သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာပေါင်းစုံ ချစ်ကြည်ရေး


ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဟာဂျီဦးအေးလွင်
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဟာဂျီဦးအေးလွင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲဥပဒေတွေအတိုင်း လေးစားအကောင်အထည် ဖော်နိုင်ပြီး၊ လူတိုင်းရသင့်ရထိုက်တဲ့ မွေးရပါ အခွင့်အရေးတွေကို လေးစားမယ်ဆိုရင် ဘာသာတိုင်းအတွက် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အခွင့်အရေးတွေ အပြည့်အဝရမယ်လို့ ယုံကြည်တဲ့အကြောင်း အစ္စလာမ်ဓမ္မဗိမာန် ဆော်သြရေးမှူးလည်းဖြစ်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို ထူထောင်သူတွေထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ဟာဂျီဦးအေးလွင် က ပြောဆိုလိုက်ပါတယ်။ မတူညီတဲ့ ဘာသာပေါင်းစုံအကြား နားလည်မှုရရေး ကြိုးပမ်းမှုတွေမှာ တိုးတက်မှုတွေ ရှိပေမယ်လို့ အခက်အခဲတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာတဲ့ ဟာဂျီဦးအေးလွင် ကို VOA မြန်မာအစီအစဉ်က ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ အန်ကယ်ဦးအေးလွင် အခုလို VOA ကို လာပြီးတော့ ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ၊ တင်းမာမှုတွေ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အတော်လေး ပြင်းပြင်းထန်ထန် ရှိခဲ့ပါတယ်။ တစုံတရာ ဖြေရှင်းနိုင်ဖို့အတွက် အစိုးရပိုင်းကပဲ ကိုင်တွယ်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းကလည်း ကြိုးပမ်းကြတယ်။ Interfaith အဖွဲ့အစည်းတွေလည်း ပေါ်လာတယ်။ အခြေအနေက တင်းမာနေတုန်းပဲလား။ လျော့ပါးသွားလား။ ဘယ်လိုများ ရှိပါသလဲ။

ဦးအေးလွင် ။ ။ ကျနော်တို့ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ တော်တော်စိုးရိမ်တယ်။ သို့သော်လဲ မဲပေးတဲ့ ပြည်သူတွေရဲ့ အမျှော်အမြင် ကြီးမားမှုကြောင့် ဘာသာရေးကို အကြောင်းပြုပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားကြတဲ့ စီမံချက်တွေက တော်တော်လေးကို ပျက်ပြားသွားတယ်။ နိုင်ငံရေးမှာ ဘာသာရေးအသုံးချဖို့ ကြိုးစားတဲ့ လူတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူက လက်မခံဘူးဆိုတာ ရွေးကောက်ပွဲ Result က အတိအကျ ထွက်လာတယ်။ သို့သော်လဲ ဒီဘာသာတရား က လှုံဆော်ရတာ အင်မတန် လွယ်ကူတဲ့အတွက် ဖောက်ခွဲဖို့အတွက် စနက်တန်အဖြစ် ဆက်လက်အသုံးချမယ်ဆိုတာကို ကျနော်တို့က မျှော်လင့်ပြီသာပါ။ ဒါကြောင့်မို့ ရွေးကောက်ပြီးနောက်ပိုင်းမှာလဲ အခွင့်ရေးရရင် ရသလို ဘာသာတရားနဲ့ လှုံဆော်မှုအတွက် ဖောက်ခွဲမှုဖို့အတွက် ကြိုးစားမှုလေးတွေဆိုတာ ရှိနေပါသေးတယ်။

ကိုသားညွှန့်ဦး ။ ။ ဒီအမုန်းတရာ မပျံ့ပွားဖို့အတွက် လှုပ်ရှားနေကြတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ တခြားအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒီကြားထဲမှာပဲ တလောကပဲ ဗုဒ္ဓဘာသာ ကျောင်းကန်နားမှာ ဈေးရောင်းတဲ့ မူစလင်တွေကို တချို့ ဗုဒ္ဓဘာသာ ရဟန်းကိုယ်တော်တွေက သွားပြီးဖမ်းဆီးတာ၊ ပစ္စည်းတွေသိမ်းတာ၊ ရိုက်တာနှက်တာတွေ ကျနော်တို့ ကြားမိပါတယ်။ ဒါပေမဲ့ အဲဒီမှာ ပြဿနာက သူတို့က ရဲစခန်းကို တိုင်ကြားမှုတွေလည်း မလုပ်ကြဘူး။ ဘေးပတ်ဝန်းကျင်ကလည်း ဒါကို တားတာမျိုးလည်း မရှိတော့ ပြောမယ်ဆို မြန်မာလူ့အဖွဲ့အစည်းမှာ ဒီအခြေအနေက တအုံနွေးနွေးလို ဖြစ်မနေဘူးလား။ ကြောက်ရွံမှုတွေများ ဖြစ်နေကြလား။

ဦးအေးလွင် ။ ။ ကြောက်ရွံမှုထက် သူတို့က အခြေအနေကို တင်းမာသွားအောင် မလုပ်ချင်တဲ့ ပုံစံလို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံစေတီတော်ကြီးက မေတ္တာရဲ့ ပုံရိပ်လွှာကြီးပဲ။ ဗုဒ္ဓတရားတော်ရဲ့ တကယ့်ကို သရုပ်သဏ္ဍာန် အမှန်ကို ဖော်ကျူးနေတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အေးရိပ်စရာအောက်မှာ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တခု ဖြစ်သွားတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် ယူကြုံမရ ဖြစ်စရာတခု ဖြစ်တယ်။ သို့သော် အဲဒါကို လက်တွေ့ကျကျ သူတို့က ဝင်ရောက်ဖို့ဆိုတာ သူတို့အနေနဲ့က မြန်မာလူမျိုးတို့ရဲ့ စရိုက်အရ သူများကိစ္စမှာ ဝင်စွက်ဖက်ဆိုတာတွေ သိပ်မလုပ်ချင်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်လို့ ကျနော်က ထင်ပါတယ်။ သို့သော် ဘယ် ဗုဒ္ဓဘာသာဝင်ကမှ ဒီလုပ်ရပ်ပေါ်မှာ စိတ်ချမ်းမြေ့မှု ရှိမယ်လို့ ကျနော် မထင်ပါဘူး။

ကိုသားညွှန့်ဦး ။ ။ နောက်တချက်က Interfaith ဘာသာခြားတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုအတွက် ကြိုးပမ်းနေကြတဲ့ ဦးအေးလွင်တို့ အဖွဲ့အစည်းတွေပေါ့။ ဒီအဖွဲ့အစည်းတွေ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တစုံတရာ ခြိမ်းခြောက်တာ၊ အကြပ်ကိုင်တာတွေ ခံရတာမျိုးတွေ ရှိပါလား။

ဦးအေးလွင် ။ ။ အဲဒီလို မရှိဘူးဗျ။ မရှိတဲ့အပြင် ကျနော်တို့က Engage လုပ်တယ်။ ကိုယ်နဲ့ အယူအဆချင်း မတူတဲ့လူ၊ ဒါမှမဟုတ် ကိုယ့်ကို အထင်အမြင် လွှဲမှားနေသေးတဲ့ လူတွေကို ကျနော်တို့က Dialogue လုပ်ချင်တယ်။ Dialogue လုပ်တယ်ဆိုတာ အမြင်မတူကြသေးတဲ့ လူတွေကို ညှိနှိုင်းဆွေးနွေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Religions for Peace Myanmar)၊ ဂျပန်မှာရှိတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့က (Religions for Peace Japan) က ဖိတ်ကြားတဲ့အခါမှာ မဘသအဖွဲ့ကြီးက ဥက္ကဋ္ဌဆရာတော်ကြီးကို ဖိတ်ပါတယ်။ ကျနော်ကိုယ်တိုင်ပဲ ကျောင်းကိုသွားပြီးတော့ ဖိတ်ပါတယ်။ လက်ခံတယ်။ လက်ခံပေမယ့်လဲ အနားကပ်မှာ ဆရာတော်ကြီးရဲ့ ကျန်းမာရေးကြောင့် သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ ဒေါက်တာသောဘာဂကို ထည့်လိုက်ပါတယ်။ နောက် ဒေါက်တာဓမ္မပီယလည်း ပါပါတယ်။ ကျနော်တို့ ဂျပန်ကိုသွားတဲ့ ဘာသာပေါင်းစုံ အဖွဲ့ထဲမှာ မဘသ ကို ကိုယ်စားပြုတဲ့ ဆရာတော်နှစ်ပါးလည်း ပါလာတယ်။ မြဝတီဆရာတော်ကြီးလည်း ပါလာတယ်။ ခရစ်ယာန်ကဆို Cardinal ချားလ်စ်ဘို ပါတယ်။ MCC က စောရွှေလင်း ပါတယ်။ ဗုဒ္ဓဘာသာအရပ်ဖက်က ဥက္ကဋ္ဌကြီး ဦးမြတ်ဆွေ ပါတယ် စသဖြင့်၊ အမျိုးသမီးဆိုလည်း ဒေါ်ရင်ရင်မော ခရစ်ယာန်ကျောင်းများကောင်စီ က ပါပါတယ်။ အဲဒီလို Interfaith အဖွဲ့က လူစုံ တော်တော်များများက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေပါ။ ကိုယ်တော်နှစ်ပါးကတော့ မဘသ အဖွဲ့ကြီးကို ကိုယ်စားပြုပြီးတော့ ဂျပန်ပြည်ခရီးစဉ်မှာ ပါလာပြီးတော့ ဆွေးနွေးတာတွေကလည်း ကျနော်တို့အတွက် တော်တော်လေးကို အလားအလာကောင်းတဲ့ ဆွေးနွေးမှုတွေကို လုပ်ခဲ့တာတွေကို ကြားသိခဲ့ရပါတယ်။

ကိုသားညွှန့်ဦး ။ ။ ပြည်တွင်းမှာလဲ Interfaith လှုပ်ရှားမှုတွေ ခပ်စိတ်စိတ်လေး တော်တော်လေး လုပ်တာကို ကျနော်တို့ သတိထားမိတယ်။ တကယ်ပဲ ထိရောက်ရဲ့လား။

ဦးအေးလွင် ။ ။ တဖြည်းဖြည်းတော့ ထိရောက်လာမယ်။ အခု ရေတွင်းတူး၊ အခု ရေသောက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ Trauma ကြီးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုကြီးရယ်၊ ဒဏ်ရာတွေက ကြပ်သွားပေမဲ့လဲ Stigma အမာရွတ်တွေက ကျန်နေသေးတယ်။ ဒါတွေက နှစ်ပေါင်းမြောက်မြားစွာထဲကိုက အထင်အမြင် လွှဲမှားမှုတွေအပေါ်မှာ လူတွေက အသုံးချသွားတာ - Manipulate လုပ်သွားတာ။ အသုံးချပြီးတော့ နိုင်ငံရေးအသုံးချခဲ့တာ။ ၁၉၆၂ ခုနှစ်ကတည်းက ဘာသာတရားကို နိုင်ငံရေးမှာ အသုံးချခဲ့တယ်။ အထူးသဖြင့် Islamophobia မဝင်,ဝင်အောင်လို့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ အမျိုးသားရေးအတွက် အကြီးဆုံးသော အန္တရာယ်ဟာ အစ္စလာမ် ဖြစ်ပါတယ်ဆိုတဲ့ ပုံရိပ်လွှာပေါ်အောင် သူတို့က ဒါနဲ့ အသုံးချခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက စနစ်တကျ စီမံကိန်းတွေ ဆွဲပြီးတော့ လုပ်ခဲ့တဲ့အတွက် တော်ရုံတန်ရုံ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်များရဲ့ မသိစိတ်ထဲမှာပင် အစ္စလာမ်ဟာ အန္တရာယ်ကြီးသဖွယ်ဆိုတာကို အခုထက်ထိ ကိန်းဝပ်နေသေးတယ်ဆိုတာကို တွေ့ရတယ်။

ကိုသားညွှန့်ဦး ။ ။ အခု အစိုးရသစ်နဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ အခြေအနေတွေ တင်းမာမှုတွေ ကြုံခဲ့တယ်။ အစိုးရသစ် ကြုံလာတဲ့ NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာကော အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လို မျှော်လင့်ထားလဲ။ ဘာသာရေး အဓိကရုဏ်းတွေ လျော့ပါးသွားနိုင်လား။ တစုံတရာ တင်းမားမှုတွေ ရှိနိုင်သေးလား။

ဦးအေးလွင် ။ ။ ကျနော်တို့ ယုံကြည်တာက တစ်အချက်က ဘာလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးဟာ ဥပဒေ စိုးမိုးရေးနဲ့ ဘယ်လိုမှ ခွဲခြားလို့ မရဘူး။ နှစ်အချက် ဒီမိုကရေစီဆိုတာနဲ့ လူ့အခွင့်အရေးဆိုတာ ရှိတယ်။ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတာ ရှိတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ ရှိတယ်။ ကျနော်တို့အနေနဲ့က ဘာမှ တောင်းဆိုစရာလဲ မလိုဘူး။ ကျနော်တို့အနေနဲ့ ဘာမှလဲ အဆိုပြုချက်တွေလည်း ပြုစရာ မလိုဘူး။ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ မတူကွဲပြားမှုများအပေါ် သည်းခံပြီးတော့ကာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကျင့်သုံးခွင့်ကို ပေးရမယ်ဆိုတာဟာ ဒါက ပါပြီသားပဲ။ အဲဒါအပြင်ကို အများကြီး ပြင်ဆင်ရန် ကျန်နေသေးတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေသည်ပင် ဘာသာလူမျိုးကို အကြောင်းပြု၍၊ လိင်ကို အကြောင်းပြု၍ ခွဲခြားမှု လုံးဝမရှိစေရဆိုတဲ့ ဥပဒေကြီးက ရှိပြီသား။ အဲဒါ အသက်ဝင်လာဖို့ပဲ လိုတယ်။ အဲဒီတော့ လက်ရှိ အစိုးရသစ်ဟာ အဲဒီ တည်ဆဲဥပဒေကိုပဲ Will လုပ်ချင်တဲ့ဆန္ဒ အပြည့်အဝ၊ စေတနာပြဌာန်းမှု အပြည့်အဝနဲ့ ဒါကို အကောင်အထည်ဖော်မယ်ဆိုရင် မူစလင်တွေဘက်က ဘာမှတောင် တောင်းဆိုနေစရာ မလိုဘူး။ သူတို့ရဲ့ ရသင့်ရထိုက်သော မွေးရာပါ လူ့အခွင့်အရေးတွေက တခါထဲ တထပ်တည်း ကပ်ပါလာမယ်လို့ ဒီလို မျှော်လင့်နေပါတယ်။ ယုံကြည်နေတယ်။ စောင့်ဆိုင်းနေတယ်။

ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ NLD အစိုးရက သူတို့ မဲဆွယ်စည်းရုံးရေးကာလနဲ့ အခုတောက်လျှောက်လည်း ပြောနေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အာမခံတယ်။ တရားဥပဒေ စိုးမိုးရေး ဖြစ်စေရမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ NLD အစိုးရမှာ တာဝန်ယူနေတဲ့ သာသနာရေးဝန်ကြီး ဦးအောင်ကို တလောက ပြောသွားတဲ့အထဲမှာ ပါပါတယ်။ သူသုံးနှုန်းသွားတဲ့ ဧည့်နိုင်ငံသားနဲ့ ပတ်သက်ပြီး မကျေမနပ်သံတွေ ကြားပါတယ်။ ဒီအခြေအနေအပေါ် ဘယ်လို ယူဆပါသလဲ။

ဦးအေးလွင် ။ ။ အဲဒါ ကျနော် အခုနပြောတဲ့ စကားနဲ့ ဆက်စပ်ပြောဆိုရမယ်ဆိုရင် မြန်မာမျိုးချစ် အမျိုးသားရေးဝါဒီကြီးများရဲ့ နှလုံးသည်းပွတ်ထဲမှာက ကိုယ်နဲ့မတူတဲ့ လူတွေအပေါ်မှာ သံသယရှိတယ်ဆိုတာ အမျိုးသားရေးဝါဒတိုင်းမှာ ဒီလို ရှိတယ်လေ။ သို့သော်လဲပဲ တချို့တချို့သော အမျိုးသားရေးဝါဒီ - ဥပမာ ဗိုလ်ချုပ်အောင်ဆန်း လို အမျိုးသားရေးဝါဒီ က ကိုယ်နဲ့မတူတဲ့ လူတွေအပေါ်မှာ သဘောထားကြီးကြီးနဲ့ ကြိုဆိုထွေးပိုက်ခြင်းဟာ မိမိအမျိုးသားရေးရဲ့ ဂုဏ်သရပ်ကို မြင့်မားစေတယ်လို့ ခံယူထားတဲ့ အမျိုးသားရေးဝါဒီကြီးတွေ ရှိတယ်။ အဲဒါလေးက ကြိုဆိုဖို့ပါ။ အဲဒီတော့ ဧည့်သည်၊ အိမ်ရှင်ဆိုတဲ့ ပြဿနာဟာ ဗုဒ္ဓတရားတော်အရ ကြည့်မယ်ဆိုရင်လဲ ဒါ အင်မတန်ကို အပ်စပ်မှု မရှိဘူး။ ဗုဒ္ဓတရားဟာ ပုဂ္ဂိုလ်သတ္တဝါ လူနတ်ဗြမ္မာဆိုတာ မရှိဘဲနဲ့ ရုပ်နဲ့နာမ်ကိုပဲ ရှုရမယ်လို့ ပြောထားပြီးတော့ ခွဲခြားမှုဆိုတာကိုလည်း လုံးဝလက်မခံတဲ့ ဗုဒ္ဓရဲ့တရားတော်မှာ ဒီခွဲခြားမှု၊ ခွဲခြားတဲ့ အမြင်လေးတွေ မြင်နေခြင်းသည် ဗုဒ္ဓတရားတော်ဟာ အမျိုးသားရေးအပေါ်မှာ သိပ်မလွှမ်းမိုးသေးဘူးလို့ အဲဒီလို မြင်တယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ် ဒီစကားတွေ ပြောသွားတာ။

ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အခုန ဦးအေးလွင် ပြောသွားတဲ့အထဲမှာလဲ ပါပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အများစု ဖြစ်နေတယ်။ တချို့ဗုဒ္ဓဘာသာဝင်တွေ၊ ဆရာတော်တွေရဲ့ စိုးရိမ်ချက်ကလဲ အခုန ဦးအေးလွင် ပြောသွားတဲ့အထဲမှာ ပါတယ်။ မူစလင်ဘာသာ လွှမ်းမိုးသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ကျနော် သတိထားမိတာ တွေ့ရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဦးအေးလွင် ဘာများ မှတ်ချက်ပေးချင်ပါလဲ။

ဦးအေးလွင် ။ ။ ကျနော် ကြုံတိုင်းမှာ ပြောတယ်။ ဘာသာတရားကို လေ့လာချင်ရင် သူ့ရဲ့ ကျမ်းတွေကို သိရမယ်။ ဗုဒ္ဓတရားတော်ဆိုရင် ပိဋကတ်တော်မှာ ဘယ်လို ပြောထားလဲ။ ဗုဒ္ဓရဲ့ ဝါစက က ဘယ်လို ပြောထားလဲ။ Authentic Sources တွေကို ပြောဖို့လိုတယ်။ အစ္စလာမ်မှာက ကိုရန်မှာ ပြတ်ပြတ်သားသား ပြောတယ်။ အားလုံးကို ငါ အယူတခုတည်းဖြစ်အောင် ငါ လုပ်နိုင်တယ်။ ဘယ်သူက ပြောလဲဆိုတော့ အလ္လာရှင်မြတ်ဆိုတဲ့ ဖန်ဆင်းရှင်။ သို့သော် ငါ မလုပ်ဘူး။ အဲဒီ မတူကွဲပြားမှုကို ကျနော်တို့ အလ္လာရှင်မြတ်ရဲ့ စီမံကိန်းမှာကို မှားနေတယ်။ ဘာကြောင့် မလုပ်လဲဆိုတော့ ကောင်းမှုကောင်းရာတွေမှာ ပြိုင်ကြဆိုင်ကြဖို့အတွက် ဖြစ်တယ်။ အားလုံးကို အယူတခုတည်းဖြစ်အောင် ငါ လုပ်နိုင်တယ်ဆိုတာ အကြိမ်ကြိမ် ပြောထားတယ်။ သို့သော် ငါ မလုပ်ပါဘူး။ လွတ်လပ်စွာ ရွေးချယ်ရမယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ ပြပြီးပြီ။ မိမိဟာ လွတ်လပ်စွာ ရွေးချယ်ပြီးတော့ မိမိရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ အမှန်တရားကို လိုက်နာရမယ်ဆိုတဲ့အတွက် သာသနာပြုခြင်းဆိုတဲ့ အယူအဆတောင်မှ အစ္စလာမ်မှာ မရှိဘူး။ မိမိကနေ အမှန်တရားကို ရွေးချယ်လိုက်ပြီဆိုရင် မိမိက လွတ်လပ်သော ဆန္ဒဖြစ် ဒါကို လိုက်နာကျင့်သုံးလို့ ရတယ်။ အကြမ်းဖက်သောနည်းဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့် မြူဆွယ်ဖြားယောင်ပြီးတော့ လောကီလာဘ်လဘပေးပြီးလည်းကောင်း သာသနာကြီးထွားအောင် လုပ်ဖို့ဆိုတာ အစ္စလာမ်မှာ လုံးဝမရှိဘူး။ ဒါကြောင့် အိမ်ထောင်ပြုပြီး သာသနာပြုတယ်ဆိုတာလဲ လုံးဝမဟုတ်ဘူး။ အကြမ်းဖက်ပြီးတော့ သာသနာပြုတယ်ဆိုတာလဲ မဟုတ်ပါဘူး။ စီးပွားရေးအရ သာသနာပြုတယ်ဆိုတာလဲ လုံးဝမဟုတ်ပါဘူး။ ကာယကံရှင် ကြည်ဖြူမှု မရှိဘဲနဲ့ ဒီသာသနာဟာ ..

ကိုသားညွှန့်ဦး ။ ။ အခုန ကျနော် ပြောသလို ဘာသာတိုင်း၊ အယူအဆတိုင်းမှာ အစွန်းရောက်တွေ ရှိနေတယ်ဆိုတော့၊ အစွန်းရောက်တွေနဲ့ ပတ်သက်လို့ကော၊ ဗမာပြည်မှာလည်း ရှိမှာကြုံမှာပါ။ မူစလင်ထဲမှာလည်း အစွန်းရောက် ရှိမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ကော ဘယ်လိုများ ကိုင်တွယ်မှုရှိလဲ။

ဦးအေးလွင် ။ ။ ကျနော်တို့က အခု ဘာပြောနေလဲဆိုရင် ဘာသာပေါင်းစုံ စကားတွေ ပြောတာထက် မပြောခင်မှာ Interfaith ခေါ်တဲ့ ဘာသာဝင်အချင်းချင်း ဆွေးနွေးကြရမယ်။ တယောက်ကိုတယောက် သတိပေး နှိုးဆော်ကြရမယ်။ ဒို့သာသနာရဲ့ တရားတွေကို ပြန်စမ်းစစ်ကြရအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့ နှစ်လလောက်က Morocco မှာ အဲဒီလို အစည်းအဝေးတခု ဖြစ်တယ်။ အဲဒါ ဘာလဲဆိုရင် မဒီနာမြို့မှာ မဟာတမန်တော်မြတ်က မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဆွဲလိုက်တယ်။ Madina Charter လို့ ခေါ်တယ်။ ကိုယ်နဲ့ အယူမတူတဲ့လူတွေ၊ လူမျိုးခြား၊ ဘာသာခြားတွေကို အစ္စလာမ်ရဲ့ နယ်မြေအောက်မှာ ဘယ်လို အပြည့်အဝ လူ့အခွင့်အရေး ပေးပြီးတော့ တန်းတူရည်တူ၊ နိုင်ငံသား အပြည့်အဝအဖြစ် ကိုယ်လိုချင်တဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးတယ်ဆိုတဲ့ Charter ကြီး။ တခါတည်း မူရင်းစာချုပ်လည်း ရှိတယ်။ လက်မှတ်တွေ ထိုးထားတာတွေလည်း ရှိတယ်။ အဲဒါတွေကို ကိုယ့်လူတွေကို ကိုယ်သိအောင်ဆိုပြီးတော့ Morocoo မှာ Marrakesh မှာ ဒီအစည်းအဝေးကြီး လုပ်ပြီးတော့ ကမ္ဘာ့အစ္စလာမ်ဘာသာ ပညာရှင်တွေ အားလုံးကို ဖိတ်ပြီးတော့ ဒါကိုပြန်ပြီးတော့ အသက်သွင်းမယ်။ ဒါတွေကို သဘောပေါက်အောင် လုပ်ရမယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတာ ဒို့အစ္စလာမ်မှာ မရှိဘူး။ သို့သော် တချို့က ဒီသဘောထားတွေ ရှိလိမ့်မယ်။ ဒါတွေ မှားတယ်ဆိုတာကို ပြအောင် အချင်းချင်း ပြန်ပြီးတော့ သတိပေးလှုံဆော်မှုတွေ လုပ်နေပါတယ်။ ဗမာပြည်မှာလည်း လုပ်နေပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဦးအေးလွင် အခုလို ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။

ဦးအေးလွင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG