သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ဆန္ဒပြသူတွေ အင်အားသုံး ပစ်ခတ် ဖြိုခွဲခံရ


မန္တလေး ဆန္ဒပြသူတွေ အင်အားသုံး ပစ်ခတ် ဖြိုခွဲခံရ
မန္တလေး ဆန္ဒပြသူတွေ အင်အားသုံး ပစ်ခတ် ဖြိုခွဲခံရ

{{Zawgyi/Unicode}}

မန္တလေးမှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ဒဏ်ရာရသူတွေ ရှိခဲ့သလို လူအများအပြားကိုလည်း ဖမ်းဆီးသွားပါတယ်။ မန္တလေးမြို့ရဲ့ ဒီကနေ့အခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်က မန္တလေးကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းလောက်မှာ မန္တလေး ၆၂ လမ်း မနော်ရမ္မံ ဥယျာဉ် အရှေ့နဲ့ ဗိုလ်ချုပ်ပန်းခြံ ရှေ့တို့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက သေနတ်ပစ်ဖောက် ဖြိုခွင်းတာကို မျက်မြင်တွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက ဗွီအိုအေကိုပြောပြပါတယ်။

“နောက်မှာ ရေကားတွေကော စစ်ကားတွေကောပါတယ်ပေါ့။ အဲ့ဒါနဲ့ ချက်ချင်းဆိုင်ကယ်တွေကို ကွေ့ တဲ့ အခါကျတော့ အောက်ကနေ လမ်းလျှောက်လာတဲ့ ရဲ ၂ ယောက်ကနေပြီးတော့ လောက်လေးတွေနဲ့ ပစ်တာ ဗလိုင်းကြီး အမက မှန်မှာဆိုးလို့ ငါ့သားတို့ပြန်ကြ လောက်လေးတွေနဲ့ ပစ်နေတယ်ဆိုပြီး ပြန်ခိုင်းရတယ်။ လောက်လေးတွေနဲ့ သူတို့စပစ်တာ ပြည်သူတွေက ဘယ်သူမှ မပစ်ဘူး။ အတော့်ကိုဆိုးတယ် ပြည်သူတွေက သူတို့ဘာသာ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်တာ သူတို့တွေကစပြီး အထိကရုန်းဖြစ်အောင်လို့ ပြည်သူတွေအပေါ်ကို ရှုံးမဲမဲနေတာ။ အတော့်ကိုဆိုးတယ် စစ်အာဏာရှင်တွေက”

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးဖို့ ရောက်နေတဲ့ လူနာတင်ကားကိုလည်း စစ်ဆေးမေးမြန်းခဲ့သေးတယ်လို့ ကိုယ်တိုင် အစစ်ခံခဲ့ရသူ ပန်းဆက်လူငယ် လူမှုကူညီရေးအသင်းက ယာဉ်မောင်းက ပြောပါတယ်။

“လက်နက်တွေပါလား လူတွေလည်းရှာတယ်။ ကားထဲလည်း လက်နက်ပါလား ဘာလားရှာတော့ ကားထဲတော့ ဘာမှမတွေ့သွားဘူး။ ကားသော့သိမ်းသွားတယ် ပြန်လာပေးတယ်။ နောက်တခါမလာခဲ့နဲ့ နောက်တခါတွေ့ရင် အရေးယူမယ်ပေါ့။ ဓာတ်ပုံတွေ မှတ်တမ်းတွေ အကုန်ယူသွားတယ်။”

ဒီကနေ့မနက်ပိုင်းကစတင်ပြီး စစ်တပ်နဲ့ရဲက မန္တလေးဘူတာကြီးရှေ့ကနေ လုံခြုံရေးယူထားပြီး ၇၈ လမ်းပေါ်မှာရှိတဲ့ ထိုင်သပိတ်ကို ဖြိုခွင်းဖို့ လုပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေဘက်က လူစုခွဲပေးလိုက်တဲ့အတွက် ထိပ်တိုက် တွေ့ဆုံတာမရှိခဲ့ပါဘူး။ ဒါအပြင် မန္တလေး မြတောင် ကျောင်းတိုက်ရှေ့မှာလည်း လူစုခွဲဖို့ပြောပြီး သေနတ်ပစ်ဖောက်ခဲ့သလို လူတချို့ကိုလည်း ဖမ်းဆီးသွားပါသေးတယ်။

မန္တလေးမှာ ဆေးတက္ကသိုလ်ပေါင်းစုံသပိတ်နဲ့ မန္တလေး အင်ဂျင်နီယာ သပိတ်စစ်ကြောင်း ၂ ခုပေါင်းပြီး လူသိန်းချီစုဝေးပြီး ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဒီလ ၂၀ ရက်နေ့ကလည်း မန္တလေး ကမ်းနားလမ်းမှာ ဆန္ဒထုတ်ဖော်သူတွေကို တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ၃ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို ဖမ်းဆီးခံထားရသူတွေလည်း ရှိပါတယ်ခင်ဗျာ။

...................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG