သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နေထိုင်သူတွေ ဖမ်းဆီးတဲ့ မလေးရှား အစီအစဉ် ဝေဖန်ခံရ


မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများ။
မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများ။
မြန်မာနိုင်ငံသား အများအပြားအပါဝင် မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အခုရက်ပိုင်းတွင်း အစုလိုက်အပြုံလိုက် ဖမ်း ဆီး ရှင်းလင်းနေတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ မလေးရှား အာဏာပိုင် တွေရဲ့လုပ်ရပ်ဟာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားကြတဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ လူ့အခွင့် အရေး အဖွဲ့တွေက ဝေဖန်ပြစ်တင်လိုက်ကြပါတယ်။ VOAသတင်းထောက် Kate Woodsome ရဲ့ သတင်းပေးပို့ ချက်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးပါမယ်။

နိုင်ငံတကာစံချိန် စံနှုန်းတွေလိုက်နာလာဖို့ တရားမဝင်နိုင်ငံခြားသား (၅)သိန်းကျော်ကို နိုင်ငံနဲ့အဝှမ်း ဖမ်းဆီး ရှင်းလင်းနှင်ထုတ်သွားမယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီး(အာမက် ဇာအစ်)က ပြောလိုက်ပေမယ့် မလေးရှား က နိုင်ငံတကာ စံချိန်မှီဖို့ အလှမ်းဝေးနေပါသေးတယ်လို့ Human Rights Watch အကြီးအကဲ Phil Robertson က ပြောလိုက်ပါတယ်။

"မလေးရှားရဲ့ ဥပဒေက ဒုက္ခသည်တွေကို အသိအမှတ်မပြုပါဘူး ။ လက်တွေ့မှာလည်း မလေးရှားလူဝင်မှု ဥပဒေ မှာ ဒုက္ခသည်နဲ့ ပတ်သက်ပြီး ပြဌာန်းပေးထားတာမျိုး မရှိသေးတာကိုကြည့်ရင် မလေးရှားအစိုးရက ပြောတာ တခြား လုပ်တာတခြား ဖြစ်နေပါတယ်။"

ကုလသမဂ္ဂစာရင်းအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည် (၁)သိန်းကျော်ရှိပြီး အဲဒီထဲမှာ နိုင်ငံရေးစိုးရိမ်ချက်တွေအရ မလေးရှားမှာ လာရောက်ခိုလှုံကြတဲ့ မြန်မာနိုင်ငံသားတွေ အများဆုံး ပါဝင်ပါတယ်။ တကယ်တော့ ဒီဒုက္ခသည် တွေဟာ နယ်စပ်ဒုက္ခသည်စခန်း သီးသန့်မရှိတာကြောင့် သူတို့ကို( မြို့ပြဒုက္ခသည်)တွေလို့ ခေါ်ဝေါ်ကြပါတယ်။ မလေးရှားမှာ အခြား တရားဝင်လာရောက် အလုပ်လုပ်သူတွေနဲ့ ယှဉ်ရင် သူတို့ဘဝရပ်တည်ရေးက အတော် ခက်ခဲတာကို တွေ့ရပါတယ်။

Phil Robertson ထပ်ပြောတာက -
"မလေးရှားမှာ အဖမ်းဆီးတွေကြမ်း လာတော့ နေရာ အတော်များများမှာ ပြဿနာတွေရှိလာပါတယ်။ ဒုက္ခသည် အသိမှတ်ပြု လက်မှတ်မရသေးတဲ့ လျှောက်ထားဆဲလူတွေပါ ဖမ်းဆီးမှုထဲ ပါကုန်တာပေါ့ဗျာ။"

အခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံမှာ လူ(၂)ထောင်ကျော်ဖမ်းဆီးခဲ့တဲ့အထဲမှာ လေးပုံတပုံလောက်က ဒုက္ခသည်အဖြစ် လျှောက် ထားဆဲ လက်မှတ်ကိုင်ဆောင် ထားသူတွေ ပါဝင်ကြပါတယ် ။ အဲဒီထဲမှာ မြန်မာနိုင်ငံသားက (၆၀၀)နီးပါးရှိပြီး ဒုတိယ အများဆုံး အဖမ်းဆီးခံရတာပါ။ အခြား အဖမ်းခံရ တာတွေက အင်ဒိုနီးရှား ဘင်္ဂလားဒေ့ရှ် နီပေါနိုင်ငံ သားတွေ ဖြစ်ပါတယ်။

ခုလို အဖမ်းဆီးခံရသူတွေဟာ မလေးရှားကို အလွယ်တကူ ရောက်လာကြတာ မဟုတ်ပဲ တချို့ဆိုရင် လူမှောင်ခို လက်ထဲက တဆင့် ရောက်လာကြတာပါ။ လုပ်ရတဲ့အလုပ်ကျပြန်တော့ ဆီအုန်းစိုက်ခင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေသာ ဖြစ်ပါတယ်။ တကယ်တော့ မလေးရှားအာဏာပိုင်တွေဟာ လူကုန်ကူးသူတွေကို ဖေါ်ထုတ် နှိမ်နင်းနိုင်တာမျိုး မရှိဘူးလို့ ပြစ်တင်လိုက်ပါတယ်။

"လူမှောင်ခိုတွေရဲ့ လှည့်စားတာကို မလေးရှားရဲတွေခံနေရတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။"

Phil Robertson ပြောဆိုသွားတာပါ။ မလေးရှားနိုင်ငံဟာ လူမှောင်ခို တိုက်ဖျက်ရေးမှာ အားနည်းနေသေးကြောင်း အမေရိကန်အစိုးရက စာရင်းထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား(၄)သိန်း လောက် ရှိပြီး (၄)သောင်းလောက် တရားမဝင် အလုပ်လုပ်နေကြပါတယ်။ (၉)သောင်းလောက်ကတော့ ဒုက္ခ သည် ခိုလှုံခွင့် လျှောက်ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေနဲ့ဂျွန်လတွေတုန်းက မလေးရှားမှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာကြား တိုက်ခိုက်မှုတွေကိုကြောက်တဲ့ မြန်မာနိုင်ငံသားပေါင်း (၈)ထောင်နီးပါးဟာ မြန်မာပြည်ပြန်ဖို့ အခက်ကြုံခဲ့ရပါတယ်။

အခုတလော မလေးရှားနိုင်ငံမှာ အဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ ကွာလာလမ်ပူ-မြန်မာ သံရုံးက မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်သွားမှာဖြစ်ပြီး ဟုတ်မှန်တယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူဖို့ ဆက်လက်ကူညီသွားမယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြလိုက် ပါတယ်။
XS
SM
MD
LG