သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် မူလလမ်းကြောင်း ကျော်လွန်ပျံသန်းခဲ့ဖွယ်ရှိ


စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ဟာ မူလပုံမှန် ဦးတည်ထားတဲ့ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုအသွား ပုံမှန်လမ်းကြောင်းကနေ တော်တော်ကွာဝေးတဲ့ နေရာအထိ သွေဖီသွားခဲ့တယ်လို့ မလေးရှား စစ်ဖက်ရေးရာ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ နေရာဟာ မလေးရှား အရှေ့ဘက် ကမ်းရိုးတမ်းရဲ့ အနောက်ဘက် ကီလိုမီတာ ရာနဲ့ချီပြီးတော့ ဝေးတဲ့ မလက္ကာ ရေလက်ကြားပေါ်မှာ တွေ့ခဲ့ရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

အဲဒီဒေသဟာ ကမ္ဘာပေါ်မှာ ကုန်သွယ်ရေကြောင်း သွားလာမှုဆိုင်ရာ အရှုပ်ထွေးဆုံး ဒေသဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းနဲ့ မလေးရှားရဲ့ အနောက်ဘက် ကမ်းရိုးတန်းတို့ ဆုံစည်းရာအရပ် ဖြစ်ပါတယ်။ လူပေါင်း ၂၃၉ ယောက် လိုက်ပါသွားတဲ့ Boeing 777 လေယာဉ် ဘယ်နေရာမှာ ရှိနေသလဲဆိုတာဟာ တစထက်တစ ပိုပြီး စဉ်းစားရ ကြပ်စရာ ကိစ္စတခု ဖြစ်လာရပါတယ်။

စနေနေ့ ကွာလာလမ်ပူကနေ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း အရေးပေါ် အချက်ပေးမှု တစုံတရာမရှိဘဲ ရေဒါစက်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တာပါ။ ဒီလေယာဉ် ပျောက်ဆုံးသွားမှု နောက်ကွယ်မှာ အကြမ်းဖက်သမားတွေရဲ့ ပါဝင်ပတ်သက်မှု တစုံတရာ မတွေ့ရသေးဘူးလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol အကြီးအကဲက ပြောပါတယ်။

CIA အကြီးအကဲကတော့ ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်းထားတဲ့ အချက်ကို ဆက်လက် ဆွဲကိုင်ထားဆဲပဲလို့ ဆိုပါတယ်။

အခုလို ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေနေချိန်မှာ ဗီယက်နမ်နိုင်ငံက လေဆိပ်တွေမှာ လုံခြုံရေးကို ပိုမို တင်းကျပ် ထားလိုက်ပါတယ်။ အစိုးရက လုံခြုံရေး အထူးသတိပေး အဆင့် ၃ ဆင့်ထဲက ပထမ ဆုံးအဆင့်ထားပြီး ဗီယက်နမ်နိုင်ငံက လေဆိပ်တွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဟနွိုင်းမြို့တော် Noi Boi အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြီးအကဲက ပြောဆိုပါတယ်။
XS
SM
MD
LG