သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့မှတ်ချက် မဘသအဖွဲ့ကန့်ကွက်


ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့မှတ်ချက် မဘသအဖွဲ့ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့မှတ်ချက် မဘသအဖွဲ့ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ မှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရှိပြီးသားဖြစ်တဲ့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖဲွဲ့ ရှိဖို့မလိုအပ်ဘူးလို့ စင်ကာပူနိုင်ငံမှာ ပြောကြားခဲ့တာကို မဘသအဖွဲ့ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အပေါ်မှာ သမ္မတဦးထင်ကျော် အစိုးရအနေနဲ့ ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ယူဖြေရှင်းပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိဖို့ မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်တဲ့အပေါ်မှာ မဘသအဖွဲ့က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံကို ရောက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံတော်ကနေ တရားဝင် ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ရှိထားပြီးဖြစ်တဲ့အတွက် ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိဖို့မလိုအပ်ဘူးလို့ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

" ကျနော်တို့နိုင်ငံမှာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ ကို နိုင်ငံတော်က တရားဝင် ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။ ဒီ့အတွက် သံဃာအဖွဲ့အစည်း အဆင့်ဆင့် ရှိပြီးဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံဟာ ဘာသာပေါင်းစုံ ရင်းနှီးချစ်ကြည်စွာ အတူနေခဲ့ကြတဲ့ နိုင်ငံပဲဖြစ်ပါတယ်။ "

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က အစည်းအဝေးထိုင်ပြီး ထုတ်ပြန်လိုက်တဲ့ကြေညာချက်မှာတော့ မဘသအဖွဲ့ကြီးပေါ်ပေါက်လာပုံ၊ မဘသအဖွဲ့ ကို ဖွဲ့စည်းပုံဥပဒေနဲ့ရော၊ ပြည်ထောင်စုလွှတ်တော်ရဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်းရာဥပဒေနဲ့ အညီဖွဲ့စည်းခဲ့တာဖြစ်တယ် လို့လည်းဖော်ပြ ထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အခုလို မဘသအဖွဲ့ မလိုအပ်ပါ လို့ ပြောတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့လည်း တာဝန်ယူဖြေရှင်းပေး ဖို့ ပြောကြား ထားပြီး၊ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ယူဖြေရှင်းပေး ဖို့လည်း တောင်းဆိုထားပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပေါ် ထားတဲ့ မဘသအဖွဲ့ရဲ့သဘောထားနဲ့ မဘသအဖွဲ့ရဲ့ရပ်တည်မှုနဲ့ပတ်သတ်ပြီး မဘသအဖွဲ့ဝင် ရှင်သောပါက ကတော့ အခုလို မိန့်ပါတယ်။

" ဝန်ကြီးချုပ်ပြောတဲ့စကားကို ဘုန်းဘုန်းတို့ ဒီနေ့ ဆုံးဖြတ်ချက် အရ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ သူက ပြောလိုက်ပြီးတဲ့နောက်ပိုင်းမှာ အခု မဟန ဆီကို သွားပြီးတော့ ဦးအောင် လျောက်တာတွေလည်း တွေ့ရပါတယ်။ ဒါတွေက သူပြောတဲ့စကားတွေက ဘောင်မဝင်ပါဘူး။ ဖွဲ့စည်းပုံ သံဃာ့အဖွဲ့အစည်း အပိုဒ်ဘယ်လောက်နဲ့ မညီညွတ်ပါဘူူး။ ဘယ်အပိုဒ် ဘယ်လောက် ဘယ်ပုဒ်မအရ ဘယ်အခြေခံစည်းမျဉ်းအရလို့ပြောတာ သူပြောတာတွေက တခုမှလည်း မဟုတ်ဘူး။ မလေ့လာပဲနဲ့ ပြောနေတာတွေ တွေ့နေရပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ အောက်မှာ တခြားအဖွဲ့အစည်း မရှိရဘူး ဆိုတော့ သံဃာ့ အဖွဲ့အစည်း တခုပဲ ရှိရမယ်ဆိုတာ သူပြောထားတယ်လေ။ မှန်ပါတယ် အဲ့တာက။ ဒါပေမဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆိုတာက သူ့ဖွဲ့စည်းပုံနဲ့အညီ ဆရာတော်တွေ သံဃာတော်တွေ သပ်သပ်ပါ ဘုန်းဘုန်းတို့ မဘသ ဆိုတာက သံဃာ့အဖွဲ့အစည်းမှ မဟုတ်ပဲနဲ့ အဲ့တာချည်းကို ဝန်ကြီးချုပ် တယောက်လုပ်နေပြီးတော့ နားမလည်ပဲနဲ့ပြောနေတာ။

မဘသမှာက ဆရာတော်တွေ ပါတယ်။ တိပိဋက ဆရာတော်တွေ ပါတယ်။ နိုင်ငံတော် သြဝါဒ စရိယ ဆရာတော်တွေ ပါတယ်။ အနုပညာရှင်တွေ ပါတယ်။ ဥပဒေပညာရှင်တွေပါတယ်။ အမျိုးသားတွေပါတယ်။ အမျိုးသမီးတွေ ပါတယ်။ အဲ့တာ ဘုန်းဘုန်းတို့ မဘသကို အပြစ်ပြောဖို့ပဲ ကြည့်ပြီးတော့ မဘသရဲ့ဖွဲ့စည်းပုံ ဘယ်လိုလဲ။ ရည်ရွယ်ချက်က ဘာလဲ အခြေခံစည်းမျဉ်းကဘာလဲ အဲ့တာကို သူမသိပဲနဲ့ ပြောလိုက်တာဖြစ်ပါတယ်။ "

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ သူ့အနေနဲ့ အခုချိန်မှာ ဒီကိစ္စကို တစုံတရာ တုံ့ပြန်ဖြေရှင်းတာမျိုးမလုပ်ချင်ဘူးလို့ ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG