပြောင်း မလုပ်ခင် စပ်ကြား နိုင်ငံတော် စီမံကိန်းနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အလျင်စလို ကိုင်တွယ်ဆောင်ရွက်နေတာကို ကန့်ကွက်တဲ့ အဆိုအပေါ် ကိုယ်စားလှယ်အများစုက သဘောတူ တာကြောင့် ပြည်သူ့လွှတ်တော် မှာ အတည်ပြုခဲ့ပေမဲ့ အတည်ပြုချက်အပေါ် ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးနေစဉ် တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်တွင်း တင်းမာခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုဖြစ်တဲ့ နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲအပြီး လက်ရှိဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းတွေကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်တွေကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတတွေကို လိုအပ်တဲ့ ဆောင်ရွက် မှုတွေ၊ သဘောတူညီမှုတွေ မလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှုတွေ ကို နိုင်ငံတော်နဲ့ နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေး ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းတဲ့ အဆိုကို ကြာသပတေးနေ့ က တင်သွင်းခဲ့တာပါ။ သောကြာနေ့ မှာတော့ ဒီအဆိုကို ဆက်လက်ဆွေးနွေးရာ လွှတ်တော်တွင်း အခြေအနေ တင်းမာမှုတွေဖြစ်ပြီး မဲခွဲဆုံးဖြတ်တာကြောင့် တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒီနေ့လွှတ်တော်တွင်း အခြေအနေကိုတော့ အဆိုတင်သွင်းတဲ့ ပုလဲ အမတ် ဒေါ်ခင်စန်းလှိုင် က အခုလိုပြောပြခဲ့ပါတယ်။

" လွှတ်တော်ထဲမှာ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်က ဆွေးနွေးတယ်။ အဲ့တာ သူတို့က လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်ဘက်က ဆွေးနွေးတာကို သူတို့ဘက်က မကျေမနပ်ဖြစ်ပြီးတော့ တပ်မတော်သားတယောက်က ထကန့်ကွက်တယ်။ တယောက်က ထ ကန့်ကွက်တာကို မကျေနပ်လို့ဆိုပြီး အကုန်လုံးက တပြိုင်နက်တည်း ထပြီးတော့ ကန့်ကွက်ကြတယ်။ ဒီနေ့လည်း လွှတ်တော်က တခါတည်း ဆုံးဖြတ်ချက် ချလိုက်ပြီလေ။ အဆိုတင်တာ အောင်မြင်ပြီး လွှတ်တော်က မှတ်တမ်းတင် ထားရှိတာ။"

စေတုတ္ထရာမြို့နယ်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒီအဆိုကို ထောက်ခံကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးနေချိန်မှာပဲ လွတ်တော်ထဲမှာ ၂၅ရာခိုင်နှုံးရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်များအားလုံးက ကြားဖြတ်ကာ မတ်တပ်ရပ် ကန့်ကွက်ခဲ့တဲ့ အတွက် လွှတ်တော် ဥက္ကဋ္ဌက တပ်မတော်သား ကိုယ်စားလှယ်တွေကို တင်ပြခွင့်ပေးခဲ့ပါတယ်။

လွှတ်တော်တွင်း ဒီအဆိုကို ကန့်ကွက်မူတွေ၊ ထောက်ခံမူတွေ လုပ်နေတဲ့ တချိန်တည်းမှာ တပ်မတော်သားကိုယ်စားလှယ်တွေ အားလုံးက မတ်တပ်ရပ် ကန့်ကွက်မှုဟာ ဒုတိယအကြိမ် ကျင်းပတဲ့ လွှတ်တော်မှာ ပထမဦးဆုံးအကြိမ် ထူးထူးခြားခြား ဖြစ်ပွားခဲ့တာပါ။

ဒီအဆိုကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က လွှတ်တော်တွင်းမှာ အခုလိုကန့်ကွက်ခဲ့ပါတယ် ။

" ဒါကို ကျနော်တို့ လွှတ်တော်က အဆိုတရပ်အနေဖြင့် အတည်ပြု တင်သွင်းလိုက်ခြင်း အားဖြင့် နှစ်ဖက် အဖွဲ့အစည်းများအား ကောင်းသော လုပ်ဆောင်ခြင်း မဖြစ်ပဲ အမျိုးသား ရင်ကြား ပိုမိုကွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။"

ဒုတိယအကြိမ်လွှတ်တော်က လွတ်တော်ကိုယ်စားလှယ်တွေ အဆိုပြုထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့သက်ဆိုင်ရာဝန်ကြီးဌာနတွေက လွှတ်တော်မှာ လာရောက်ရှင်းပြဖို့အတွက် လွှတ်တော်မှာတင်ပြခဲ့ပေမဲ့ လက်ရှိအစိုးရကတော့ အရင်အစိုးရက အရင်လွှတ်တော်ကိုပဲ တာဝန်ခံတာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ ဒါအပြင် နောက်လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ ဆက်တိုက်တင်လာတဲ့ အတွက် လက်ရှိ အစိုးရအနေနဲ့ တက်ရောက်ဆွေးနွေးဖို့ဆိုင်းငံ့ ထားတယ် လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောဆို ထားပါတယ်။

ဒီလို ပြောဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်ခင်စန်းလှိုင်က အခုလိုပြောဆိုသွားပါတယ်။

" ပထမအကြိမ် လွှတ်တော်ဖြစ်ဖြစ်၊ ဒုတိယအကြိမ် လွှတ်တော်ဖြစ်ဖြစ် ဝန်ကြီးဌာနတွေအနေနဲ့က လေးလေးစားစားနဲ့ ပြည်သူလူထုက သိချင်နေတဲ့ အချက်လေး ကို ပြည်သူလူထု ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်းရ တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တကယ်တမ်းက ဒါလေးက ပြန်လည်ပြီး လာဖြေကြားမယ်ဆိုရင် အင်မတန်မှ ကောင်း တာပါပဲ။ ပြည်သူလူထု ကလည်း ဝန်ကြီးဌာနတွေက ဒီလိုမျိုး တိတိကျကျ ဖြေကြား တယ် ဆိုတာကိုလည်း လိုချင်တယ်။ အဲ့တာကိုလည်း သိချင်နေတယ်ဆိုတဲ့ အခြေအနေ တခုပါ။"

အစိုးရသစ် မတက်လာခင်မှာ သိသာထင်ရှားစွာနဲ့ အလျင်စလို လုပ်ဆောင်နေတယ် လို့ စွပ်စွဲခံနေရတဲ့ကိစ္စကတော့ ကချင်ပြည်နယ် တွင်းမှာ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို စက်အင်အား၊ လူအင်အားအများအပြားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို ထောက်ပြဝေဖန်မူတွေရှိနေတာပါဒီလို တူးဖော်နေတာကြောင့် မြေစာပုံတွေ ပြိုကျပြီး လူတွေသေဆုံးမူတွေ ရှိနေတာကြောင့် ဒေသခံတွေက ကန့်ကွက်ရတဲ့အထိ တင်းမာခဲ့ပါတယ်။ ဒါ့အပြင် သံယံဇာတ တူးဖော်နေတဲ့ ကိစ္စတခုဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဟာ မေလမှာ ကြေးနီ စထုတ်လုပ်တော့မယ် လို့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ပြောဆိုတဲ့အတွက် ဒီကိစ္စတွေဟာလည်း စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့အစီရင်ခံစာ အတိုင်း အပြည့်အဝ လိုက်နာမူမရှိဘူး လို့ ဝေဖန်ခံနေရ တာဖြစ်ပါတယ်။

XS
SM
MD
LG