သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားအစိုးရသစ် တနှစ်ကြာ အခြေအနေ


မလေးရှားနိုင်ငံမှာ Mahathir Mohamad ဦးဆောင်တဲ့ Pakatan Harapan အစိုးရဟာ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ ပထမတနှစ်တာ ကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ အောင်မြင်မှုတချို့ ရှိခဲ့ပေမဲ့ ဒီပထမနှစ် သက်တမ်းအတွင်း ဆုံးရှုံးမှုတွေ နောက်ပြန်လှည့်ခဲ့ရတဲ့ ဖြစ်ရပ် တွေလည်း အများအပြား ကြုံတွေ့ခဲ့ရပါတယ်။ Zsombor Peter ဘန်ကောက်က ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက ပြောပြမှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ချစားပျက်စီးမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာရအစိုးရအပေါ်မှာ Pakatan Harapan လို့ခေါ်တဲ့ မျှော်လင့်ခြင်းမဟာမိတ်အဖွဲ့ သမိုင်းဝင်အောင်ပွဲ ရရှိခဲ့ပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေ အစောတလျင် ဖြစ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ မြင့်မားနေခဲ့တာပါ။ အဲ့မျှော်လင့်တဲ့အတိုင်း အောင်မြင်မှုတချို့ ရှိခဲ့ပင်မဲ့ စီးပွားရေးနှေးကွေးမှု၊ နိုင်ငံရေးအတိုက်အခံပြုမှု၊ လူမှုရေးကွဲပြားမှုတွေကြောင့် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတာတွေ နောက်ပြန်လျှောကျမှုတွေနဲ့ ရုန်းကန်နေရတယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။

အသစ်တက်လာတဲ့ Mahathir Mohamad ဦးဆောင်တဲ့ အစိုးရဟာ ကုလသမဂ္ဂရဲ့ လူမှုရေးခွဲခြားမှုဆိုင်ရာ convention ကို အသိအမှတ်ပြုဖို့ ဂတိပြုထားခဲ့ပင်မဲ့ မလေးလူမျိုးတွေက တခြားလူမျိုးတွေထက် ပိုရနေတဲ့ အခွင့်ထူးတွေကို ထိခိုက်မှာ စိုးရိမ်မှုတွေရှိလာတဲ့အတွက် အသိအမှတ်မပြုနိုင်ခဲ့ပါဘူး။ အလားတူစွာပဲ ယခင်အစိုးရက အကြမ်းမျဉ်း သဘောတူထားခဲ့တဲ့ ICC ခေါ် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဖို့ ကိစ္စကိုလည်းပဲ ဝန်ကြီးချုပ် Mahathir က ငြင်းဆန်ခဲ့ရပါတယ်။ ဒီအခြေအနေအားလုံးကို လွှမ်းခြုံပြီး Amnesty International Malaysia ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Shamini Karshni Kaliemuthu က အခုလိုခြုံငုံသုံးသပ်ပါတယ်။

“တိုးတက်မှုတချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပြန်လှည့်ခဲ့ရတာတွေလည်း အများကြီးပါ။ အောင်မြင်ဖြစ်ထွန်းလာမယ်လို့ အစောပိုင်းက မျှော်လင့် စိတ်လှုပ်ရှားခဲ့ရတဲ့ ကိစ္စတွေဟာ လက်တွေ့မှာ အနှုတ်လက္ခဏာ ပြသွားခဲ့ပါတယ်။”

ဒါကြောင့်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာ Pakatan တို့ ရှုံးနှိမ့်ခဲ့ရတာလည်း ရှိခဲ့ရပါတယ်။ သဘောထား စစ်တမ်းကောက်ယူမှုတွေမှာလည်း သဘောကျနှစ်သက်တဲ့ အဆင့်လျှောကျသွားခဲ့တာ တွေ့ရပါတယ်။. Merdeka Center သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရဆိုရင် အစိုးရ အသစ်အပေါ် လူထုကြိုက်နှစ်သက်မှု ရာခိုင်နှုန်းဟာ ရွေးကောက်ပွဲပြီးချိန်မှာ ၇၉ ရာခိုင်နှုန်းရှိခဲ့ရာက ပြီးခဲ့တဲ့မတ်လတော့ ၃၉ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီး ဝန်ကြီးချုပ် Mahathir အပေါ်လူကြိုက်များမှုကလည်း ၈၃ ရာခိုင်နှုန်းကနေ ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ Tasmania's Asia Institute က ညွှန်ကြားရေးမှူး James Chin ကတော့ Pakatan ရဲ့ အခက်အခဲတွေဟာ အသစ်တက်လာတဲ့ အစိုးရတိုင်း အထူးသဖြင့် လွတ်လပ်ရေးရပြီးကတည်းက အုပ်စိုးလာခဲ့တဲ့ Barisan ပါတီလက်အောက်မှာ တောက်လျှောက်ရှိလာခဲ့တဲ့ ဒီမိုကရေစီ ယတ္တယားတရပ်ကို အပြောင်းအလွဲလုပ်ပြီး လက်ခံတဲ့ အစိုးရအသစ်အဖို့ တွေ့ရမြဲ ဓမ္မတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်အခု Mahathir အစိုးရရဲ့ ဝန်ကြီးအဖွဲ့ဝင် ၃ ပုံ ၂ ပုံဟာလည်းပဲ အုပ်ချုပ်ရေး အတွေ့အကြုံမရှိကြဘူးလို့ ဆိုထားပါတယ်။

“မလေးရှား နိုင်ငံဟာ တပါတီအုပ်ချုပ်ရေး စနစ်အောက်မှာ နှစ်ပေါင်း (၆၀) ကြာ နေခဲ့ရတယ်ဆိုတာ သတိပြုရပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အရပ်ဘက်အုပ်ချုပ်ရေး အကြီးအကဲတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်နေသူတွေသာ ဖြစ်ခဲ့ပါတယ်။ ယ္ခင်အာဏာရ UMNO ပါတီကို သစ္စာရှိလို့ ရာထူးခန့်အပ်ထားခြင်း ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရသစ်ရဲ့ လုပ်ဆောင်ချက် တွေကို လိုက်နာဆောင်ရွက်ဖို့ ဆွဲဆောင်ရတာဟာ ပြဿနာအများကြီး ရှိနေပါတယ်။”

ဒါ့အပြင် အစိုးရအသစ်မတက်ခင်ကတည်းက တိုင်းပြည်စီးပွားရေးက စတင်ဆုတ်ယုတ်နေခဲ့တဲ့အတွက်လည်း Pakatan အစိုးရသစ်အဖို့ အခက်အခဲတွေ ကြုံလာရပါတယ်။ ဒါကို ပြန်ဦးမောက်အောင်လုပ်ရအုံးမှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းဇယားတွေအရ ၂၀၁၇ မှာ မလေးရှားနိုင်ငံစီးပွားရေးဟာ ၅.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၁၈ မှာ ၄.၇ ရာခိုင်နှုန်းကျဆင်းခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးကျဆင်းတဲ့ ကိစ္စဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး သုတေသီ Chin က အခုလို သုံးသပ်ပါတယ်။

“ပြည်သူလူထု အများစုက စီးပွားရေးကောင်းလာဖို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ အစိုးရသစ်ကို မဲပေးခဲ့ကြတာပါ။ အထူးသဖြင့် လူနေမှုစားရိတ် ကြီးမြင့်မှုကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တနှစ်ကြာလာတော့ လူနေမှုစားရိတ်က ကျဆင်းမသွားပါဘူး။ တိုင်းပြည်စီးပွား ရေးလည်း ကြီးထွား မလာပါဘူး။ ဒါကြောင့် လူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။”

တဘက်မှာလည်း အန်မနိုပါတီဟာ ရွေးကောက်ပွဲမှာ အရေးနှိမ့်ခဲ့ပြီးတဲ့နောက် အစ္စလာမ္မစ် PAS ပါတီနဲ့ ပေါင်းပြီးတော့ လစ်ဘရယ်တွေ၊ သဘောထားပျော့ပျောင်းသူတွေ၊ လူမျိုးစုတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပတ်ကတ်တန်အုပ်စုကို ဆန့်ကျင်ပြီး အင်အားစုစည်းခဲ့ပြန်ပါတယ်။ ဒီအတိုက်အခံတွေရဲ့ သဘောသဘာဝကို Penang သုတေသနအဖွဲ့က နိုင်ငံရေးအကဲခတ် Wong Chin Huat က အခုလို သုံးသပ်ပါတယ်။

“အတိုက်အခံဘက်က လုပ်ရပ်တွေ အားလုံးဟာ အခြေခံအားဖြင့်တော့ ဒီအစိုးရသစ်ဟာ မလေးမူဆလင်တွေနဲ့ အစ္စလာမ် ဘာသာကို သစ္စာဖေါက်နေတယ် ဆိုတာကိုပြသဖို့နဲ့ တချိန်ထဲမှာပဲ ပြုပြင်ပြောင်းလဲမှုတွေအားလုံး ပျက်ပြားသွားအောင် လူနည်းစု လူမျိုးစုတွေ၊ လစ်ဘရယ်တွေ၊ သဘောထား မတင်းမာသူတွေ၊ စိတ်ဓါတ်ပျက်ပြားအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

တကယ်လို့ အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း အခြေအနေကောင်းလာစေချင်တယ် ဆိုရင်တော့ လူမှုရေးကွဲပြားမှုတွေကို ဆက်စပ်ပေါင်းစည်း ပေးနိုင်အောင် ၊ မလေးပြည်သူတွေ လူနေမှုအဆင့်အတန်း မြင့်မားလာအောင် အလေးထား လုပ်ဆောင်ရမယ်လို့လည်း သုံးသပ်သူတွေက ပြောဆိုနေကြကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG