သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IT အသုံးပြုမှုကို ထိန်းကွပ်သင့်သလား


ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

မြန်မာနိုင်ငံမှာ I.T နည်းပညာကို တလွဲ သုံးစွဲနေမှုအပေါ် စောင့်ကြည့်ထိန်းကြောင်းပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော် မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစိုးရဘက်က စောင့်ကြည့်ဖို့ ပြင်ဆင်နေကြောင်း ပု့ိဆောင်ဆက်သွယ်ရေးဝန်ကြီးက လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ NLD အစိုးရရဲ့ ဒီခြေလှမ်းအပေါ် ကန့်ကွက်ဝေဖန်နေကြသလို၊ ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်မိကြောင်း I.T နည်းပညာရှင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြလိုက်ကြပါတယ်။ အသေးစိတ်ကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

လူငယ်လူရွယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေမှုနဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် I.T နည်းပညာ တလွဲ သုံးစွဲမှုကို လိုအပ်သလို ထိန်းကြောင်းပေးနိုင်ရန် အစိုးရအားတိုက်တွန်းခြင်း ဆိုတဲ့အဆိုကို NLD ပါတီ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က တင်သွင်းခဲ့ပြီး နိုဝင်ဘာလ(၈)ရက်နေ့ ပြည့်သူ့လွှတ်တော်မှာ အမတ်(၅)ဦးက အပြန်အလှန်ဆွေးနွေး ခဲ့တာပါ။

မကွေးတိုင်း မင်းဘူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းကတော့ ဒီအဆိုဟာ ပြည်သူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်သလို၊ လူမှုကွန်ယက်မီဒီယာ တလွဲသုံးစွဲမှုကို ပြဌာန်းထားပြီးသား အခြားဥပဒေပုဒ်မတွေနဲ့ အရေး ယူဆောင်ရွက်နိုင်ကြောင်း အကြံပြုသွားပါတယ်။

" နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေနဲ့မဆန့်ကျင်စေဖို့လည်း လိုအပ်သလို အချို့ကိစ္စရပ်များကို ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ဆောင်ရွက်လို့ရနိုင်ပါကြောင်း အကြံပြုဆွေးနွေး တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။"

ဒါ့ပြင် လူမှုကွန်ယက်မီဒီယာ သုံးစွဲမှုကို ကြားဖြတ်စောင့်ကြည့်မှုဟာ ဒီမိုကရေစီ စံချိန်စံညွှန်းကို ထိခိုက်စေလိမ့်မယ်လို့ ဝေဖန်ထောက်ပြ ဆွေးနွေးသူလည်းရှိပါတယ်။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းထဲ ဆိုးကျိုးတွေကို တားဆီးနိုင်ဖို့ ဒီအဆိုကို အောက်တိုဘာ (၂၅)ရက်နေ့မှာ တင်သွင်းခဲ့ကြောင်း ဂန့်ဂေါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။

" ကျမ ဒီအဆိုကို တင်ခဲ့တာဟာ ပြည်သူလူထုရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကိုလည်းကောင်း သတင်းအချက်အလက်ရယူပိုင်ခွင့်ကိုလည်းကောင်း ထိခိုက်စေချင်လို့မဟုတ်ပါဘူး။ လျှင်မြန်စွာနဲ့ တိုးတက်လာတဲ့ အိုင်တီနည်းပညာ သုံးစွဲမှုကနေ သတင်းအမှားများ အမုန်းစကားများ ပျံ့နှံ့ခြင်းတွေကို သာ တားဆီးနိုင်သည့် နည်းပညာရဲ့ အကျိုးကျေးဇူးကို ပြည်သူတို့အပြည့်အဝရရှိစေဖို့အတွက် ဒီအဆိုကို တင်ခဲ့တာဖြစ်ပါတယ်။"

ဒေါ်ယဉ်မင်းလှိုင် တင်သွင်းတဲ့အဆိုနဲ့ပတ်သက်လို့ အစိုးရဘက် ဘယ်လို ပြင်ဆင်ဆောင်ရွက် နေသလဲဆိုတာကိုတော့ ပု့ိဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်မှာ ခုလို ပြောဆိုသွားပါတယ်။

"သက်ဆိုင်ရာအဖွဲ့အစည်းတခုက စောင့်ကြပ်ကြည့်ရှု့ဖော်ထုတ်အရေးယူခြင်း ဆိုတဲ့ တခုကို ကျနော်တို့ လုပ်ဖို့ရာအတွက် ကျနော်တို့ ဝန်ကြီးဌာနနဲ့ သမ္မတရုံးနဲ့ ရှေ့နေချုပ်ရုံး တို့နဲ့ အားလုံးညှိနှိုင်းပြီးတော့ Monitoring လုပ်ဖို့အဖွဲ့ ခုနက ပုဂ္ဂိုလိကအခွင့်အရေးကို ကာကွယ်တဲ့ဥပဒေကိုလည်း မထိခိုက်စေပဲ အခြေခံဥပဒေပါ အချက်အလက်တွေ ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကိုလည်း မထိခိုက်စေပဲ ကျနော်တို့ရဲ့တာဝန်နဲ့အညီ ဆောင်ရွက်ထားလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဒီနေရာမှာ ခုနကတုန်းက ကော်မတီတခုတည်း ဝန်ကြီးဌာနတခုတည်း အစိုးရတဖွဲ့တည်းနဲ့ ဆောင်ရွက်လို့မရပဲနဲ့ အားလုံးပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာသာလျှင် အိုင်တီနည်းပညာအလွဲသုံးမှုတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။"

ဒီအဆိုဟာ လူမှုကွန်ယက်မီဒီယာ သုံးစွဲမှုများတဲ့ လူငယ်တွေကို ထိန်းချုပ်သလို ဖြစ်လာနိုင်တာကြောင့် နိုင်ငံတော်က ကော်မတီတရပ်ဖွဲ့ပြီး စောင့်ကြည့်မယ့် အစီအစဉ်ဟာ မဖြစ်သင့်ကြောင်း ကန့်ကွက်လိုက်ပြီး၊ Cyber Law တရပ်ရေးဆွဲ ပြဌာန်းကာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း I.T နည်းပညာရှင် တဦးလည်းဖြစ် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးနေဘုန်းလတ်က ဝေဖန်လိုက်ပါတယ်။

"သီးခြားကြီးကို ကော်မတီဖွဲ့ပြီးတော့ စောင့်ကြည့်နေစရာမလိုဘူးလို့ ကျနော်ထင်တယ်။ အဲ့တာကလေ ဘယ်လိုသုံးသင့်တယ် ဒီဟာရဲ့ သဘောသဘာဝတွေက ဘယ်လိုရှိတယ် ဆိုတာကိုပဲ ကျနော်တို့က အသိပညာပေးတဲ့အလုပ်ကိုပဲ ကျနော်ကတော့ လုပ်စေချင်တယ် အခုဟာက အာဏာကြီးကို သုံးပြီးတော့ လူငယ်တွေကို ပြန်ပြီးတော့ ထိန်းကျောင်းမယ် ထိန်းကွပ်မယ်ဆိုတာ လူငယ်ထုကြားထဲမှာ အောင်မြင်မှာမဟုတ်ဘူး။ အဓိက Cyber Law ကို ရေးဖို့လိုမယ် အွန်လိုင်းပေါ်မှာ အသရေဖျက်တာမျိုး လူတွေကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်တာမျိုး နောက်ပြီး Cyber Attack လုပ်တာမျိုးတွေ Personal attack လုပ်တာတွေ Cyber Crime ပေါ့နော် အဲ့တာအားလုံးကို ကိုင်တွယ်ဖို့က Cyber Law တခုလိုတယ်။ ပြီးတော့ အဲ့ဒီ့ဥပဒေအတိုင်းပဲ ရဲဌာနက ဒါနဲ့ပတ်သက်ပြီးတော့ တိုင်ကြားမှုတွေကို ဆိုင်ဘာနည်းပညာအရ လိုက်တာပေါ့နော် Cyber Law ဆိုပြီး သီးခြားရှိမှ ဒီပြဿနာတွေက ပြေလည်မှာ။"

ICT နည်းပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေတဲ့ (Myanmar ICT for Development Organization) MIDO အဖွဲ့က မထိုက်ထိုက်အောင် ကတော့ ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်မိကြောင်း ပြောပါတယ်။

" အဲ့ဒီ့လိုမျိုး ဆိုရှယ်မီဒီယာကို စောင့်ကြည့်တာတို့ ဘာတို့ကလေ ကျမတို့ အဓိက နှစ်ချက်ကို စိုးရိမ်တာ။ ပထမတချက်ကတော့ လူတွေရဲ့ ပုဂ္ဂိိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ပေါ့နော် ဘယ်လောက်ရှိမှာလဲ။ နောက်တခုက Freedom of Expression ဘယ်လောက်အထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိမှာလဲ။ အဲ့လိုမျိုး စောင့်ကြည့်လေ့လာတာတွေ လုပ်လာပြီဆိုလို့ရှိရင် အွန်လိုင်းမှာ နိုင်ငံရေးအရ ဆွေးနွေးချင်တာတို့ Debate ဒီဘိတ်လုပ်ဖို့ ဆွေးနွေးလို့ လုပ်ချင်တာတွေက လျော့နည်း လာလိမ့်မယ်ဆိုတော့ အဓိက အဲ့နှစ်ချက်ပေါ့နော် တော်တော်လေး စိတ်ပူစရာဖြစ်တယ်ပေါ့။ နောက်တခုက သူတို့ တကယ်ကို စောင့်ကြည့်တော့မယ် ဆိုလို့ရှိရင် အလွဲသုံးစားတာတွေ မဖြစ်စေလိုတာ အဓိကပဲ။"

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းခဲ့သလို၊ ၂၀၀၄ ခုနှစ်တုန်းကလည်း အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဥပဒေကိုပြဌာန်းထားပြီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူမှုကွန်ယက်မီဒီယာသုံးစွဲသူ အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလဲပါဝင်ပြီး Facebook သုံးစွဲသူက (၁၂)သန်းဝန်းကျင် ရှိပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG