{{{Zawgyi/Unicode}}}
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲမှာ မြန်မာတွေအပါအဝင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်သူ စုစုပေါင်းလူဦးရေ ခုနှစ်သိန်းလောက်ရှိပါတယ်။ မဲဆောက်မြို့မှာတော့ ကိုဗစ်ကာကွယ်ဆေးကို အထောက်အထားရှိသူကော အထောက်မဲ့တွေပါ ထိုးနှံပေးနေတာကြောင့် အခုဆိုရင် မဲဆောက်က မြန်မာခုနှစ်သောင်းလောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသွားပြီလို့ အလုပ်သမားရေး ဆောင် ရွက်နေသူတွေက ပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးပါမယ်။
အခုဆိုရင် မြန်မာတွေထဲက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ခုနှစ်သောင်းလောက်ရှိပြီလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
“ကျနော်တို့တာခ့်ပြည်နယ်ရဲ့ မဲဆောက်ခရိုင်အပါအဝင် မဲဆောက်၊ တာ့ခ်၊ ဝမ်ကျောက်ခရိုင်တွေအပါအဝင် လူဦးရေ ၇ သိန်းနီးပါး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပြီးသွားပြီ။ မြန်မာ၂ သိန်းလောက်က မဲဆောက်မှာရှိတယ်။ မြန်မာတွေအများဆုံးပါ။ ကျန်တဲ့မြို့မှာ သောင်းဂဏန်းလောက်ပဲရှိတယ်။ မြန်မာအများဆုံးရှိတဲ့ မဲဆောက်မှာ လူဦးရေ ခုနှစ်သောင်းလောက်ထိုးနှံပြီးသွားပြီ။ မြန်မာတွေချည်းပဲ။”
မဲဆောက်မှာကာကွယ်ဆေးထိုးနှံပြီးတဲ့မြန်မာခုနှစ်သောင်းထဲမှာ တရားဝင် အထောက်အထားရှိသူတွေကော အထောက်အထားမရှိသူတွေပါ ပါဝင်ပါတယ်။
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုကျန်းမာရေးအရ အကူညီပေးနေတဲ့မယ်တော်ဆေးခန်းနေရာအပါအဝင် မြန်မာအများစုနေထိုင်တဲ့ရပ်ကွက်တွေ၊ မြန်မာတွေအသွားအလာများတဲ့ ဘုန်တော်ကြီးကျောင်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ အစ္စလာမ်စာသင်ကျောင်းတွေ စတဲ့နေရာတွေမှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ဒီနေရာတွေမှာအထောက်အထားမဲ့မြန်မာတွေပါ ဝင်ရောက် ထိုးနှံခွင့်ပြုခဲ့တယ်လို့လည်း ဦးမိုးကြိုးကပြောပြပါတယ်။
“ကိုဗစ်ကာကွယ်ဆေးထိုးပေးတာအခမဲ့ထိုးပေးတာတချက် ဒုတိယတချက်က လူမျိုးမရွေးဘာသာမရွေးစာရွက်စာတမ်းအထောက်အထားရှိရှိမရှိရှိ ထိုးနှံပေးနေတာ ထိုင်းအစိုးရရဲ့ရုံးတွေမှာ ကျန်းမာရေးဌာနတွေမှာ ထိုင်းဘုန်းတော်ကြီးကျောင်းတွေမှာ သက်ဆိုင်ရာဘာသာရေးဆိုင်ရာအဆောက်အဦးတွေမှာ ထိုးနှံပေးနေတာဖြစ်လို့အင်မတန်ဝမ်းသာစရာကောင်းတယ် ကျေးဇူးတင်ဖို့လည်းကောင်းပါတယ် စံနစ်ကျတယ်လေ။”
နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာမဲဆောက်ဈေးအနီးက အစ္စလာမ်စာသင်ကျောင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာမှာ နိုဝင်ဘာလ ၁ ရက်နေ့မှာ အထောက်အထားမဲ့အများစုပါတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးပြတ်လတ်သွားတဲ့အတွက် နောက်ထပ်ဆေးထိုးနံှရမယ့်ရကို အသိပေးကြေညာသွားမယ်လို့လည်း ထိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူတွေကပြောပါတယ်။
မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားစုစုပေါင်း ၂ သိန်းလောက်ရှိတဲ့ထဲက ၇ သောင်းလောက် ကာကွယ်ဆေး ထိုးပြီးပေမဲ့ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူ ၁ သိန်း ၃ သောင်းလောက် ရှိနေပါသေးတယ်။ အဓိကတော့ မဲဆောက်မြို့ကို ကိုဗစ်ကာကွယ်ဆေးတွေ ထပ် မရောက်လာသေးတဲ့အတွက် ဖြစ်ပါတယ်။
လက်ရှိမှာ ထိုးပေးတဲ့ဆေးတွေကတော့ ပထမတကြိမ်မှာ Sinovac ကာကွယ်ဆေးထိုးနှံပေးတာဖြစ်ပြီး ဒုတိယတကြိမ်မှာတော့ AstraZeneca ကာကွယ်ဆေးထိုးနှံပေးမယ်လို့ ပြောထားပါတယ်။
ထိုင်းနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ ၁ သန်း၊ ၉ သိန်းကျော်ရှိပြီးနိုဝင်ဘာလ၂ ရက်နေ့မှာ ကူးစက်သူအသစ် ၇,၀၀၀ ကျော်ရှိနေပါတယ်။ ကူးစက်မူတွေ တဖြည်းဖြည်းလျော့ကျသွာတာကြောင့်ဆိုပြီး ထိုင်းအစိုးရက ကိုဗစ်ကန့်သတ်ချက်တွေကိုဖြေလျော့ပြီး နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံတကာက ခရီးသွားတွေလာရောက်လည်ပတ်ဖို့အတွက်လည်း ဖိတ်ခေါ်ထားပါတယ်။ မြန်မာအပါအဝင် အိမ်နီးချင်းနယ်စပ်တွေကိုတော့ ၂၀၂၁ နှစ်ကုန်မှာ ပြန်ဖွင့်ဖို့ရည်မှန်းထားပြီး ကိုဗစ်ကာကွယ်ဆေးကိုလည်း တနိုင်ငံလုံးအနှံ့ ဒီနှစ်အကုန်မှာ အပြီးထိုးနှံသွားမယ်လို့ ထိုင်းအစိုးရက ရည်မှန်းထားပါတယ်ရှင်။
=============
{{{Unicode}}}
#MyanmarMigrants #MyanmarThailand #CovidVaccine #VOABurmese