သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ဘာသာရေးကျောင်းမီးလောင်မှု ၂၃ ဦး သေဆုံး


မလေးရှား ဘာသာရေးကျောင်းမီးလောင်
မလေးရှား ဘာသာရေးကျောင်းမီးလောင်

မလေးရှား နိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ဒီကနေ့ ကြာသပတေးနေ့ မနက်အစောပိုင်း ပုဂ္ဂလိက ဘာသာရေးကျောင်း တခုမှာ မီးလောင်လို့ ၂၃ ဦး သေဆုံးခဲ့ရပါတယ်။ Darul Quran Ittifaqiyah ဘာသာရေးကျောင်းရဲ့ ကျောင်းသား အိပ်ဆောင် အပေါ်ဆုံးထပ်မှာ မနက်လင်းအားကြီး အချိန် မီးလောင်ခဲ့တာလို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာတော့ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်ကြား ယောက်ျားလေး ၂၁ ဦးနဲ့ ဆရာ နှစ်ဦးတို့ ဖြစ်ပါတယ်။ မီးလောင်နေတာကြောင့် အိပ်ဆောင်ကို ဝင်တဲ့ တခုတည်းသော တံခါးပေါက်ကို သွားမရ ဖြစ်ခဲ့သလို ပြူတင်းပေါက်တွေကိုလည်း သံတိုင်တွေနဲ့ ကာရံထားတာကြောင့် ထွက်ပြေးလို့ မရခဲ့တာ ဖြစ်ပါတယ်။ မီးတောက်တွေကြားက အော်ဟစ် အကူအညီတောင်းနေသံတွေကိုလည်း ကြားခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မီးခိုးမွန်းပြီး သေဆုံးခဲ့တဲ့ အနေအထားလို့လည်း မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောင်းကနေ ကယ်ထုတ်ခဲ့ရတဲ့ ကျောင်းသား ၁၈ ဦးထဲက ၆ ဦးတို့ကတော့ စိုးရိမ်စရာ အနေအထားနဲ့ ဆေးရုံတင်ထားရပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံက ရာနဲ့ချီရှိတဲ့ အစ္စလာမ် ဘာသာရေးကျောင်းတွေထဲက တခုဖြစ်တဲ့ Darul Quran Ittifaqiyah ဘာသာရေးကျောင်းမှာ တက်ရောက်ကြတဲ့ ကလေးငယ်တွေက ကိုအာရ် ကျမ်းစာကို အာဂုံဆောင် ကျက်မှတ် လေ့လာကြတာ ဖြစ်ပါတယ်။

ဒီဘာသာရေးကျောင်း အများအပြားကိုတော့ အစိုးရဘက်က ကြီးကြပ်မှု မရှိပါဘူး။ ၂၀၁၅ ခုနှစ်ကတည်းက ဆိုရင် မလေးရှားနိုင်ငံက အစ္စလာမ် ဘာသာရေး ကျောင်းပေါင်း ၂၁၁ ခု မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာန မှတ်တမ်းတွေကို ကိုးကားပြီး Star သတင်းစာက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG