သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးဆဲ မလေးရှားလေယာဉ် အကြမ်းဖက်မှုကြောင့် ဖြစ်နိုင်ချေနည်း


မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျောက်ဆုံးနေတဲ့ ကိစ္စဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံ မရဘူးလို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

လေယာဉ်ပေါ်ကို ခိုးရာပါ နိုင်ငံကူးလက်မှတ် အသုံးပြုပြီး လိုက်ပါသွားတဲ့ ခရီးသည် ၂ ယောက်နဲ့ ပတ်သတ်ပြီး အသစ်ရရှိတဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ပျောက်သွားခဲ့ပုံ သိပ်မရှိဘူးလို့ Interpol အတွင်းရေးမှူးချုပ် Ronald Noble က ပြောပါတယ်။

သူတို့ ၂ ဦး လေယာဉ်ပေါ် အတူတူတက်သွားတဲ့ ဓာတ်ပုံတွေကို Interpol က ထုတ်ပြန်လိုက်ပါတယ်။ သူတို့ကတော့ အသက် ၁၉ နှစ်အရွယ် Pouri Nourmohammadi နဲ့ အသက် ၂၉ နှစ်အရွယ် Delavar Seyedmohammaderza တို့ ဖြစ်ကြပါတယ်။

အသက် ၁၉ နှစ်အရွယ် အမျိုးသားက ဂျာမနီနိုင်ငံမှာ အခြေချနေထိုင်ဖို့ လုပ်တာ ဖြစ်နိုင်တယ်လို့ မလေးရှား ရဲချုပ် Khalid Tan Sri က ပြောပါတယ်။ နောက်အမျိုးသားနဲ့ ပတ်သတ်ပြီးတော့ စုံစမ်းနေဆဲရှိပါတယ်။ ဒီလို ထပ်ပြီး သိလိုက်ရတဲ့ အချက်တွေအရ သူတို့ ၂ ဦးပေါင်းပြီး အကြမ်းဖက်မှု လုပ်ဆောင်တဲ့ အနေအထားတော့ သိပ်မရှိတော့ပါဘူး။

မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ဟာ မလေးရှားနိုင်ငံ Kuala Lumpur မြို့တော်ကနေ ပျံတက်သွားပြီး တစ်နာရီလောက်အကြာ စနေနေ့မနက် အစောကြီးမှာပဲ ဘာမှ အကြောင်းမကြားဘဲ ရေဒါကနေ ပျောက်သွားခဲ့တာပါ။ လေယာဉ်ပေါ် ပါသွားသူ ၂၃၉ ဦးရဲ့ ဆွေမျိုးတွေကတော့ သတင်းဆိုးအတွက် ကြိုတင် တွက်ဆထားပြီးဖြစ်သလို အာဏာပိုင်တွေကလည်း ရှာဖွေရေးတွေ ဒီကနေ့ ဆက်လုပ်နေပါတယ်။

အခုတော့ လေယာဉ်ပျောက်ဆုံးသွားတဲ့နေရာနဲ့ ၁၁၅ မိုင်ပတ်လည်ကို ကုန်းမြေပေါ်မှာပါ အပါအဝင် ရှာဖွေရေးတွေ ဆက်ပြီး လုပ်ဆောင်နေပါတယ်။ လေယာဉ်တွေ သင်္ဘောတွေ အများကြီးပါဝင်ပြီး ကယ်ဆယ်ရှာဖွေရေးတွေ လုပ်နေတာတောင်မှ လေယာဉ်အစအနကိုတောင် ရှာမတွေ့သေးပါဘူး။
XS
SM
MD
LG