သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းထိန် ပြောကြားချက် မဘသ စောင့်ကြည့်


ဦးဝင်းထိန် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်က။ ( အောက်တိုဘာ ၁၃၊ ၂၀၁၅)
ဦးဝင်းထိန် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်က။ ( အောက်တိုဘာ ၁၃၊ ၂၀၁၅)

အမျိုးသားရေးဝါဒီ မဘသ အဖွဲ့ရဲ့ တောင်းဆိုချက်ကို တုန့်ပြန်စရာအကြောင်း မရှိဘူးလို့ အာဏာရ NLD ပါတီရဲ့ ပြောခွင့် ရပုဂ္ဂိုလ်က မနေ့က ပြောကြား လိုက်ပါတယ်။ မဘသ (ဗဟို)ကတော့ ဒီပြောကြားချက်ကို အတည်မယူနိုင်သေးကြောင်း ဦးဆောင် အဖွဲ့ဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ မဘသ မလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်ကို ဇူလိုင်လ (၁၄) ရက်နေ့ နောက်ဆုံး ထား ဖြေရှင်းပေးဖို့ မဘသ အဖွဲ့က တောင်းဆိုထားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ တွေ့ဆုံပြီးနောက် NLD ထိပ်တန်းခေါင်းဆောင်တဦးလည်းဖြစ်၊ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က မဘသရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ သတင်းထောက်တွေကိုလည်း အခုလို တုန့်ပြန်ပြောဆိုခဲ့တာပါ။

" ကိုယ်ကတော့ ကိုဖြိုးမင်းသိန်းကိုပြောလိုက်ပါတယ်။ ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှု ပပျောက်အောင် ခေါင်းထဲ ထည့်မနေနဲ့လို့။ ၂၇နှစ်လုံး အဝေဖန်ခံရ၊ အနှိပ်ကွပ်ခံရ စစ်အစိုးရရဲ့ ဖိနှိပ်မှုခံရတဲ့ဟာနဲ့ စာရင် အခုက ပန်းနဲ့ပေါက်တယ်လို့ ယူဆတယ်လို့။ ဘာမှပြန်လုပ်မှာမဟုတ်ဘူး။ ဘာမှာလည်း ပြောမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့က မူအရ ဖွဲ့စည်းပုံအခြေခံဥပဒေအရရော NLD ရဲ့ ဖွဲ့စည်းပုံ မူအရရော ဘာသာရေးနဲ့ နိုင်ငံရေးက လုံးဝ ခွဲခြားထားတယ်။ ဘာသာရေးကို နိုင်ငံရေး အကျိုးအတွက် အသုံးမချဘူး။ နိုင်ငံရေးနဲ့ ဘာသာရေးနဲ့မရော ဘူး။ အဲ့တော့ သူတို့ပြောချင်ရာ ကိုယ်တို့ ဘာမှ မလုပ်ဘူး။ "

အခုလို ဦးဝင်းထိန်ရဲ့ပြောဆိုချက်ကို မဘသ အနေနဲ့ အတည်မယူနိုင်ကြောင်း မဘသ (ဗဟို) ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။

" ကျနော်လည်း အဲ့ဒီ့ဗွီဒီယိုဖိုင်လေး ကြည့်လိုက်ရပါတယ်။ အဲ့မှာတခု သုံးသပ်မိ လိုက်တာကတော့ ဦးဝင်းထိန်က အဲ့ဒီ့စကားကို သူတို့ EC ကော်မတီရဲ့ ဆုံးဖြတ်ချက် အရ ပြောတာလား။ သူတယောက်တည်းသဘော လက်လွတ်စပယ်ပြော တာလားဆိုတာ မရှင်းဘူးပေါ့လေ။ အခုဟာက ရုံးစာနဲ့ သီးခြားထွက်လာတာမျိုး မဟုတ်ပဲနဲ့ သူနေပုံထိုင်ပုံ ပြောပုံဆိုပုံကလည်း ပေါ့တီးပေါ့ရွှတ်ပေါ့။ သတင်းစာ ရှင်းလင်းပွဲ ဆိုတာထက် သတင်းထောက်တယောက်ရဲ့မေးတာကို သူက လက်လွတ်စပယ်ဖြေတာ။ NLD အဖွဲ့ရဲ့ သဘောထားလား။ သူတယောက်တည်းရဲ့ သဘောထားလား ဆိုတာကိုတော့ စောင့်ကြည့်ရမယ်လေ။ သူ့စကားကို ကျနော်တို့ အတည်မယူသေးပါဘူး။ "

မဘသအဖွဲ့ဝင် သံဃာတပါးချင်းစီက အစ္စလာမ်ဘာသာ နဲ့ပတ်သက်လို့ မြန်မာနိုင်ငံ မှာ ဘာသာရေး မုန်းတီးမှုတွေဖြစ်ပေါ်အောင် ဟောပြောမှုတွေ ရှိခဲ့တာ၊ ဦးဝီရသူကနေ ကုလသမဂ္ဂ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ် ယန်ဟီလီကို ပုဂ္ဂိုလ်ရေး အရ စော်ကား တိုက်ခိုက်ပြောဆိုတာတွေကို တရားဥပဒေအရ အရေးယူ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိတာကြောင့် ပြည်ပမှာ ဗုဒ္ဓသာသနာပြုနေတဲ့ မြန်မာ ရဟန်း တော်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းကပါ အထင်အမြင် လွဲမှားမှုတွေ ရှိခဲ့သလို အန္တရာယ်တွေ ရှိလာကြောင်း နိုင်ငံတကာမှာ သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော်တချို့က မိန့်ကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ မဘသ (ဗဟို)ရဲ့ သဘောထားဘယ်လိုရှိပါသလဲလို့ ဦးမောင်မောင်ကိုမေးကြည့်တော့

" မဘသအနေနဲ့ အဲ့ဒီ့အပေါ်မှာတော့ ဘာမှမပြောခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဝီရသူရဲ့တဦးချင်း ခံစားချက်နဲ့ ပြောတဲ့ကိစ္စလေ။ တကယ်တော့ ဦးဝီရသူဟာ မဘသဗဟိုမှာ သူဟာ ဦးဆောင်အဖွဲ့ဝင်တယောက်ဖြစ်တယ်ဆိုပေမဲ့ ဦးဆောင်အဖွဲ့ဝင်က အများကြီးရှိတယ်လေ။ သူကတော့ မန္တလေးပေါ့လေ။ အထက်မြန်မာပြည်အထက် တာဝန်ခံထားတယ်။ ဒီတော့ မဘသတခုလုံးကို ကိုယ်စားပြုပြီး ပြောတယ်ဆိုတာထက် ယန်ဟီးလီဟာ မြန်မာနိုင်ငံမှာ အဓိက ပြဿနာတက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဘက်က ရပ်တည်ပြီးတော့ သူတို့ကို ရိုဟင်ဂျာဆိုတဲ့ မြန်မာနိုင်ငံက လုံးဝ လက်မခံတဲ့နာမည်ကို ထပ်ခါ ထပ်ခါ ပြောနေတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂမှာ အစီရင်ခံစာတင်သွင်းတဲ့အခါမှာ ဒီက အဖြစ်ပျက်မှန်တွေနဲ့ လွှဲချော်ပြီးတော့ သူ့ရဲ့ အကြံစည်ရှိရှိ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ထားတဲ့ အစီရင်ခံစာချည်း နဲ့ မြန်မာနိုင်ငံကို တိုက်ခိုက်တယ်ဆိုတော့ မြန်မာနိုင်ငံတနိုင်ငံလုံး သာမကပါဘူး ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိခိုက်တဲ့အတွက်ကြောင့် ဒီစကားလုံးကို သုံးလိုက်တယ်လို့ ဦးဝီရသူရဲ့ တုန့်ပြန်ချက်ပေါ့လေ။ ကျနော်တို့ သဘောထား ကတော့ ပုဂ္ဂိုလ်တဦးချင်းသဘောထားဖြစ်ပါတယ်။"

ရန်ုကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားချက်ကို သတ်မှတ်ထားတဲ့ ရက်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့က တာဝန်ယူဖြေရှင်းတာ၊ တောင်းပန်တာမျိုး မလုပ်ဘူးဆိုရင် ဆန္ဒပြဖို့ရှိသလို လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့ မဘသ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG