မလေးရှားနိုင်ငံမှာ ခရစ်ယာန် သမ္မာကျမ်းစာ Bible စာအုပ်ပေါင်း ၅,၀၀၀ ကျော်ကို မဖြန့်ဝေမီ အစိုးရ အမှတ်အသားတွေလုပ်ပြီး အရုပ်ဆိုးအောင် လုပ်ခဲ့တယ်လို့ မလေးရှား ခရစ်ယာန် အဖွဲ့အစည်းတွေက စွပ်စွဲလိုက်ပါတယ်။
မလေးဘာသာနဲ့ ရေးသားထားတဲ့ ခရစ်ယာန် သမ္မာကျမ်းစာအုပ်တွေပေါ်မှာ ခရစ်ယာန်များ အတွက်သာ ဆိုတဲ့ စာတန်းတွေကို အစိုးရက တံဆိပ်တုံးတွေနဲ့ ရိုက်နှိပ်ထားခဲ့ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာ အစိုးရက ဒီ ခရစ်ယာန် သမ္မာကျမ်းစာအုပ်ပေါင်း ၃၅,၀၀၀ ကို ဖြန့်ဝေဖို့ သဘောတူခဲ့ပါတယ်။
၂၀၀၉ ခုနှစ်တုန်းကတော့ မလေးရှားနိုင်ငံ အစ္စလာမ် ဘာသာရေးမှာ အလ္လာအရှင်ကိုပဲ ဘုရားသခင် God ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြခွင့် ပြုတာကြောင့် မလေးဘာသာနဲ့ ခရစ်ယာန် သမ္မာကျမ်းစာမှာ ဒီစကားလုံး ပါနေလို့ဆိုပြီး ခရစ်ယာန် သမ္မာကျမ်းစာတွေကို ပုံနှိပ်ပြီးမှ ဖြန့်ဝေခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားတရားရုံး တရုံးကတော့ အစ္စလာမ်ဘာသာ မဟုတ်တဲ့ တခြားဘာသာတွေမှာလည်း ဘုရားသခင် God ဆိုတဲ့ စကားလုံး သုံးနိုင်တယ်လို့ အဆုံးအဖြတ် ပေးခဲ့ပေမဲ့ မွတ်ဆလင် ကြီးစိုးတဲ့ မလေးရှားနိုင်ငံ အစိုးရက ဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ အယူခံ ဝင်ခဲ့ပါတယ်။
အခုအခါ မလေးဘာသာနဲ့ ခရစ်ယာန် သမ္မာကျမ်းစာအုပ်တွေ ပြန်ပြီး ဖြန့်ဝေခွင့် ပြုခဲ့တာဟာ အစိုးရရဲ့ စိတ်ကောင်း စေတနာ ပြသခဲ့တာလို့ မလေးရှား အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလို သမ္မာကျမ်းစာအုပ်တွေမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အစိုးရက လုပ်တာဟာ ဘာသာရေးအရ တိုက်ခိုက်ခဲ့တာလို့ ဒီနေ့ မလေးရှား ခရစ်ယာန် အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။