သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမဟာသင်္ကြန်ထူးခြားချက်


ဒီနှစ်သင်္ကြန်တွင်း မန္တလေးမြို့မှာ အရင်နှစ်တွေကလောက် မဏ္ဍပ်တွေ မများပေမဲ့လို့ လူတွေ အများအပြားကတော့ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါတယ်။

လူမှုရေးအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ပေးတာကြောင့်လည်း ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ နည်းပါးတာ တွေ့ရတယ်လို့လည်း မြို့ခံတချို့က ပြောကြပါတယ်။ မန္တလေးသင်္ကြန် အခြေအနေကို ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဒီနှစ် မန္တလေးသင်္ကြန်မှာ ရေကစားတဲ့ မဏ္ဍပ်တွေ နည်းသွားပေမဲ့လို့ အရင်နှစ်တွေလိုပဲ စည်ကားမြဲပဲလို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့က အရက်သေစာ သောက်စားမှုနဲ့အတူ ခိုက်ရန်ဖြစ်ပွားမှုတချို့ ရှိပေမဲ့လို့ ဆိုးဆိုးရွားရွားအခြေအနေတော့ မတွေ့ရဘူးလို့လည်း ပြောပြကြပါတယ်။ သင်္ကြန်အကျနေ့ မန္တလေးမြို့က အခြေအနေကိုတော့ မြို့ခံတဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်း က အခုလို ပြောပြပါတယ်။

“လူတွေကတော့ စည်ကားပါတယ်ဗျ။ အကြိုနေ့ကတည်းကကို စည်ပါတယ်။ သို့သော်လည်းပဲ မဏ္ဍပ်တွေတော့ နည်းသွားတယ်။ တမြို့လုံးမှ အစိပ်လောက်ပဲ ရှိတယ်လို့သိရတယ်။ နောက်ပြီးတော့ ဒီနှစ်မှာ ရေစုပ်စက်လေးတွေနဲ့ပေါ့လေ အရင်တုန်းက မန္တလေးသူ၊ မန္တလေးသား တော်တော်များများ ဒီကျုံးအရှေ့ခြမ်း လမ်း ၈၀ နဲ့ ၁၂ လမ်းဘက်မှာ အများဆုံး ရေပိုက်တွေနဲ့ ရေစုပ်စက်တွေနဲ့ ပက်ကြတယ်။ အဲဒါက မဏ္ဍပ်မပါဘဲ အလွတ်ပေါ့လေ။ ရေပက်တဲ့သူများပါတယ် မနှစ်ကထက်။”

ရေကစားသူတွေ များပေမဲ့ မဏ္ဍပ်တွေ နည်းသွားရတာကတော့ ကုန်ကျစရိတ်ကြောင့် ဖြစ်နိုင်တယ်လို့လည်း ကိုမင်းထက်ငြိမ်းချမ်း က ပြောပါတယ်။

“ကုန်ကျစရိတ်တွေ များလို့လို့ ယူဆရတယ်။ ဘာလို့ဆိုတော့ ၁ သိန်းလွှဲရတာကိုး။ လွှဲရတဲ့အပြင် တခြားကုန်ကျစရိတ်တွေလည်း ရှိလို့နဲ့တူရဲ့။ ရေပက်တာများသလား မသိဘူး။ အဲဒါလေးတော့ နည်းနည်း နည်းတယ်။ ထုံးစံအတိုင်းတော့ ကျုံးဘေးပဲ လမ်းက ကျပ်နေတာပေါ့လေ။ လမ်းက တလမ်းမောင်းလုပ်ထားတယ်။ နောက် ထွေထွေထူးထူးတော့ သိပ်မရှိပါဘူး။ နောက် ရန်ကုန်က အဆိုတော်တွေ၊ မင်းသားမင်းသမီးတွေ လာကြတော့ စည်တာပေ့ါ။”

သင်္ကြန်အချိန် မန္တလေးမှာရာသီဥတုကတော့ အတော်ကြီးပူနေတာပါ။ ဒါပေမဲ့ လူတွေကလည်း နေပူဒဏ်သက်သာအောင် အကာအကွယ်တွေလုပ်ပြီး ပျော်ပျော်ပါးပါး အပြင်ထွက်လည်ကြ၊ မဏ္ဍပ်တွေမှာ ရေပက်ကြသလို၊ ရန်ကုန်နဲ့မတူဘဲ တမျိုးပျော်စရာကောင်းတယ်လို့ မန္တလေးသင်္ကြန်ကို အလည်သွားတဲ့ ကိုအောင်မြန်မာ က ပြောပါတယ်။

“သင်္ကြန် ဒီမန္တလေးမှာ တော်တော်တော့ စည်တယ်ခင်ဗျ။ ရာသီဥတုကတော့ ပူတယ်။ ဒါပေမဲ့လေ ဟိုဟာ လူတွေကတော့ စည်းကမ်းရှိရှိပေါ့နော် ဒီ သင်္ကြန်ရေကြောင့်ပဲလားတော့ မသိဘူး သူတို့ တော်တော်လေးတော့ ပျော်နေကြတယ်။ တီးဝိုင်းရှိတဲ့မဏ္ဍပ်တွေဆို လူတွေက တော်တော်စည်တယ်။ မန္တလေးက လူတွေက တီးဝိုင်းတွေဘာတွေ ကြိုက်တယ်ထင်တယ်။ တီးဝိုင်းရှိတဲ့မဏ္ဍပ်တွေဆိုရင် လူ တော်တော်များတယ်ခင်ဗျ။”

လူငယ်တွေကြား အရက်သေစာသောက်စားမှုနဲ့ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရမှုတွေကတော့ အရင်နှစ်တွေလိုပဲ နှစ်စဉ်ပုံမှန် ရှိနေတယ်လို့ မြို့ခံကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာဆိုတာ စောစောကပြောတဲ့ accident တွေပါပဲ။ အကြိုနေ့ကတည်းကိုက ဒါ အရေးပေါ် ဆေးရုံကြီးကို ရောက်သွားကြတာပေါ့လေ။ လူနာတွေကတော့ ဒါ နှစ်စဉ်လည်း ရောက်ကြတာပါပဲ။ လူငယ်တွေက အထူးသဖြင့်တော့ ဒီရက်ဆိုရင် ဆိုင်ကယ်လ်တွေမှာ ခုနလူကို ၂ ဦးထက်ပိုတင်မယ်။ ဦးထုပ်မဆောင်းကြဘူး။ အထူးသဖြင့်တော့ အသောက်အစားပါပဲဗျာ။ ကျနော်တို့ ကိုယ်တိုင်လည်း လူငယ်သဘာ၀ ဒါတွေလည်း ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ အဓိကကတော့ အသောက်အစားတွေ သိပ်များလွန်းတယ်။ ဒါတွေက နောင်ကိုတော့ ဒီတနိုင်ငံလုံး အတိုင်းအတာနဲ့ကို ကျနော်တို့ ပြုပြင်သင့်ပြီလို့ ယူဆတယ်ဗျာ။”

ခိုက်ရန်ဖြစ်ပွားမှုတွေ နည်းပါးအောင် ထိန်းသိမ်းဖို့နဲ့ ထိခိုက်ဒဏ်ရာမှုတွေ ဖြစ်တဲ့အခါ အရေးပေါ် ကူညီနိုင်ဖို့ လူမှုကူညီရေးအသင်းတွေနဲ့ သူတို့ရဲ့ အရေးပေါ် အကူအညီပေးရေး ယာဉ်တွေကတော့ အရင်နှစ်တွေကထက် ပိုများလာတယ်လို့လည်း မင်းထက်ငြိမ်းချမ်းက ပြောပါတယ်။ သင်္ကြန်အကျနေ့မှာ နွေရာသီမဏ္ဍပ် အပေါ်ပိုင်း အနည်းငယ် ပြိုကျတာရှိပေမဲ့ လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့လည်း သူကပြောပါတယ်။

XS
SM
MD
LG