သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား တရားမ၀င် အလုပ်သမား မှတ်ပုံတင် အစီအစဉ် ရက်ထပ်ရွှေ့


မလေးရှား တရားမ၀င် အလုပ်သမား မှတ်ပုံတင် အစီအစဉ် ရက်ထပ်ရွှေ့

မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ တရားမ၀င် နိုင်ငံခြားသားတွေအတွက် လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက မနေ့က ထပ်မံ ရွှေ့ဆိုင်းလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ လုပ်ငန်းဆိုင်ရာ အကောင်အထည် ဖော်တာတွေမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ရွှေ့ဆိုင်းတယ်လို့ ပြောဆိုပေမဲ့ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကတော့ မျှော်လင့်ထားသလောက် အလုပ်သမားတွေ မှတ်ပုံမတင်တာကြောင့်လို့ ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

၂ ပတ်အတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တာဟာ လုပ်ငန်းပိုင်းဆိုင်ရာ အကောင်အထည် ဖော်မှုတွေမှာ စိတ်တိုင်း မကျသေးတာကြောင့်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး ဒါတွတ် ဆီရီ ဟီရှမ်မူဒင် ဟူစိန် (Datuk Seri Hishammuddin Hussein) ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ထုတ် New Straits Times သတင်းစာက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတော့ ဒီအစီအစဉ်ကို ဇူလိုင် ၁၁ ရက်နေ့မှာ စတင်မယ်လို့ ကြေညာခဲ့ပေမဲ့ မစတင်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့အပတ်က ဇူလိုင် ၁၈ ရက်မှာ စတင်မယ်လို့ ထပ်မံကြေညာပြီးမှ အခုလို ရက်အကန့်အသတ်မရှိ နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုပေးနေတဲ့ ဧဒင်ဥယျာဉ် ကုမ္ပဏီ ၀န်ထမ်းတယောက်က အစီအစဉ် ရွှေ့ဆိုင်းမှုအပေါ် အခုလို ပြောပါတယ်။

“တကယ်တမ်း ကျနော်တို့ နဖူးတွေ့၊ ဒူးတွေ့ပေါ့နော်၊ သံရုံးသွားရ၊ အစည်းအဝေး သွားရတာနဲ့ တောက်လျှောက် မေးလာတဲ့ အခါမှာ ဒီကောင်ကို မစနိုင်သေးတာ အဓိက အလုပ်သမားတွေ Register လုပ်တဲ့နှုန်း တအားနည်းတာလည်း ပါတယ်။ အခု ရက်ရွှေ့လိုက်တဲ့အပိုင်းမှာ ဈေးနှုန်းကြောင့်လည်း အနည်းငယ် ပါတယ်ဗျ။ နံပါတ်တစ်- သူတို့နိုင်ငံမှာဖြစ်တဲ့ အရေးအခင်းကြောင့်၊ နှစ်-ဈေးနှုန်းကြောင့်၊ သုံး-ကတ်တွေ အဆင်သင့် မဖြစ်သေးတာကြောင့် နောက်ဆုတ်လိုက်ရတာ။”

ပတ်စ်ပို့အတွက် မြန်မာသံရုံးက သတ်မှတ်ဈေးနှုန်းတွေကတော့ ဗီဇာရက်လွန် နေထိုင်ပြီး ပတ်စ်ပို့ ပြန်လျှောက်မယ့်သူက ရင်းဂစ် ၁,၂၈၀ ဖြစ်ပြီး ယာယီပတ်စ်ပို့အသစ် လျှောက်မယ့်သူက ရင်းဂစ် ၃၂၀ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ မြန်မာနိုင်ငံသားတယောက် ယာယီပတ်စ်ပို့ လျှောက်မယ်ဆိုရင် ရင်းဂစ် ၃,၀၀၀ ကနေ ၅,၀၀၀ အကြား ကုန်ကျမှာဖြစ်ပြီး လက်ရှိ ငွေလဲနှုန်းအရ မလေးရှား ၁ ရင်းဂစ်ကို မြန်မာငွေ ၂၆၃ ကျပ် ဖြစ်ပါတယ်။

လောလောဆယ်တော့ ဧဒင်ဥယျာဉ် ကုမ္ပဏီကတဆင့် ယာယီပတ်စ်ပို့ လျှောက်ဖို့ တင်ထားသူ တရားမ၀င် အလုပ်သမား ၅,၀၀၀ ကျော်ခန့် ရှိနေပြီး တရားဝင် ခွင့်ပြုထားတဲ့ ပွဲစား ကုမ္ပဏီပေါင်း ၂၅၀ ကျော် ရှိပါတယ်။ ကုန်ကျစရိတ်တွေအပေါ် အလုပ်ရှင်နဲ့ အလုပ်သမားတွေဘက်က တိုင်တန်းတာတွေ ရှိလာတာကြောင့် အာဏာပိုင်တွေဘက်က အနိမ့်ဆုံးစရိတ် သတ်မှတ်ပေးဖို့ ပွဲစားကုမ္ပဏီတွေက တင်ပြဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ပွဲစားခကို အလုပ်ရှင်က စိုက်ပေးသူတွေပဲ လုပ်နိုင်တယ်လို့ အလုပ်သမားတယောက်က ပြောပါတယ်။

“လူတိုင်းက လုပ်ချင်ကြတာပေါ့ဗျာ။ ဒါပေမဲ့ ပိုက်ဆံမတတ်နိုင်ကြဘူးလေ၊ ရတဲ့လစာနဲ့က။ သူဌေးအာမခံတဲ့ လူကျတော့ သူဌေးက လုပ်ပေးတယ်ဗျာ၊ တလကို ၃၀၀ ဖြင့် ၃၀၀၊ အဲဒီလို ဆပ်သွားမယ့် လူတွေကျတော့ လုပ်လို့ရတာပေါ့။ ကျနော်တို့လို ကိုယ်ထူကိုယ်ထ သမားတွေကျတော့ လုပ်ဖို့ မလွယ်ဘူးပေါ့။ ဘာလို့ဆိုတော့ ရတဲ့လစာက အိမ်လခ၊ ထမင်းဖိုးနဲ့၊ အိမ်ပို့လည်း ၁၀၀,၀၀၀၊ ၁၅၀,၀၀၀ ပေါ့။ ပို့လိုက်ပြီဆိုတော့ ဒီစာအုပ်ကြီး လေးငါးထောင်နဲ့ လုပ်မယ်ဆိုတော့။”

မလေးရှားအစိုးရဟာ နိုင်ငံထဲ ရှိနေတဲ့ တရားဝင်နဲ့ တရားမ၀င် နိုင်ငံခြားသားတွေကို စိစစ်နိုင်ဖို့ ပြင်ဆင်လာရာမှာ ဒီနေ့ကစလို့ တရားဝင် နိုင်ငံခြားသား အားလုံးကို လက်ဗွေ အပါအ၀င် အလုပ်အကိုင်၊ အလုပ်ရှင်၊ လစာ၊ အလုပ်လုပ်နေရာ စတဲ့ မှတ်တမ်းတွေပါတဲ့ Biometric System နဲ့ မှတ်တမ်းယူနေပါပြီ။ အခုအစီအစဉ်ပြီးမှ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး အစီအစဉ်အရ အလားတူ မှတ်တမ်းယူမှာ ဖြစ်တယ်လို့ ပွဲစားကုမ္ပဏီတွေက ခန့်မှန်းကြပါတယ်။

မလေးရှားအစိုးရက နိုင်ငံတွင်း တရားမ၀င် နိုင်ငံခြားသား ၂,၀၀၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ အခုပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ တရားဝင် နေထိုင်ခွင့် မလျှောက်ဘဲ နိုင်ငံရင်းပြန်မယ့် မြန်မာအလုပ်သမားတွေလည်း အများအပြား ရှိတယ်လို့ သိရပါတယ်။ မလေးရှားမှာ တရားမ၀င် မြန်မာအလုပ်သမား ၅၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့ အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပြီး အများစုက စက်ရုံ အလုပ်ရုံ၊ စားသောက်ဆိုင်၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ကြပါတယ်။

XS
SM
MD
LG