သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းတရားပြန့်ပွားမှု ဆန့်ကျင်ရေး လူငယ်တွေ အရှိန်မြှင့် ဆောင်ရွက်


မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် အမုန်းစကားတွေကြောင့် အကြမ်းဖက် ပဋိပက္ခတွေ ထပ်မံမဖြစ်ပေါ်ရအောင် မြန်မာကျောင်းသားလူငယ်တွေကနေ My Friend Campaign ကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ကျောင်းသားလူငယ်တွေဟာ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ဘာတွေလှုပ်ရှားခဲ့ကြသလဲ ဆိုတာကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းစကားတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် မနေ့က ရန်ကုန်မြို့ ရွှေတိဂုံစေတီအနီး ကန်တော်မင်ပန်းခြံမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသားတွေဟာ လူမျိုး၊ ဘာသာ မတူညီကြပေမဲ့ ညီညွတ်ချစ်ခင်ကြတယ်ဆိုတဲ့ အထိမ်းအမှတ်အဖြစ် Selfie ဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ယက် အင်တာနက် စာမျက်နှာပေါ်မှာ ဖြန့်နေကြတာပါ။

ဒီလှုပ်ရှားမှုဟာ My Friend Campaign ရဲ့ Selfie လှုပ်ရှားမှုအနေနဲ့ မိုဘိုင်လ်တယ်လီဖုန်း အင်တာနက်ကို အသုံးပြုပြီး လူမှုအသိုင်းအဝိုင်း ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် လှုပ်ရှားဆောင်ရွက်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ အထူးသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာချိန် နိုင်ငံတွင်း အမုန်းစကားတွေ လှုံ့ဆော်မှု တိုးမြှင့်လာတာတွေ ရှိနေတာကြောင့် အခုလို လူငယ်တွေက လူမှုအသိုင်းအတွင်း ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်လို့ ဦးဆောင် လှုပ်ရှားနေသူတဦးဖြစ်တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုက ဗွီအိုအေ ကို ပြောပါတယ်။

“အခုက အမုန်းစကားနဲ့ ပတ်သက်လို့ ကျမတို့ နိုင်ငံမှာက ဘယ်တွေမှာသွားပြီး ထိခိုက်မလဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာပါ ထိခိုက်တယ်ပေါ့နော်။ အမုန်းစကားလို့ ပြောလိုက်လို့ရှိရင် လူတွေက ဒီ ဘာသာခြား တိုင်းပြည်တွင်းမှာပဲ မြန်မာနိုင်ငံထဲမှာပဲ အတူတူ တမြေတည်း၊ တရေတည်း နေလာပြီးတော့မှ ဘာသာခြားရယ်လို့ ဒီနေရာမှာ အမုန်းစကားနဲ့ ပတ်သက်လို့ ထိခိုက်လာတာ ရှိတယ်။ လူမျိုးကြားထဲမှာ အဖွဲ့အစည်းကြားထဲမှာ အဲဒီလို ထိခိုက်လာတာရှိတယ်။ နောက်ပြီးတော့ တဦးနဲ့တဦး အမုန်းစကား ပြန့်ပွားဖို့အတွက် အဓိက လုပ်ဆောင်နေတာမျိုးတွေကိုလည်း ကျမတို့ ကြားနေရတယ်။ ကျမတို့ ဘယ်လောက်လိုက်ပြီးတော့ ကာကွယ်နိုင်မလဲပေါ့နော်။ ပတ်ဝန်းကျင်မှာ ကျမတို့ လက်လှမ်းမီသ၍ကတော့ ဒါဟာ အမုန်းစကား ပြန့်ပွားစေတဲ့ စကားလုံးတွေ ဒါတွေ မလုပ်သင့်ဘူးလို့ ပြောနေပေမဲ့ ကျမတို့ထက် ပိုပြီး ထိရောက်အောင် သူတို့က အမုန်းစကားတွေ ဖြန့်ချိတာမျိုးကိုလည်း ကျမတို့ တွေ့ရတယ်။ အခု ၂၀၁၅ နီးလာပြီ။ မြန်မာနိုင်ငံမှာ ကြုံတွေ့ရမယ့် ရွေးကောက်ပွဲကာလအတွင်းမှာ အဲဒါမျိုးတွေ ထပ်မဖြစ်စေချင်ပါဘူး။ ကျမတို့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲတာတွေ၊ ညှိနှိုင်းလို့မရတဲ့ ဖြစ်စဉ်မျိုးတွေ ကျမတို့ မကြုံတွေ့ချင်ဘူး။ ဒီအမုန်းစကားကြောင့်။ ၂၀၁၅ မှာ ပိုပြီး အရေးကြီးလာပြီလို့ ကျမတို့ ထင်တယ်။”

လက်ရှိအခြေအနေမှာလည်း နယ်တွေမှာ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ အမုန်းစကားတွေကို ပိုပြီး ဖြန့်နေကြတယ်လို့ မဝေေ၀နုက ပြောပါတယ်။

“ဒီဘာသာရေး၊ လူမျိုးရေး အမုန်းစကား ဖြန့်ချိနေတဲ့ သူတွေကလည်း သူတို့ရဲ့ အဓိကသတ်မှတ်တဲ့ နယ်မြေတွေဟာ ကျေးလက်ဒေသတွေ ဖြစ်နေတယ်။ အဲဒီဒေသတွေမှာ အမုန်းစကားတွေကို ပိုပြီး ဖြန့်ချိနေတာ ကျမတို့ တွေ့ရတယ်။ ဥပမာ - အတိုက်အခံပါတီဘက်ကဆိုလို့ရှိရင် NLD ဘက်က ဆိုလို့ရှိရင် အဲလိုမျိုးလေးတွေ ပြောဆိုခံရတာပေါ့။ ဥပမာ - ခွပ်ဒေါင်းက မွတ်ဒေါင်းဖြစ်သွားပြီ ဆိုတဲ့ စကားလုံးမျိုးလေးတွေ၊ NLD ကို မဲပေးရင် ကုလားကြီးစိုးသွားမယ်ဆိုတဲ့ စကားလုံးမျိုးတွေ၊ အဲတော့ ဒီလူထုကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ခုတလောအတွင်းမှာ ပိုပြီးတော့ ကျေးလက်ဒေသမှာ ဖြန့်ချိတာ ကျမတို့ တွေ့ရတယ်။”

မကြာသေးခင် နှစ်တွေအတွင်း အသိုင်းအဝိုင်း နှစ်ဘက်ကြား သေဆုံး၊ ဒဏ်ရာရစေခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ မိတ္ထီလာ၊ မန္တလေး စတဲ့ မြို့ကြီး တချို့မှာ ဖြစ်ခဲ့တာပါ။ ဒီအတောအတွင်း သဘောထား တင်းမာတဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဖွဲ့စည်းထားတဲ့ မဘသ အဖွဲ့ဟာ မူဆလင် လူနည်းစုတွေ ဆန့်ကျင်ရေးအတွက် ဆန္ဒပြပွဲတွေ၊ အင်တာနက် အွန်လိုင်းကနေ အမုန်းတရား လှုံ့ဆော်တာတွေ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန် ထောက်ပြနေကြတာပါ။ အခုလို နိုင်ငံတွင်း အမုန်းတရား ပြန့်ပွားအောင် လှုံ့ဆော်နေတာကို ရပ်တန့်ရေး အတွက် အစိုးရဘက်က ဆောင်ရွက်မှုတွေမှာ အားနည်းတာတွေ ရှိနေတယ်လို့ ဘလော့ဂါ ကိုနေဖုန်းလတ်က AFP သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် အချို့အုပ်စုတွေဟာ အမုန်းတရား ပြန့်ပွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြတာကို တွေ့နေရတယ်လို့ သူက အင်္ဂလိပ်ဘာသာစကားနဲ့ အခုလို ပြောသွားပါတယ်။

“နည်းပညာကို လူတချို့က ကောင်းတဲ့ကိစ္စတွေအတွက် အသုံးပြုပေမဲ့ အခြားတဘက်မှာတော့ မကောင်းတဲ့သူတွေက မကောင်းတာလုပ်ဖို့ ဒီနည်းပညာကို အသုံးချနေကြတာပါ။ အဲဒါကြောင့် လူတွေရဲ့ နားလည်သဘောပေါက်မှုအပေါ်မှာ မူတည်နေတဲ့အပြင် လူတွေရဲ့ အသိပညာဉာဏ်ဟာလည်း အလွန်အရေးကြီးပါတယ်။”

သူကိုယ်တိုင်လည်း လူမှုကွန်ယက် အင်တာနက်စာမျက်နှာဖြစ်တဲ့ Facebook မှာ အမုန်းတရား လှုံ့ဆော်မှုတွေကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြနေတဲ့ ပန်းစကားအဖွဲ့ကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ My Friend Campaign ရဲ့ Selfie ဓာတ်ပုံရိုက်လှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာဝင် လူငယ်တွေနဲ့ အစ္စလာမ်ဘာသာဝင် လူငယ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ ဓာတ်ပုံရိုက်နေကြတာကို တွေ့မြင်ရပါတယ်။

ဧပြီလကစတင်ခဲ့တဲ့ My Friend Campaign လှုပ်ရှားမှုမှာတော့ လူမျိုး၊ ဘာသာပေါင်းစုံက ကျောင်းသားလူငယ်တွေ ပါဝင်နေပြီး မိတ်ဆွေသူငယ်ချင်းတွေအဖြစ် သူတို့မှာ ခွဲခြားမှုဆိုတဲ့ အကန့်အသတ် နယ်နိမိတ် မရှိကြဘူးလို့ အဖွဲ့ရဲ့တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG