သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှ မြန်မာအလုပ်သမားတချို့ ရန်ကုန် ပြန်ရောက်


တနင်္လာနေ့မှာ မြန်မာသံရံုံးနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက စီစဉ်ကြီးကြပ်မှုနဲ့ ပထမဆုံးအကြိမ် မလေးရှားနိုင်ငံက လုံခြုံရေးနဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့ မြန်မာအလုပ်သမား၂၅ ဦးကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

မလေးရှားနိုင်ငံတွင်း မြန်မာနိုင်ငံသားအချင်းချင်း အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့အတွက် အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်ရလို့ အလားတူ မိခင်နိုင်ငံကို ပြန်လိုကြတဲ့ မလေးရှားနိုင်ငံက မြန်မာအလုပ် သမားတွေ နေရပ်ရင်း ပြန်ဖို့အရေးကိုလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေ ပူးပေါင်းကူညီပေးနေကြပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မြန်မာသံရံုံးနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ပူးပေါင်းစီစဉ်မှုနဲ့ ပထမဆုံးအကြိမ် မြန်မာ့လေကြောင်းလိုင်း MAI နဲ့ မြန်မာအလုပ်သမား ၂၅ ယောက်ကို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ ဦးသီဟမောင်မောင် က ဗွီအိုအေကို ပြောပါတယ်။

ဒီ ၂၅ ယောက်ထဲမှာ ကပုန်းဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေသူတွေနဲ့ ဆေးရုံတက် ဆေးကုသမှု ခံနေရသူတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

“အရေးပေါ်ဖြစ်တဲ့အခါကျတော့ ကျနော်တို့က အမြန်ဆုံးနည်းနဲ့ စီစဉ်တာဆိုတော့ CofI က ကျနော်တို့ လျှောက်ပြီး ပြန်ရတာပါ။ ဘုန်းတော်ကြီးကျောင်းမှာ ခဏ ခိုလှုံနေတဲ့ ၁၆ ယောက်နဲ့ နောက်ပြီးတော့ ဆေးရုံတက်တဲ့ ၁ ယောက်ပေါ့လေ သူ့နာမည်ကတော့ ထွန်းမော်သိန်းပေါ့လေ သူနဲ့ဆိုရင် အဲ့ဘက်အဖွဲ့က ၁၇ ယောက်ပေါ့။ နောက်ထပ် ကျနော်တို့က ၈ ယောက် စုစုပေါင်း ၂၅ ယောက်ပေါ့လေ။ အဲ့ဒီ ၂၅ ယောက်က ဒီနေ့ MAI နဲ့ ပြန်သွားပါတယ်။ အခုလည်း မြန်မာပြည်ကို ကောင်းကောင်းမွန်မွန် ရောက်သွားတယ်လို့ ဖုန်းဝင်လာတယ်။”

အခုစီစဉ်ပေးလိုက်တဲ့ ဦးစားပေးအုပ်စုအပြင် ကျန်ရှိနေသေးတဲ့ နေရပ်ရင်း ကိုပြန်လိုသူ မြန်မာအလုပ်သမားတွေအတွက်လည်း မြန်မာသံရံုံးအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ကိုလည်း မလေးရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ကပုန်း နာရေးကူညီမှုအသင်းက ဦးဆန်းဝင်း က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အခုအချိန်မှာတော့ စောင့်ဆိုင်းနေဆဲ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ နေထိုင်ရေးမှာ အခက်အခဲတွေ ဖြစ်နေကြရတယ်လို့လည်း ဦးဆန်းဝင်း က ဆိုပါတယ်။

“ကျနော်တို့ အကြံပေးချင်တာကတော့ Immigration ရုံးကို သွားမယ်ဆိုရင်လည်း မြန်မာသံရုံးအနေနဲ့ ဥပမာပေါ့ ဖယ်ရီကားတွေကို ငှားပြီး တခါတည်း အုပ်စုလိုက် အုပ်စုလိုက် တင်ပြီးသွားရင် ပိုပြီး မြန်ပါတယ်။ မလေးရှားအာဏာပိုင်တွေကိုလည်း ဒါတွေ အမြန်ဆုံး ကူညီပေးဖို့အတွက် နှစ်ဦးနှစ်ဘက် ညှိနှိုင်းလိုက်ရင် အကောင်းဆုံးဖြစ်မယ်ထင်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုလို CofI တစ်ခုတည်း မြန်မာသံရုံးအတွက် လိုက်ပြီး ကူညီပေးနေမယ့်အစား ကိုယ်တိုင်ကိုယ်ကျ ကူညီပေးလိုက်လို့ရှိရင် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်မယ်လို့ ကျနော်တော့ အကြံပေးချင်တယ်။”

ဇွန်လ ၁၈ ရက်နေ့ အင်္ဂါနေ့က စတင်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ CofI နိုင်ငံသား အသိအမှတ်ပြု လက်မှတ် ရထားပြီးသား မြန်မာအလုပ် သမားတွေကို မြန်မာနိုင်ငံကို တရားဝင်ပြန်နိုင်ရေး အခက်အခဲမရှိအောင် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနကို သွားရောက် လုပ်ဆောင်နိုင်ဖို့ အလုပ်သမားရေး ကူညီပေးနေသူတွေအနေနဲ့ လိုက်လံ လုပ်ဆောင်ပေးကြမှာ ဖြစ်တယ်လို့လည်း မြန်မာသံရုံးနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးနေသူ ဦးသီဟမောင်မောင် က ဆိုပါတယ်။

“မနက်ဖြန်မှာ စစီစဉ်ပါတယ်။ ၁၆ ယောက်ဆိုတော့လေ ကျနော်တို့ နောက်ထပ် ၄ ယောက်လောက် ထပ်ဖြည့်ပြီးတော့ အယောက် ၂၀ လောက် ကျနော်တို့ မှန်းလိုက်တယ်ပေါ့လေ။ အဲ့ဒီ အယောက် ၂၀ မှန်းပြီးတော့ ကျနော်တို့ စ ပို့မှာပဲပေ့ါလေ။ လူကြီးတွေဘက်ကလည်း ထပ်ပြီးတော့ ၂၀ အပြင်ကို နောက်ထပ် ၁၀ ယောက် ထပ်ဖြည့်လို့ရရင် နောက်ထပ် အယောက် ၂၀ လောက် ထပ်ဖြည့်လို့ရရင်လည်း ကျနော်တို့ ကြိုးတော့ ကြိုးစားနေပါတယ်ခင်ဗျ။ မနက်ဖြန်အနေနဲ့ကတော့ ကျနော်တို့ အယောက် ၂၀ ကို Immigration ကို ခေါ်သွားဖို့ရှိပါတယ်။”

အဲ့ဒီအုပ်စုတွေထဲမှာတော့ ကျန်းမာရေးမကောင်းတဲ့သူ အသက်အရွယ် ကြီးမြင့်သူ နောက် ကိုယ်ဝန်ဆောင် သားသည်မိခင် စတဲ့သူတွေကို ဦးစားပေး ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံကို ပြန်လိုသူတွေရဲ့ အခက်အခဲနဲ့ လက်ရှိ လုံခြုံရေးအခြေအနေကို သိနိုင်ဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့ အပါအဝင် မြန်မာအလုပ်သမား အများစု နေထိုင်တဲ့ ပီနန်း၊ ဂျိုဟိုး စတဲ့မြို့တွေကို မလေးရှားနိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူတွေ အပါအဝင် မြန်မာအလုပ်သမားအရေး လူပ်ရှားသူတွေက သွားရောက်ပြီး နေရပ်ရင်းပြန်လိုသူ အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာသံရုံးရှိရာ ကွာလာလမ်ပူမြို့ကို လာရောက်ဖို့ လုံခြုံရေးနဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲရှိနိုင်တဲ့အတွက် ပြန်လိုသူ အလုပ်သမားတွေက ရွေးချယ်လိုက်တဲ့ အလုပ်သမား ကိုယ်စားလှယ်အနေနဲ့ CofI အသိအမှတ်ပြုကဒ်တွေကို အဆင်ပြေချောမွေ့စွာ လာရောက်လုပ်ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့လည်း ဦးသီဟမောင်မောင် က ဆိုပါတယ်။

အခုလက်ရှိ မလေးရှားနိုင်ငံတွင်းက နေရပ်ရင်းပြန်လိုသူ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံတွင်း နေထိုင် လုပ်ကိုင်နေတဲ့ သတ်မှတ်ချက်အနေအထားကို ဦးဆန်းဝင်း က ရှင်းပြပါတယ်။

“မလေးရှားမှာ ၃ မျိုးရှိပါတယ်ခင်ဗျ။ ရွှေ့ပြောင်းအလုပ်သမားတွေ ရှိပါတယ်။ နောက်တခုက စစ်သည်လို့ခေါ်တဲ့ အဆင့် ၆ ဆင့်ပါတဲ့ စီမံကိန်းနဲ့ထုတ်ထားတဲ့ ပတ်စ်ပို့သမားတွေ ရှိပါတယ်။ ဒီပတ်စ်ပို့သမားတွေကလည်း အကြောင်းကြောင်းကြောင့် ဒီပတ်စ်ပို့တွေ ရတဲ့အခါမှာ နှောင့်နှေးတဲ့အတွက်ကြောင့် ပါမစ်တင်တဲ့အခါ အခက်အခဲတွေ တွေ့တော့ ဒီလူတွေမှာ ပါမစ်ဆိုတာ မရှိဘူး။ အဲ့လိုမရှိတော့ ပတ်စ်ပို့တော့ရှိတယ် ပါမစ်တော့မရှိတဲ့ လူတစ်စုရှိပါတယ်။ နောက်တခုအနေနဲ့ ပါမစ်ရှိတယ်။ ပတ်စ်ပို့ရှိတယ်။ ဒါပေမဲ့ သူဌေးတွေက ချုပ်ကိုင်ထားတယ်။ အဲ့လိုလူမျိုးတွေကလည်း တစ်စုရှိသေးတယ်။ အဲ့ဒီ ၃ စုကို ဘယ်လိုလမ်းကြောင်းတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ အမြန်ဆုံး ဖြေရှင်းရမယ်ဆိုတဲ့ လမ်းကြောင်းလေးတစ်ခုကို ချပေးရင် အရမ်းမြန်ပါတယ်ခင်ဗျ။”

ပြန်လိုသူတွေလည်းရှိသလို ဆက်ပြီး အလုပ်လုပ်ကိုင်လိုသူတွေလည်း ရှိတဲ့အတွက် သူတို့ရဲ့ လုံခြုံရေးကိုလည်း ကာကွယ်ပေးဖို့ မကြာသေးခင်က ရောက်ရှိလာခဲ့တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့အပါအဝင် မြန်မာသံရုံး တာဝန်ရှိသူတွေက မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစဉ်မှာ ပါရှိတဲ့ သတင်းထုတ်ပြန်ချက်အရတော့ မေ ၃၀ ကနေ ဇွန်လ ၇ ရက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မလေးရှားနိုင်ငံမှာ ဝိုင်းဝန်း အနိုင်ကျင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတယ်လို့ ဖော်ပြပါရှိပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ မလေးရှားနိုင်ငံတွင်းမှာ မြန်မာ အလုပ်သမားတွေရဲ့ အခြေအနေဟာ အေးချမ်းစပြုနေပြီး တိုက်ခိုက်မှု အကြမ်းဖက်မှု တစုံတရာ ထပ်မံ မဖြစ်ပွားတော့ဘူးလည်း သိရပါတယ်။
XS
SM
MD
LG