သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ကျန်းမာရေး စိုးရိမ်ရ


တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား။
တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား။
တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား ဟာ အဆုတ်ရောဂါဝေဒနာ ပြန်ဖြစ်လာတာကြောင့် ဆေးကုသမှုခံယူဖို့အတွက် ဆေးရုံတင်လိုက်ရပါတယ်။ မစ္စတာ မန်ဒဲလားဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ အဆုတ်ရောဂါဝေဒနာကို ထပ်ခါတလဲလဲ ခံစားနေရတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေသတင်းထောက် Peter Cox သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

အသားရောင်ခွဲခြားမှုတိုက်ဖျက်ရေးခေါင်းဆောင် ဖြစ်တဲ့ တောင်အာဖရိကသမ္မတဟောင်း မစ္စတာမန်ဒဲလားဟာ ပြီးခဲ့တဲ့ ၅ လအတွင်း ဆေးရုံကို ၃ ကြိမ်တက်ခဲ့ရပါတယ်။ တောင်အာဖရိကသမ္မတ Jacob Zuma ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mac Maharaj က မစ္စတာမန်ဒဲလားရဲ့ ကျန်းမာရေးအခြေအနေ နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား ဟာ အဆုတ်ရောဂါပြန်ပြီးတော့ ဖြစ်လာနေပါတယ်။ ဒါကို အိမ်မှာ ကုသမှုတွေ ပေးနေတာပါ။ ဒါပေမဲ့ စနေနေ့မနက် ၁ နာရီခွဲလောက် မှာတော့ မစ္စတာမန်ဒဲလားရဲ့ အခြေအနေဟာ ဆိုးရွားလာနေပြီး၊ ဆရာဝန်တွေကလည်း ဆေးရုံကို အမြန်ဆုံးတင်ဖို့လိုတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဆေးရုံကို တင်လိုက်တာပါ။ အခုမနက်ရတဲ့ သတင်းအရတော့ မစ္စတာမန်ဒဲလားရဲ့ အခြေအနေဟာ စိုးရိမ်ရပေမဲ့လို့ ၊ ဆရာဝန်တွေက ဒါကို ထိန်းထားနိုင်ပါတယ်။ ပြီးတော့ ကျွမ်းကျင် တဲ့ ဆေးဝါးပြုစုစောင့်ရှောက်မှုတွေလည်း ရနေပါတယ်။ မစ္စတာမန်ဒဲလား သက်သာပြီး နေပြန်ကောင်းလာဖို့အတွက် ဆရာဝန်တွေကလည်း တတ်နိုင်သလောက် အကောင်းဆုံး လုပ်နေကြပါတယ်။”

မစ္စတာမန်ဒဲလားကို ပရီတိုးရီးယားမြို့မှာ ဆေးရုံတင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ဆေးရုံဆိုတာကိုတော့ ပြောကြားခြင်းမရှိပါဘူး။ အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း မန်ဒဲလားဟာ အဆုတ်ရောဂါဝေဒနာ ကို ရော်ဘင်ကျွန်းမှာ ၂၇ နှစ် အကျဉ်းချခံရစဉ်အချိန်ကတည်းက ခံစားလာခဲ့ရတာဖြစ်ပြီ၊ ထောင်က လွှတ်ခါနီးအချိန်တွေမှာတော့ သူဟာ တီဗီအဆုတ်ရောင်ရောဂါကိုပါ ခံစားလာခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာတော့ မစ္စတာမန်ဒဲလားဟာ နေမကောင်းတာတွေ ပိုပြီးတော့ ဖြစ်လာနေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာရော ၂၀၁၂ ခုနှစ်မှာပါ ဆေးရုံတက်ခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ သူဟာ သည်းခြေကျောက် နဲ့ အဆုတ်ရောဂါ ဝေဒနာတွေကြောင့် ဆေးရုံကို ၃ ပတ်လောက် တက်ရောက်ကုသခဲ့ရပါတယ်။

“သူ့ကို မိသားစုဝင်တွေလည်း ဆေးရဲုံမှာ စောင့်ပေးနေပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ အသေးစိတ်ကို ထုတ်ပြန်ပြောဆိုပိုင်ခွင့်မရှိပါဘူး။ သူနဲ့ နီးစပ်တဲ့ မိသားစုဝင်တွေ သူနဲ့ အတူရှိနေတာ သူ့အတွက် ကောင်းပါ တယ်။ သူ ပြန်သက်သာလာစေဖို့အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။”

မစ္စတာ မန်ဒဲလား နောက်ဆုံးအကြိမ် လူထုကြားကို ထွက်ပေါ်လာခဲ့တာကတော့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကပါ။ အဲဒီနောက်ပိုင်းကစပြီး မစ္စတာ မန်ဒဲလားဟာ သူ့ရဲ့ အိမ်မှာပဲ အများအားဖြင့် နေ နေခဲ့တာဖြစ်ပါတယ်။ မစ္စတာမန်ဒဲလားဟာ လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ အသက် ၉၅ နှစ် ပြည့်မှာဖြစ်ပါတယ်။
XS
SM
MD
LG