သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနယ်စပ် မြန်မာရွှေ့ပြောင်းကလေး ၇၀၀ ခန့် အစိုးရစစ်စာမေးပွဲ ဖြေဆိုမည်


ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၂၀ ကျော်က ကျောင်းသားကျောင်းသူပေါင်း ၇၀၀ နီးပါးဟာ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်မှာ မြန်မာအစိုးရစစ် စာမေးပွဲတွေဖြစ်တဲ့ ၄ တန်း၊ ၈ တန်းနဲ့ ၁၀ တန်း စာမေးပွဲတွေကို ဖြေဆိုကြမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့စတင်ပြီး ၄ တန်းနဲ့ ၈ တန်းက ကျောင်းသားကျောင်းသူပေါင်း ၅၀၀ ကျော်ဟာ မဲဆောက်မှာ ဖွင့်ထားတဲ့ စာစစ်ဌာန ၃ ခုကနေ မြန်မာ့အစိုးရပညာရေးဝန်ထမ်းများ ကြီးကြပ်မှုအောက်မှာ စတင် ဖြေဆိုနေပြီ ဖြစ်ပါတယ်။ အသေးစိတ်ကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကျောင်းပေါင်း ၇၂ ကျောင်းထဲက မြန်မာအစိုးရစစ်စာမေးပွဲတွေကို ကျောင်းပေါင်း ၂၀ ကျော်က ကျောင်းသူကျောင်းသားတွေက ဝင်ရောက်ဖြေဆိုကြတာပါ။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ ရွှေ့ပြောင်းကျောင်းသားကျောင်းသူပေါင်း ၅၀၀ ကျော်ဟာ မြန်မာအစိုးရ စစ်စာမေးပွဲ ဖြစ်တဲ့ ၄ တန်းနဲ့ ၈ တန်းစာမေးပွဲတွေကို မဲဆောက်မြို့က စာစစ်ဌာန ၃ ခုကနေ ဝင်ရောက်ဖြေဆိုနေကြပြီ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် စာမေးပွဲဖြေဆိုကြတဲ့ ကျောင်းသား ၇၀၀ လောက်ရှိတဲ့အကြောင်းကိုတော့ မြန်မာရွှေ့ပြောင်းဆရာဆရာမများအဖွဲ့ (BMTA) ရဲ့ ဥက္ကဌ ဒေါ်ရွှေဇင်က အခုလို ပြောပြပါတယ်။

“တခ့်ခရိုင်မှာ စာစစ်ဌာနက ၃ ခုပေါ့။ သွေးသစ်စာစစ်ဌာနရယ်၊ ပါရမီစာစစ်ဌာနရယ်၊ ဆာသူးလေ စာစစ်ဌာနရယ်၊ ၃ ခုမှာ သွေးသစ်စာစစ်ဌာနက ကျောင်း ၆ ကျောင်း ဝင်ရောက်ဖြေဆိုတယ်။ ၄ တန်းနဲ့ ၈ တန်းကို။ ၄ တန်းက ၇၄ ယောက်ဖြေပြီးတော့ ၈ တန်းက ၃၅ ယောက်ဖြေတယ်။ ၁၀ တန်းက ၅၆ ယောက်ဖြေတယ်။ ပါရမီစာစစ်ဌာနမှာကျတော့ ၄ တန်းက ၁၃၅ ယောက်၊ ၈ တန်းက ၂၆ ယောက်ဖြေတယ်။ ကျောင်းစုစုပေါင်းက ၁၀ ကျောင်း။ ဆာသူးလေစာစစ်ဌာနမှာကျတော့ ကျောင်းစုစုပေါင်းက ၁၁ ကျောင်း။ ၄ တန်းက ၂၂၈ ယောက်။ ၈ တန်းက ၇၀ ယောက်နဲ့ ၁၀ တန်းက ၅၀ ယောက် ဖြေဆိုပါတယ်။”

ကရင်ပြည်နယ် မြဝတီမြို့က ပညာရေးဝန်ထမ်းတွေကနေ စာစစ်ဌာန ၃ ခုမှာ စာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် လာရောက် ကြီးကြပ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ၄ တန်းနဲ့ ၈ တန်းစာမေးပွဲကို သင်ကြားတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ပညာရေးဆိုင်ရာ ဆွေးနွေး ဖလှယ်မှုတွေကိုလည်း လုပ်ဆောင်ပေးခဲ့တာ ၃ နှစ်ခန့်ရှိပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပထမအစမ်းနဲ့ ဒုတိယအစမ်း စာမေးပွဲတွေကိုလည်း မြန်မာပြည်က အစိုးရသင်ရိုးအတိုင်း လာရောက်စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့လည်း ပြောပြပါတယ်။

“စာစစ်ဌာနတခုကို ကြီးကြပ်ရေးမှူး ၁ ယောက်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူးနဲ့ မြန်မာပြည်ရဲ့ ပညာရေးပုံစံနဲ့ အတူတူပဲပေါ့။ ပထမလပတ်စာမေးပွဲ ဒီဇင်ဘာစာမေးပွဲ၊ အခု ဒါက အတန်းတင်ပေါ့။ မေးခွန်းတွေကလည်း မြန်မာပြည်ဘက်ခြမ်းကနေပဲ မေးခွန်းတွေကို ကျမတို့ကို ချပေးတယ်။ သူတို့ဆီမှာ ရှိတဲ့ ပုံစံအတိုင်းပဲ အချိန်နဲ့တပြေးညီ ကျမတို့က ဖြေပေးရတယ်။ သို့သော်လည်း ပထမလပတ် စာမေးပွဲတွေမှာတော့ သူတို့ဘက်ခြမ်း ကြီးကြပ်ရေးမှူးတွေက မလာသေးဘူး။ ဒါကြောင့်မို့ ကိုယ့်ကျောင်းတွေက စင်တာအလိုက် စုပေါင်းပြီးတော့ ကြီးကြပ်ပြီးတော့ ဖြေရတယ်။ ပြီးတော့ ကျောင်းတွေက ဆရာ၊ ဆရာမတွေ စုပေါင်းပြီးတော့ ဒီကလေးတွေကို အကုန်လုံး ကိုယ့်အလှည့်ကျပေါ့ ပြန်စစ်ရတယ်။”

ပြီးခဲ့တဲ့၂၀၁၅-၂၀၁၆ ပညာသင်နှစ်တုန်းကတော့ မြန်မာအစိုးရစစ်စာမေးပွဲဖြစ်တဲ့ ၄ တန်းနဲ့ ၈ တန်း စာမေးပွဲတွေကို ရွှေ့ပြောင်းကျောင်းတွေ ကလေးတွေ ရာခိုင်နှုန်းပြည့်နီးပါး အောင်ချက်ကောင်းခဲ့တယ်လို့ ဆိုပါတယ်။ ၁၀ တန်း အစိုးရစစ်အောင်ချက်ကတော့ ၁၇ ရာခိုင်နှုန်း ရှိခဲ့တယ်လု့ိ ဆိုပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအစိုးရက အသိမှတ်ပြုထားတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၆၁ ကျောင်းနဲ့ ကျောင်းခွဲပေါင်း ၁၁ ခုနဲ့ဆိုရင် ကျောင်းပေါင်း ၇၂ ကျောင်းရှိပြီး ကျောင်းသားပေါင်း ၁,၄၀၀၀ ကျော် စာသင်ကြားနေကြတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG