သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေ အကြမ်းဖက်ခံရမှု စုံစမ်းဖို့ အစိုးရကိုယ်စားလှယ်အဖွဲ့ မလေးရှားထွက်ခွာ


မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအချို့ သတ်ဖြတ်ခံရတဲ့ကိစ္စတွေ စုံစမ်းဖို့နဲ့ မလေးရှားရောက် မြန်မာလူမျိုးတွေကို ကူညီ အကာအကွယ်ပေးနိုင်ဖို့ မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှားနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ တနေ့တုန်းက အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့နောက် အခြေအနေတွေ ပြန်လည် တည်ငြိမ်အေးဆေးလာပေမဲ့ မလေးရှားရောက် မြန်မာနိုင်ငံသား အများစုကတော့ သူတို့ လုံခြုံရေးအတွက် စိုးရိမ်နေဆဲ ရှိပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦး က စုံစမ်းတင်ပြထားပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးက ရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေကြား ကွာဟမှုတွေ ဖြစ်နေတာကြောင့် တကယ့် ပကတိအခြေအနေတွေကို လေ့လာစုံစမ်းနိုင်ဖို့နဲ့ မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုတိယဝန်ကြီးတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှားနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီဆိုတာကို မြန်မာသမ္မတရုံးက အတည်ပြု ပြောပါတယ်။

သွားရောက်တဲ့ ရည်ရွယ်ရင်း အဓိက အချက် ၂ ချက်ရှိပြီး ပထမ သတ်ဖြတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကိစ္စ စုံစမ်းဖို့နဲ့ ဒုတိယ မလေးရှားရောက် မြန်မာလူမျိုးတွေအတွက် လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ မြန်မာသမ္မတရုံးက ပြောပါတယ်။

ပြင်ပသတင်းတွေမှာ သေဆုံးသူ မြန်မာ ၆ ဦးလောက်ရှိပြီလို့ ပြောပေမဲ့ မလေးရှား မြန်မာသံရုံးရဲ့ စုံစမ်းမှုအရ သေဆုံးသူ မြန်မာ ၃ ဦးပဲ ရှိတာကြောင့် ဒီလို သတင်း ကွာဟမှုတွေကိုလည်း စုံစမ်းသွားမယ်လို့ ပြောပါတယ်။ မလေးရှားမှာရှိတဲ့ မြန်မာအများစုကတော့ ဒီသတင်းတွေ ဖြစ်ပေါ်ပြီး လုံခြုံရေး စိုးရိမ်ချက်ကြောင့် မြန်မာနိုင်ငံကို ပြန်လိုကြတယ်လို့ တနေ့က အခင်းဖြစ်ခဲ့တဲ့နေရာနဲ့ မနီးမဝေး ကပုန်း မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးဣိန္ဓက က မိန့်ကြားပါတယ်။

“အရင်ရက်တွေထက်စာရင် ငြိမ်သွားပြီလို့ ပြောလို့ရပေမဲ့ မြန်မာပြည်သား အလုပ်သမားလေးတွေရဲ့ စိတ်ထဲမှာတော့ ကြောက်ရွံ့နေတာပေါ့လေ။ အပြင်လဲ သိပ်မထွက်ရဲဘူး။ နောက်ဆုံးပြောရရင် ဒီမှာ ဆက်မနေချင်တော့ဘူး မြန်မာပြည် ပြန်ချင်စိတ်တွေ တော်တော်ပေါက်ပြီးတော့ ၁၀ ယောက်မှာ ၈ ယောက်လောက်က မြန်မာပြည်ကို ပြန်ချင်နေကြတယ်။”

မေး။ ။ အရှင်ဘုရားတို့ ဘုန်းကြီးကျောင်းတွေ ဘာတွေနဲ့ပတ်သက်လို့ လုံခြုံရေးရော အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ “ဘုန်းကြီးကျောင်း လုံခြုံရေးလည်းပဲ ကိုယ့်ဟာနဲ့ကိုယ် သတိထားပြီးတော့ နေနေကြရတာပေါ့။ မြန်မာပြည်က ကလေးတွေရဲ့ အစောင့်အရှောက်နဲ့ပဲ ဒီမှာ နေနေကြရတာ။ ဦးဇင်းတို့က သတင်းတွေ ကြားကတည်းက နီးစပ်ရာ ရဲစခန်းကို Report လုပ်ထားပါတယ်။ ဒီလို ဒီလို သတင်းတွေကြားတယ်။ ဒီကျောင်းကိုလည်းပဲ မြန်မာဘုန်းကြီးကျောင်းလို့ သိထားတယ်။ ဒီကျောင်းက မြန်မာဘုန်းကြီးကျောင်း မဟုတ်ဘူး ဒကာကြီး။ တရုတ်ကော်မတီတွေနဲ့ တည်ထောင်ထားတဲ့ တရုတ်ကျောင်းပေါ့။ ဒါပေမဲ့ မြန်မာတွေ အဝင်အထွက်များတော့ မြန်မာကျောင်းလို့ သိနေကြတာ။ ဆိုတော့ မြန်မာကျောင်းဆိုပြီးတော့ ရန်ရှာမယ်ဆိုပြီးတော့သတင်းတွေရတော့ ဦးဇင်းတို့က ရဲစခန်းကို Report လုပ်ထားတယ်။ Report လုပ်ထားတော့ အရင်တုန်းက ၁ နာရီကို နှစ်ခါ ကျောင်းရှေ့ကို ပတ်တယ်ဆိုရင် အခု လေးခါလောက်တော့ လာပတ်ပေးတာပေါ့လေ။ ဒါပါပဲ။”

မေး။ ။ မြန်မာသံရုံးကိုရော အကူအညီတောင်းတာမျိုး ရှိပါသလားဘုရား။

ဖြေ။ ။ “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဦးဇင်းကတော့ အကူအညီ မတောင်းပါဘူး။ တချို့ကတော့ ဒီမှာသောင်တင်နေတဲ့ ကလေးတွေအတွက် CI လို့ခေါ်တဲ့ သူတို့ ဘာလဲမသိပါဘူး သူတို့ဆီက စာရွက်ကလေး ထုတ်ပေးဖို့ ဦးဇင်းက အကူအညီ တောင်းထားတယ်။ ဒီပတ်စ်ပို့မရှိတဲ့ သူတွေအတွက်ပေါ့လေ။”

မေး။ ။ တင်ပါ့။ မလေးရှားဘက်ကလည်း ဒီ တရားမဝင် မြန်မာအလုပ်သမားတွေ ဖမ်းတာဆီးတာ ပိုများလာတယ်လို့ ပြောတယ်ဘုရား။ အဲ့ဒါ မှန်ပါသလား။

ဖြေ။ ။ “ပိုများလာတယ် ဟုတ်တယ်ဒကာကြီး။ ဒီကိစ္စဖြစ်ပြီးတော့ မြန်မာလူမျိုးတွေက ပြဿနာရှာတာပဲဆိုပြီးတော့ မြန်မာမှန်သမျှ အကုန်လုံး ဖမ်းတာပဲ။ ကြားရတဲ့ သတင်းတွေအရတော့ မြန်မာနိုင်ငံသားအချင်းချင်း ဖြစ်ကြတာလို့ ပြောကြတယ်။ အများကတော့ အဲ့လို မြန်မာစကားတွေပြောပြီးတော့ တိုက်ခိုက်ကြတယ်လို့ ပြောတယ် ဒကာကြီး။”

မေး။ ။ တနင်္ဂနွေနေ့က အကြမ်းဖက်မှုဖြစ်ကြတော့ မြန်မာအမျိုးသမီးနှစ်ဦး စော်ကားခံရတယ်ဆိုပြီးတော့ သတင်းမျိုးတွေလည်း ထွက်လာပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ရော အရှင်ဘုရား ဘာများ သိထားပါသလဲ။

ဖြေ။ ။ “အဲ့လိုပဲ အစော်ကားခံရတယ်။ သတ်ပစ်လိုက်တယ်လို့ ဒီလောက်ပဲကြားတာ ဒကာကြီး။ ဒီမှာရှိတဲ့ ဒကာတွေက သွားကြည့်ပြီး Confirm မလုပ်နိုင်ဘူး။ တကယ့်အဖြစ်အပျက်ကို တချို့နေရာတွေမှာဆိုရင် ဒီလိုဖြစ်ပြီဆိုရင် ဒီက ဒကာတွေ၊ နာရေးကူညီမှုအသင်းက ဒကာတွေ သွားကြည့်လို့ရှိရင် အသုဘမသာဖြစ်တဲ့ဟာတွေကို မြင်ခဲ့ရတယ်ပေါ့လေ။ တွေ့ခဲ့ရတယ်။ ဆေးရုံရောက်တာတွေ ဘာတွေ သူတို့ ဆေးရုံအထိ လိုက်ကြည့်တယ်။ ဒီကိစ္စမှာတော့ အဲ့လို ဘာမှမကြည့်ဖြစ်ဘူး။ သိခွင့်မရဘူး။ ဒါကြောင့်မို့လို့ Confirm မလုပ်နိုင်ဘူးပေါ့။”

မြန်မာအမျိုးသမီး နှစ်ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ မလေးရှား ဒေသ အာဏာပိုင်တွေဘက်ကလည်း အတည်ပြု ထုတ်ပြန်တာမရှိပါဘူး။ အကြမ်းဖက်သတ်ဖြတ်မှုမှာ မသင်္ကာသူတချို့ကိုတော့ ဝရမ်းထုတ်ပြန်ထားတာ ရှိပါတယ်။

အခု သွားတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပြည်ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ်က တာဝန်ရှိသူတွေလည်း ပါသွားပြီး၊ မြန်မာအလုပ်သမားတွေနဲ့ အဲ့ဒီက အလုပ်ရှင်တွေအကြား ညှိနှိုင်းဆောင်ရွက်ပေးဖို့လည်း ရှိတယ်လို့ မြန်မာသမ္မတရုံးက ပြောပါတယ်။
XS
SM
MD
LG