သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်မြေဖယ်ရှားပေးရမယ့် ပုသိမ်ကြီးဒေသခံတွေ အသနားခံ


မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ကျူးကျော် ရပ်ကွက်မှာ နေထိုင်သူတွေ နေရာကနေ ချက်ချင်းဖယ်ရှားဖို့ မြို့တော်ဝန်က ပြောဆိုခဲ့အပြီး အသနားခံ ဆန္ဒပြခဲ့ကြသူများ။ (စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၂)။ ဓာတ်ပုံ - (ကိုဖြိုး-မန္တလေး)
မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ကျူးကျော် ရပ်ကွက်မှာ နေထိုင်သူတွေ နေရာကနေ ချက်ချင်းဖယ်ရှားဖို့ မြို့တော်ဝန်က ပြောဆိုခဲ့အပြီး အသနားခံ ဆန္ဒပြခဲ့ကြသူများ။ (စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၂)။ ဓာတ်ပုံ - (ကိုဖြိုး-မန္တလေး)
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်းမှာရှိတဲ့ အစိုးရပိုင် မြေနေရာတွေမှာ ကျူးကျော် ဝင်ရောက် နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ မနေ့က မန္တလေး မြို့တော်ဝန် ကိုယ်တိုင် ပြောဆိုခဲ့ပြီးနောက် ၁၀၀ နီးပါး ကျူးကျော်နေထိုင်သူတွေကနေ မြို့တော်ဝန်ကားကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကျူးကျော်နေထိုင်သူတွေ ထဲကတော့ ဒီမြေတွေဟာ သူတို့ ဝယ်ယူထားတာဖြစ်တယ် ဆိုတဲ့ အထောက်အထားတွေကို ကိုင်ဆောင်ပြီး ငိုယိုတောင်းပန် တာတွေလည်း ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အခြေအနေတွေ တဖြည်းဖြည်း တင်းမာလာခဲ့ပြီးနောက် မြို့တော်ဝန်က ကျူးကျော်နေထိုင်သူတွေကို သီတင်းတပတ် အချိန်ပေးခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်းမှာ ရှိတဲ့ ကံကြီးကုန်း နဲ့ ဇီးအုပ် ရပ်ကွက်တွေမှာ ကျူးကျော်ဝင်ရောက် နေထိုင်သူတွေလို့ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ရာနဲ့ချီတဲ့ အိမ်ထောင်စုတွေ ကို မနေ့က မန္တလေးမြို့တော်ဝန် ကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး အဲ့ဒီနေရာတွေကနေ ချက်ချင်း ဖယ်ရှားပေးဖို့ ပြောဆိုခဲ့တာပါ။ အဲ့ဒီလို ပြောဆိုပြီးအပြန် မန္တလေးမြို့တော်ဝန်ရဲ့ ကားကို ကျူးကျော်ဝင်ရောက် နေထိုင်သူ အင်အား ၁၀၀ နီးပါးလောက်က ပိတ်ဆို့ ဆန္ဒပြခဲ့ကြတယ်လို့ အဲ့ဒီနေရာကို ရောက်ရှိနေတဲ့ မန္တလေးဓာတ်ပုံ သတင်းထောက်တဦး က အခုလို ပြောပြပါတယ်။

“အခုလောလောဆယ် မနေ့က ဖြစ်သွားတာက မြို့တော်ဝန်က ကျူး တွေနဲ့ (ကျူးကျော်နေထိုင်သူတွေနဲ့) တွေ့မယ် ဆိုပြီးတော့ ဘုန်းကြီးကျောင်း တကျောင်းမှာ သူတို့တွေ ဆွေးနွေးကြတယ်ပေါ့နော်။ ဆွေးနွေးပြီးတော့ အပြန်မှာ မြို့တော်ဝန်ကို လုံး၀ မပြန်ခိုင်းတော့ဘူး၊ ကျူးတွေက။ ကားတွေရှေ့ကို ပိတ်လိုက်တာပေါ့နော်။ ပိတ်ပြီးတော့ သူတို့ ဒီဟာတွေကို မလုပ်ပါနဲ့။ မဖျက်ဆီးပါနဲ့။ ဒါတွေက ကျနော် ကျမတို့ တရားဝင်စာချုပ်တွေနဲ့ ဝယ်ထားတာပါ။ ကျမတို့မှာ မှတ်ပုံတင်တွေ ပါတယ်။ အိမ်ထောင်စုတွေ ရှိပါတယ် ဆိုပြီး အဲဒီလိုမျိုးတွေ ပြောပြီးတော့ တားခဲ့ကြပါတယ်။ တနာရီခွဲလောက် ကြာတယ်ခင်ဗျ။ အဓိက ဘာကို တောင်းဆိုကြသလဲ ဆိုရင် သူတို့သည် မြန်မာနိုင်ငံသားတွေပါ။ သူတို့မှာ အိမ်ထောင်စုတွေ လည်း ရှိတယ်။ မှတ်ပုံတင်တွေလည်း ရှိတယ်။ သူတို့ဝယ်ထားတဲ့ စာချုပ်စာတမ်းတွေလည်း ရှိတယ်။ အဲဒီလိုမျိုးတွေကို ပြတယ်။ ပြပြီးတော့ သူတို့ ပြန်လုပ်မယ်ဆိုရင် လည်း ပြန်လုပ်မယ့် မြေကွက်တွေ ပြန်ပေးဖို့ပေါ့ဗျာ။ ဘယ်လောက် အတိုင်းအတာပဲ ဖြစ်ဖြစ်ပေါ့၊ ၂၀ ပတ်လည် ဆိုလည်း ၂၀ ပတ်လည်ပေါ့။ အဲဒီလိုမျိုး ပြန်ပေးဖို့လည်း တောင်းဆိုတဲ့သူတွေ အများကြီး ရှိတယ်။”

အခုလို ပုသိမ်ကြီးမြို့နယ်တွင်း ကံကြီးကုန်း နဲ့ ဇီးအုပ် ရပ်ကွက်တွေမှာ ကျူးကျော် ဝင်ရောက် နေထိုင်သူတွေလို့ သတ်မှတ်ခံထားရသူတွေကို စက်တင်ဘာလ ၁၉ ရက်နေ့ နောက်ဆုံးထား အဲ့ဒီနေရာတွေကနေ ဖယ်ရှားပေးဖို့ မန္တလေးမြို့တော် စည်ပင်သာယာကနေ အချိန် သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း သတ်မှတ်ရက် ကျော်လွန်တဲ့အထိ မဖယ်ရှားပေးခဲ့တာကြောင့် မနေ့ စနေနေ့က မြို့တော်ဝန်ကိုယ်တိုင် ကျူးကျော်နေထိုင်သူတွေဆီ သွားရောက် တွေ့ဆုံခဲ့တာဖြစ်ပြီး အပြန်မှာ အခုလို ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြတောင်းဆိုသူတချို့ရဲ့ လက်ထဲမှာတော့ ဒီမြေတွေကို သူတို့ ဝယ်ယူထားတာ ဖြစ်တဲ့အကြောင်း စာချုပ်စာတမ်းတွေကိုလည်း ကိုင်ဆောင်ထားတာ တွေ့ရပြီး မြို့တော်ဝန်ကို ငိုယို တောင်းပန်ခဲ့ကြတယ်လို့ အဲ့ဒီမှာရှိတဲ့ သတင်းထောက်တချို့က ပြောပါတယ်။ ဒါပေမဲ့လည်း ဒီစာချုပ်စာတမ်းတွေဟာ တရားမဝင်ဘူး။ အစိုးရပိုင် မြေနေရာတွေကို အခုလို ရောင်းချသွားသူတွေကိုလည်း စုံစမ်းဖော်ထုတ်သွားမယ့် အကြောင်း မြို့တော်ဝန်က တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီအနီးတဝိုက်မှာ ယူနီဖောင်းဝတ် ရဲအင်အား ၃၀ လောက်ကိုလည်း နေရာချထားတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ အာဏာပိုင်တွေနဲ့ ဆန္ဒပြတောင်းဆိုသူတွေအကြား အခြေအနေတွေ တင်းမာ လာပြီးနောက် အဲ့ဒီကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကနေ မြို့တော်ဝန်နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လု့ိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကျော်ဇေယျ က ပြောပြပါတယ်။

“ကျနော်တို့ တောင်းတာကတော့ အများကြီးပေါ့။ ပထမတချက် ကျနော်တို့ တောင်းတဲ့ဟာက ဒီလူတွေက အခုလောလောဆယ်မှာ မိုးတွင်းကာလလည်း ဖြစ်တယ်ပေါ့။ မိုးတွင်းကာလ ဝါတွင်းကာလ ဖြစ်တယ်။ ကလေးတွေ ပညာရေး အခက်အခဲ ဖြစ်နိုင်တယ်လို့ ကျနော်တို့က ပြောပြီးတော့ အဲဒီအတွက် အချိန်လေး နည်းနည်း ရွှေ့ပြီးတော့ တလတန်သည်၊ နှစ်လတန်သည်၊ သုံးလ တန်သည် ရွှေ့ပေးဖို့ ကျနော်တို့က တောင်းတယ်။ ပထမတချက် ကျနော်တို့က တောင်းလိုက်တာ အဲဒါ။ ပြီးလို့ရှိရင် ပြည်သူတွေရဲ့ လူမှုဖူလုံရေး ပေါ့နော်၊ ပြန်လည် နေရာချထားရေးအတွက် တခုခု လုပ်ပေးဖို့။ ကျနော်တို့က အဓိက တောင်းတာ အဲဒါ နှစ်ခုခင်ဗျ။ ဒါကို သူက ဒီအပေါ်မှာ လုံး၀ သဘောမတူနိုင်ဘူးပေါ့နော်။ ဒါကလည်း ဆင်ခြေတွေ ပေးတာပါလို့ ပြန်ပြောသွားတယ်။ ဝါတွင်းကာလ ဆိုတာကလည်း သူတို့တောင်မှ ဝါတွင်းကာလ ဆိုရင် ကျောင်းရွှေ့ရသေးတာလို့ သူတို့က ပြောတယ်။ နောက်တခုက ပညာရေးနဲ့ ပတ်သက်ပြီးပြောတယ်။ သူတို့ ကျောင်းတက်နေတဲ့ နေရာမှာ ပညာရေးကို ကျောင်းပြန်တက်ရပါစေမယ် ပေါ့နော်။ ကြိုက်တဲ့အချိန် ဖြစ်ရပါစေမယ် ဆိုပြီး ပြောတယ်။”

ဒါပေမဲ့လည်း မြို့တော်ဝန်က သီတင်းတပတ်သာ အချိန်ပေးနိုင်ကြောင်း တုံ့ပြန်ခဲ့ပြီး ဒီတပတ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေထံမှာ အသနားခံစာ တင်သွင်းသွားမယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကျော်ဇေယျ က ဆက်ပြောပြပါတယ်။

“တပတ် အချိန်ပေးတယ် ပေါ့နော် သူတို့က။ ဒီလို တပတ်မှာဆိုတော့ မနက်ဖြန် ဖျက်တော့မယ်ဆိုရင် သူတို့က အားချင်း ရွှေ့ရတော့မှာလေ။ မနက်ဖြန် မဖျက်ရင် အားချင်း ဘူဒိုဇာတွေနဲ့ ဖျက်မယ်ဆိုတော့ ကျနော်တို့က အဲဒါမျိုးတွေကို ဖြည်းဖြည်း လုပ်ဖို့ပေါ့နော်။ အချိန်နည်းနည်း ရရင် အေးအေးဆေးဆေး ရွှေ့လို့ရမယ်။ ပထမတချက်က အေးအေးဆေးဆေး ရွှေ့ပြောင်း ပြီးလို့ရှိရင် နောက်တချက်က ကျနော်တို့ တောင်းဆိုတဲ့ဟာတွေကို ဘယ်လို တောင်းလို့ရမလဲ ဆိုတာ အဖြေရှာကြဖို့ အဲဒီလိုနဲ့ ကျနော်တို့ကလည်း တပတ်ကို မရ ရတဲ့နည်းနဲ့ ကျနော်တို့ တောင်းဆိုခဲ့တာပေါ့နော်။ တပတ်အတွင်းဆိုရင်တော့ စာနာမှုတွေ ပြန်လည် စမ်းစစ်ပြီးတော့ ဆွဲဆန့်ပေးလို့ ရနိုင်မလား ဆိုတာ အသနားခံစာ တင်ဖို့လည်း ကျနော်တို့ ကြိုးစားသွားပါမယ်။”

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မန္တလေးမြို့မှာ လူဦးရေ ထူထပ်လာတဲ့ အတွက် မြို့အင်္ဂါရပ်နဲ့အညီ စီမံကိန်းချ ဆောင်ရွက်ဖို့ အတွက်ကို အခုလို ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားမှုတွေ လုပ်ဆောင် လာတာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG