သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာစင် မုန်တိုင်း ရခိုင်မြောက်ပိုင်း ဝင်ရောက်နိုင်ဖွယ်ရှိ


NASA က ရိုက်ကူးထားသည့် အိန္ဒိယသမုဒ္ဒရာအတွင်း အားကောင်းနေသော ဆိုင်ကလုန်း One B (01B)။(NASA Goddard)
NASA က ရိုက်ကူးထားသည့် အိန္ဒိယသမုဒ္ဒရာအတွင်း အားကောင်းနေသော ဆိုင်ကလုန်း One B (01B)။(NASA Goddard)
အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ One လို့ နာမည်ပေးထားတဲ့ အပူပိုင်း မုန်တိုင်းဟာ အခုအခါမှာ ပိုအားကောင်း လာနေပြီး “မဟာစင်” ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီဖြစ်ပါတယ်။ အခုဆိုရင် မုန်တိုင်းလမ်းကြောင်း ဟာ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကွေ့ပြီး ဦးတည် တိုက်ခတ်လာနေပြီဖြစ်တဲ့အတွက် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကို ချဉ်းကပ်လာနေပြီလို့ မိုးလေဝသပညာရှင်တွေ က ခန့်မှန်းပါတယ်။ ရခိုင်ဒေသခံ အာဏာပိုင်တွေဘက်ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အသင့် အနေအထားမှာ ပြင်ဆင် ထားကြပြီဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

Mahasen မဟာစင်မုန်တိုင်းဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို စကွေ့ပြီး ဝင်လာနေပြီဖြစ်တဲ့အတွက် အန္တရာယ် ရှိနိုင်တဲ့အနေအထားကို စတင်ချဉ်းကပ်လာနေပြီလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်ပါတယ်။ မုန်တိုင်း လမ်းကြောင်းဟာ လာမယ့်မေလ ၁၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံဘက်ကို စကွေ့ဝင်လာနိုင်တဲ့ အနေအထားမှာ ရှိပြီး လေတိုက်နှုန်းဟာ တစ်နာရီကို ၁၀၅ မိုင်နှုန်းထားနဲ့ တိုက်ခတ်နိုင်တဲ့ အတွက် အရေးကြီးတဲ့အဆင့် ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒီနေ့အတွက် မဟာစင် မုန်တိုင်းဟာ မုန်တိုင်းဦးတည်ရာ လမ်းကြောင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့ကို စတင်တိုက်ခတ်နေပြီဖြစ်တယ်လို့ ဦးထွန်းလွင်က ဗွီအိုအေကို ပြောပါတယ်။

“ကွေ့မှာကတော့ ၁၃ ရက်နေ့မှာ ကွေ့မှာပါ။ အဲဒီ ကွေ့တဲ့အခါကျ အရေးကြီးတဲ့ အဆင့်ကို ရောက်ပါပြီ။ ကွေ့တဲ့အချိန်ကစပြီး အရေးကြီးတဲ့အဆင့် ရောက်လာ ပါပြီ။ ကွေ့မှ ကျနော်တို့ဘက် လာမှာကိုး။ ဘင်္ဂလားဒက်ရှ်က စစ်တကောင်းကို ဝင်မယ်ဗျ။ သို့သော်လည်းပဲ ဒီမုန်းတိုင်းရဲ့ radius က ညာဘက်ခြမ်းမှာ မိုင် ၁၂၀ လောက်ရှိတယ်။ ဒီ မုန်တိုင်းရဲ့ အန္တရာယ်ရှိတဲ့ ညာဘက်ခြမ်းက မြန်မာနိုင်ငံ၊ ရခိုင်မြောက်ဘက်ကို ရောက်မှာဆိုတော့ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်ဗျာ။”

မုန်တိုင်းရဲ့အရွယ်အစား အချင်းဝက် မိုင် ၁၁၀ ကနေ မိုင် ၁၃၀ အထိရှိနိုင်ပြီး မုန်တိုင်းအရွယ်ပမာဏကြီးမားတာကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသတလျှောက်နဲ့ အိန္ဒိယနိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းတွေကိုပါ ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လှိုင်းလုံးအမြင့်ဟာ ၆ ပေကနေ ၈ ပေအထိ ရှိနိုင်သလို ဒီရေလှိုင်း မြင့်တက် မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ကုန်းတွင်းပိုင်း တလျှောက် ရေလွှမ်းမိုးတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

မဟာစင်မုန်တိုင်းဟာ လာမယ့် ၂၄ နာရီအတွင်း ပိုပြီးတော့ အားကောင်းလာဖို့ ရှိနေပြီး လာမယ့် မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ အနောက်မြောက်ခြမ်း က ကမ်းရိုးတန်းနဲ့ ရခိုင်မြောက်ဘက်ခြမ်း ကုန်းတွင်းပိုင်းကို ဝင်ရောက် တိုက်ခတ်နိုင် တဲ့အတွက် ကုန်းတွင်းပိုင်း တလျှောက် ထိခိုက်မှုတွေ ရှိနိုင်ပြီး တကယ်လို့ မိုင် ၁၂၀ လောက် တိုက်ခတ်ခဲ့ရင် လှိုင်းအမြင့်ဟာ ၁၂ ပေအထိ တက်နိုင်ခြေရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပါတယ်။

“ကမ်းကိုဝင်ရင်တော့ လေတိုက်နှုန်း ၁၀၅ မိုင်လောက် ရှိမယ်လို့တော့ တွက်ထားပါ တယ်ဗျာ။ မုန်တိုင်းဟာ ရုတ်တရက် ဝင်ကာနီးမှာ ၁၀၅ မိုင်မဟုတ်ဘဲ ၁၂၀ လောက် တိုက်တဲ့ မုန်တိုင်း ဖြစ်သွားရင်တော့ (အမြင့်) ၁၂ ပေလောက်အထိ တက်သွားပါ လိမ့်မယ်။”

မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းတာချက်အရတော့ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေ တဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း အနောက်တောင် ဘက်နဲ့ အိန္ဒိယနိုင်ငံ၊ ချာနိုင်းအရှေ့တောင်ဘက်ကို ဗဟိုပြုပြီး အနောက်မြောက် ဘက်ကို ရွေ့လျှားနေတယ်လို့ ဆိုပါတယ်။ လာမယ့် ၂၄ နာရီအတွင်း ပို အားကောင်းလာနိုင်ပြီး အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲ သွားနိုင်ပါတယ်။ မုန်တိုင်း တိုက်ခတ်နေချိန်အတွင်းမှာပဲ ရခိုင် ကမ်းလွန်ပြင်၊ မုတ္တမကွေ့နဲ့ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တာကြောင့် ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့ မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားကြဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ဝဘ်ဆိုက်ဒ်ကနေ မုန်တိုင်းအရေးပေါ် သတိပေးချက်ထုတ်ပြန်ထားပါ တယ်။

ရခိုင်ပြည်နယ် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း မုန်တိုင်းတိုက်ခတ်ချိန် အတွင်း အရေးပေါ်အခြေအနေဖြစ်လာရင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင် တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ ရဲ လုံခြုံရေး တပ်ဖွဲ့တွေကိုပါ အသင့်အနေအထားနဲ့ လိုအပ်တာတွေကို အရေးပေါ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြတယ်လို့ ရခိုင်ပြည်နယ် သတင်းပြန်ကြားရေး ပြောခွင့်ရ ဦးဝင်းမြိုင်က ဗွီအိုအေကိုပြောပါတယ်။

“မြို့လူထုတွေကိုလည်း ဘယ်နေရာကို သွားရမယ်ဆိုတာ ကျနော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ရွာတွေကို အကုန်လုံး ပြော ထားပြီးသား၊ ကမ်းဝေး၊ ကမ်းနီးသွားတဲ့ ငါးဖမ်းသမားတွေကိုလည်း မထွက်ဖို့ ပြော ထားပြီးသား၊ အဲဒီ သင်္ဘောတွေ၊ လှေတွေကိုလည်း သူတို့ ပုန်းခို တဲ့ချောင်းလေးတွေ ရှိတယ်။ အဲဒီ ချောင်းလေးတွေထဲမှာ ပို့ထားဖို့ အကုန် လုံး ပြောထားပြီးသားပါ။ လှိုင်းဖြစ်လာရင် ရေဒီယိုကို အမြဲ နားထောင် ပါ။ နောက်ပြီးတော့ လက်ကမ်း စာစောင်လေးတွေ ကယ်ဆယ်ရေးနဲ့ ပြန် လည် နေရာချထားရေး ဦးစီးဌာန ကနေ ဖြန့်ထားတဲ့ လက်ကမ်းစာတွေထဲက အတိုင်း ဆောင်ရွက်ပါ- လို့ ပြောထားတယ်။

ဖြစ်တဲ့နေရာကို သွားဖို့တော့ ပြည်နယ် အစိုးရအနေနဲ့တော့ စီစဉ်ထားပါတယ်။ အဲဒီလို ဖြစ်လာတယ် ဆိုရင်တော့ NGO အဖွဲ့အစည်းတွေရော၊ ကြက်ခြေနီ တို့ရော၊ နောက်ဆုံးတော့ တပ်တို့၊ ရဲတို့ပါ အကုန်ပါလာမှပါခင်ဗျ။”

အခုဆိုရင် ရခိုင်တိုင်းဒေသကြီးအတွင်း အရေးပေါ်မုန်တိုင်း သတိပေးကြေညာ ချက်တွေကို ဒေသတွင်းမှာ အာဏာပိုင်တွေက Speaker တွေနဲ့ လိုက်လံ နှိုးဆော် သတိပေးနေသလို ရေဒီယိုတွေကနေ အချိန်နဲ့ တပြေးညီ ကြေညာနေသလိုပဲ Sky Net ရုပ်မြင်သံကြားကလည်း မိုးလေဝသ ပညာပေး သတိပေးနှိုးဆော်ချက်တွေကို အဆက်မပြတ် ထုတ်လွှင့်ပေးနေ ပါတယ်။ ဒေသခံပြည်သူတွေဘက်ကလည်း မုန်တိုင်းရှောင်နိုင်ရေး အရေးပေါ် စားနပ်ရိက္ခာတွေ စုဆောင်းနေကြပြီး မုန်တိုင်းဘေးလွတ်ရာကို ပစ္စည်းတွေ အချိန်မီ ရွှေ့ပြောင်းနေကြပါတယ်။ ဒေသ ခံ ရေလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တံငါလှေလေးတွေလည်း မုန်တိုင်း အရေးပေါ်ရှောင် ဖို့ ပင်လယ်ကနေ ကမ်းကို ပြန်ကပ်လာနေကြကြောင်း ရခိုင်ဒေသခံ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကတော့ အဲလိုမျိုး မိုက်နဲ့အော်တာတော့ ရှိတယ်။ မုန်တိုင်း တိုက်တော့မယ်ဆိုရင် အကုန်လုံး ကိုယ့်အိမ်ပေါ် ကိုယ် နေနေကြ ဖို့၊ နောက်ပြီး မုန်တိုင်းရှိတဲ့အချိန် ကမ်းနီးကမ်းဝေး ငါးဖမ်းမထွက်ကြဖို့ လိုက်အော်နေပါတယ်။ မုန်တိုင်းရှိတယ်၊ ကိုယ့်အိမ်ကပစ္စည်းတွေကို ခေါင်မိုး အမိုးတွေ မလန်သွားအောင် တုပ်ချည်ထားကြမယ်-ဒါတွေပဲလုပ်နေကြပါတယ်။ အကုန်လုံးကတော့…”

ဆိုင်ကလုန်းရဲ့ လက်ရှိအခြေအနေဟာ မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းကစတင်ပြီး အရှေ့မြောက်ဘက်ကို ကွေ့ဝင်ပြီး နောက် မေလ ၁၆ ရက်နေ့ မနက်ပိုင်း မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေတွေ ကို ဖြတ်ကျော် ဝင်ရောက်လိမ့်မယ်လို့ မြန်မာမိုးလေဝသဦးစီးဌာနက ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဖြတ်ကျော်စဉ်မှာ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဝင်ရောက် မှာဖြစ်ပြီး မဟာစင်မုန်တိုင်း ကုန်းတွင်းပိုင်းကို ဝင်တဲ့အချိန်မှာ လေတိုက်နှုန်းဟာ တနာရီကို ၉၇ မိုင်နှုန်းနဲ့ ဆိုင်ကလုန်းပြင်းအား အဆင့် ၂ နဲ့ ဝင်ရောက် တိုက်ခတ်မှာဖြစ်တယ်လို့ အမေရိကန် ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်းစောင့်ကြည့်ရေး ဌာနကလည်း ခန့်မှန်းထားပါတယ်။
XS
SM
MD
LG