ယခင်ဆိုဗီယက်သမ္မတနိုင်ငံတွေဆိုတာဟာ အချုပ်အခြာ အာဏာပိုင်တဲ့နိုင်ငံတွေမဟုတ်ဘူးလို့ ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြင်သစ်ရုပ်သံတခုမှာ ပြောဆိုခဲ့တဲ့အပေါ် ဘောလ်တစ်ဒေသ နိုင်ငံသုံးနိုင်ငံက အပြင်းအထန်ကို ဝေဖန်ရှုတ်ချကြပါတယ်။
တရုတ်သံအမတ်ကြီး Lu Shaye ရဲ့ ပြောဆိုချက်ကို လက်မခံနိုင်ဘူးလို့ အက်စတိုနီးယား၊ လစ်ဗီယားနဲ့ လစ်သူယေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက သီးခြားကြေညာချက်တွေ အသီးသီးထုတ်ခဲ့ကြတာပါ။ ခရိုင်မီးယားဒေသဟာ ယူကရိန်းပိုင်လို့ ယူဆလားဆိုပြီး ပြင်သစ်ရုပ်သံက မေးမြန်းခဲ့ရာမှာ တရုတ်သံအမတ်ကြီးက ဖြေကြားသွားတာပါ။
ယူကရိန်းနိုင်ငံတွင်းက ခရိုင်မီးယားဒေသကို ၂၀၁၄ ခုနှစ်က ရုရှားက သိမ်းယူခဲ့ပြီး ဒီအပေါ် ဒါဟာ တရားမဝင်ဘူးလို့ ကမ္ဘာ့နိုင်ငံအများစုက ရှုတ်ချခဲ့ပါတယ်။ နိုင်ငံတကာဥပဒေအရဆိုရင် ခရိုင်မီးယားဒေသဟာ ယူကရိန်းရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ရုပ်သံအစီအစဉ်တင်ဆက်သူက မှတ်ချက်ပြောဆိုတဲ့နောက် တရုတ်သံအမတ်ကြီးက ဘော်တစ်ဒေသ သုံးနိုင်ငံအပါအဝင် ယခင် ဆိုဗီယက်သမ္မတနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြောသွားပါတယ်။
ဘော်လတစ်ဒေသသုံးနိုင်ငံဟာ ၁၉၉၁ ထဲမှာ ဆိုဗီယက်ပြည်ထောင်စုကနေ လွတ်မြောက်လာကြတာပါ။ ဒီတိုင်းပြည်တွေကို အချုပ်အခြာပိုင် နိုင်ငံအဖြစ် သတ်မှတ်ပြဌာန်းတဲ့ နိုင်ငံတကာသဘောတူညီချက် မရှိဘူးလို့ တရုတ်သံအမတ်ကြီးက ပြောခဲ့ပါတယ်။
ယူကရိန်းငြိမ်းချမ်းရေးအတွက် တရုတ်က ကြားဝင်ဆောင်ရွက်တဲ့အပေါ် ဘော်တစ်နိုင်ငံတွေက ဘာကြောင့်မယုံဘူးလဲဆိုရရင်တော့ အခု ပြောတာကိုကြည့်ပါ။ ခရိုင်းမီးယားဟာ ရုရှားပိုင်ဖြစ်ပြီး ကျနော်တို့ တိုင်းပြည်နယ်စည်းတွေဟာ ဥပဒေအခြေခံအရ သတ်မှတ်ပြဌာန်းမထားဘူးလို့ တရုတ်သံအမတ်ပြောသွားတာပဲ ကြည့်ပါ ဆိုပြီး လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီးက သူ့ကိုယ်ပိုင် tweeter အကောင့်မှာ ရေးသားခဲ့ပါတယ်။
တရုတ်သံအမတ်ရဲ့ မှတ်ချက်စကားဟာမှားယွင်းပြီး သမိုင်းကိုအဓိပ္ပါယ်ပြန်ဆိုတာလည်း တလွဲဖြစ်နေတယ်လို့ အက်စတိုနီယား နိုင်ငံခြားရေးဝန်ကြီးကပြောသလို ဒီမှတ်ချက်ကို လုံးဝ လက်ခံလို့မရဘူးလို့ လစ်ဗေးရီယား နိုင်ငံခြားရေးဝန်ကြီးကလည်း တုံ့ပြန်ထားပါတယ်။ ဒီမှတ်ချက်စကားကိုဖြေရှင်းပေးဖို့ သက်ဆိုင်ရာတရုတ်သံအမတ် ဒါမှမဟုတ် ကိုယ်စားလှယ်အဆင့်ကို ဘော်တစ်ဒေသ သုံးနိုင်ငံ နိုင်ငံခြားရေးဌာနတွေက ဆင့်ခေါ်မယ်လို့ သိရပါတယ်။
ဒီ သုံးနိုင်ငံလုံးဟာ နှစ် ၅၀ ကြာ ဆိုဗီယက်အုပ်ချုပ်မှု ပြိုကွဲအပြီး ၁၉၉ ၁ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့နောက် EU ဥရောပသမဂ္ဂရော နေတိုး မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာကြပါတယ်။ တရုတ်သံအမတ်ရဲ့ ဒီမှတ်ချက်စကားအပေးမှာ စိုးရိမ်မကင်းကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာနကလည်း ဖော်ပြပြီး ဒါဟာ တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို ထပ်ဟပ်သလားဆိုပြီးတော့လည်း မေးခွန်းထုတ် ထားပါတယ်။
EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borell ကလည်း တရုတ်သံအမတ်ရဲ့ ဒီမှတ်ချက်စကားဟာ လက်ခံလို့မရဘူးလို့ တနင်္ဂနွေနေ့မှာ ဝေဖန်တုံ့ပြန်ပါတယ်။ ဒါဟာ တရုတ်အစိုးရမူဝါဒကို ကိုယ်စားမပြုဘူးလို့ EU အနေနဲ့ ယူဆတယ်လို့လည်း သူ့ တွစ်တာအကောင့်မှာ ရေးပါတယ်။