သုံးရလွယ်ကူစေသည့် Link များ

Unity Journal နဲ့ ဖြစ်တဲ့ကိစ္စ ပွင့်လင်းမြင်သာမှု အဓိက


ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ် သတင်းဂျာနယ်
ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ် သတင်းဂျာနယ်
ပြည်တွင်းသတင်းဂျာနယ် Unity မှာ ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ တာဝန်ခံ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူတာဟာ အာဏာပိုင်တွေဘက်က ကာကွယ်ရေး ဆိုင်ရာ သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေ အပေါ်မှာ ပွင့်လင်းမြင်သာစွာ ရှင်းလင်းထားခြင်း မရှိတဲ့အတွက်ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။ စက်ရုံတားမြစ်နယ်မြေ ကန့်သတ်ချက်နဲ့ပတ်သက်ပြီးလည်း ဥပဒေကြောင်းရာတွေကို အများပြည်သူ သိသာမြင်သာအောင် ရှင်းရှင်းလင်းလင်း ဖော်ပြရှင်းလင်းထားတာ မရှိဘူးလို့လည်း လေ့လာ အကဲခတ်သူတွေကပြောပါတယ်။ အခုလို Unity ဂျာနယ်က စာနယ်ဇင်းသမားတွေ အပေါ် အာဏာပိုင်တွေဘက်က အရေးယူ အမှုဖွင့်လိုက်တာနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ်ထုတ် ပြည်တွင်းသတင်း ဂျာနယ်မှာ “ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံ” ဆိုတဲ့ ခေါင်းစီးနဲ့ မကွေးတိုင်း ပေါက်မြို့နယ်ထဲက အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထုတ်ဝေခဲ့လို့ဆိုပြီး ဒီသတင်းဟာ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်၊ စက်ရုံတားမြစ်နယ်မြေကို ခွင့်ပြုချက်မရှိဘဲနဲ့ ချဉ်းကပ်တယ်၊ ကြည့်ရ၊ူ ကျော်ဖြတ၊် ဝင်ရောက် ဓာတ်ပုံရိုက်ယူတယ်ဆိုပြီး သတင်းရေးသားတဲ့ နယ်သတင်းထောက်အပါအဝင် သတင်းဂျာနယ်တိုက်ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်ငါးဦးကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အခုလိုမျိုး အစိုးရက ဒီသတင်းစာနယ်ဇင်းသမားတွေကို ပေါက်မြို့မ ရဲစခန်းမှာ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ဆောင်ရွက်နေတဲ့အပေါ် ဖြစ်လာနိုင်တဲ့ ဥပဒေဆိုင်ရာ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ ဥပဒေပညာရှင် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။

“အစိုးရလျှို့ဝှက်လုပ်ငန်းအက်ဥပဒေဆိုတာကတော့ ၁၉၂၃ခုနှစ် အင်္ဂလိပ်ကိုလိုနီလက်ထက်က မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ အစိုးရရဲ့ လုပ်ငန်းတွေကို ပြင်ပကို မပေါက်ကြားအောင် နောက်ပြီးတော့ အစိုးရရဲ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်အသီးသီးကို မသိသင့်တဲ့သူတွေ မသိအောင်၊ တားမြစ်ထားဖို့အတွက် ဆောင်ရွက်ထားတဲ့ ကိစ္စဖြစ်ပါတယ်။ အဲ့တော့ ဒီလိုမျိုး ဥပဒေနဲ့ တားမြစ်ထားတဲ့ ဥစ္စာတွေက စစ်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ နောက်ပြီးတော့ တခါ အပြင်လူမဝင်ရ တပ်ပိုင်နယ်မြေ၊ အဖြစ်သော်လည်းကောင်း၊ စက်ရုံဧရိယာ အဖြစ်သော်လည်းကောင်း၊ ကြေညာထားတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားတဲ့ ကြားထဲက ဝင်လာတယ်ဆိုလို့ရှိရင်တော့ ဒီဥပဒေပါ ပြဌာန်းချက်တချို့နဲ့ ငြိစွန်းနိုင်တယ်လို့တော့ ကျနော်တို့ ယူဆလို့ရပါတယ်။”

အခုလိုမျိုး သတင်းသမားတွေအပေါ် အာဏာပိုင်တွေဘက်က နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုတဲ့အပေါ် ခုခံချေပနိုင်ခြင်း နဲ့ အမှုရင်ဆိုင်ရာမှာ ဖြစ်လာနိုင်ခြေရှိတဲ့ ဥပဒေပိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ပတ်သက်လို့လည်း ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။

“ပြည်ပတွေကို ပေးပို့တာမဟုတ်ပဲနဲ့၊ ပြည်သူလူထုသိရအောင် သတင်းအချက်အလက် ထုတ်ပြန်တယ်ဆိုလို့ရှိရင်တော့ ဒီဥစ္စာက ကျနော်တို့အနေနဲ့ ဂျာနယ်လစ်တွေ အပေါ်မှာ အရေးယူတာဟာ ပြင်းထန်လွန်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီကို ကူးပြောင်းနေတဲ့ ကာလဖြစ်ပြီဆိုလို့ရှိရင် မိမိတို့နိုင်ငံမှာ လုပ်နေတဲ့ ပရော့ဂျက်တွေ မှန်သမျှ လည်ပတ်နေတဲ့ စက်ရုံကိစ္စရပ်မှန်သမျှ အစိုးရဘက်က ပွင့်ပွင့်လင်းလင်း တင်ပြပြောဆိုဖို့လိုတယ်။ ဒီလိုမျိုး ဥပဒေနဲ့ အရေးယူခြင်း ခံရတယ်ဆိုတာက ကျနော်တို့ ဒီသတင်းထောက်တွေအပေါ်မှာ ဆက်လက်ပြီးတော့ ဖိနှိပ်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက်တယ်လို့ပဲ ထင်မြင်ယူဆပါတယ်။”

ဒီလိုတပ်ပိုင်းဆိုင်ရာ လျှို့ဝှက်လုပ်ဆောင်နေမှုတွေအပေါ် အများက ထင်ယောင် ထင်မှားဖြစ်စေတယ်ဆိုရင်လည်း အများပြည်သူ နားလည်သဘောပေါက်အောင် ဥပဒေပိုင်းတွေကို ရှင်းလင်းပြသင့်တယ်လို့လည်း စစ်ထောက်လှမ်းရေး အရာရှိချုပ်ဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ထောက်ပြပြောဆိုပါတယ်။

“ ကျနော်တို့ တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ မလာရဆိုပြီး တားမြစ် နယ်မြေမှာ ဆိုင်းဘုတ် တပ်ထားရင်တော့လည်း အထဲကို ဝင်မယ်ဆိုရင် တားမြစ်တဲ့ နယ်မြေကို ချိုးဖောက်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီလောက်ပြစ်ဒဏ် ကြီးကြီးမားမားနဲ့ အရေးယူစရာအကြောင်းမရှိဘူးလို့ ကျနော်မြင်တယ်လေ။ ကျနော်တို့ခေတ်တုန်းကတော့ ကာကွယ်ရေး ပစ္စည်းစက်ရုံက လေး၊ ငါး၊ ခြောက်ခုလောက်ပဲ ရှိပါတယ်။ အခု ၂၄၊ ၂၅လောက်ဖြစ်လာတဲ့ သဘောမှာတော့၊ အများကြီးတိုးချဲ့လာတယ်။ တိုးချဲ့လာတဲ့အပိုင်းမှာလည်း တော်တော်လေး လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်လာတဲ့ အပိုင်းတွေရှိပါတယ်။ အဲ့တော့ အနာပေါ်တုတ်ကျတဲ့ပုံစံမျိုးပေါ့လေ။ဘာမှ မည်မည်ရရ သတင်းပေါက်ကြားတဲ့ အနေအထားမျိုး မရှိဘူး။ ဒါပေမဲ့ ငါတို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ လာပြီးတော့ ထိရင်တော့ မင်းတို့ကို ဆော်မယ် ဆိုတဲ့ဟာမျိုးက အားလုံးကို စိန်ခေါ်လိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်ခင်ဗျ။”

အခုလို သတင်းသမားတွေကို ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေတဲ့ အပေါ် မြန်မာအစိုးရဟာ အရင် စစ်အစိုးရလိုပဲ အာဏာရှင်ဆန်ဆန် ပြုမူနေဆဲ ဆိုတာကို ပြနေတယ်လို့ ကမ္ဘာတဝန်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJက ဝေဖန်လိုက်ပြီး သတင်းထောက်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
XS
SM
MD
LG