သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲအတွက်စိုးရိမ်


ရှမ်းပြည်နယ်မြေပုံ
ရှမ်းပြည်နယ်မြေပုံ

ရွေးကောက်ပွဲ နီးကပ်လာချိန် ရှမ်းပြည်တလွှား တိုက်ပွဲတွေ အရှိန်မြင့်လာပြီး ထောင်နဲ့ချီတဲ့ စစ်ရှောင် ဒုက္ခသည်တွေ ထွက်ပြေးနေကြရတဲ့ အခြေအနေ ကြောင့် ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းရမယ့် အရေးနဲ့ ရွေးကောက်ပွဲ တရားမျှတမှုအပေါ် စိုးရိမ်ချက်တချို့ ရှိနေပါတယ်။ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ လုံခြုံရေး စိတ်မချရတဲ့ဒေသတွေမှာ ပြိုင်ဘက် ကိုယ်စားလှယ်တွေကြား တန်းတူယှဉ်ပြိုင်နိုင်ခွင့် အာမခံချက် နည်းနေတဲ့ အခြေအနေတွေကို မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၁၀ ရက်ကျော်ပဲ လိုတော့တဲ့ အချိန်မှာ ရှမ်းပြည်နယ်တွင်းတိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲ ဖြစ်ပွားရာ မြို့နယ် ၃ မြို့နယ်တို့ကို ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဆိုင်းငံ့ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ တိုက်ပွဲ ပြင်းထန်နေတဲ့ ကျေးသီး၊ မိုင်းရှူးနဲ့ တန့်ယန်း မြို့နယ်သုံးခုတို့ကို ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ရင် ဒီဒေသတွေကို ကိုယ်စားပြုတဲ့ လွှတ်တော် အမတ်တွေ ရှိမလာမယ့် အရေး အတော်လေး စိုးရိမ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရဲ့ ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

“လုံးဝကို ရှိပါတယ်။ ဒီ - ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်းဆိုတာက SSA/SSPP ရဲ့ ဌာနချုပ်စခန်းပတ်ပတ်လည်မှာရှိတဲ့ မြို့တွေပါ။ အကယ်၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်မယ်ဆိုလို့ရှိရင် အဲဒီမြို့နယ်သုံးခုက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပေါ်ထွက်မလာတော့ဘူး။ အဲဒီတော့ အပစ်အခတ် ရပ်စဲရေး အတွက် တွန်းအားပေးမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပေါ်ပေါက်လာစရာမရှိဘူး၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းများမှာ ပြောဆိုပိုင်ခွင့်မရှိတော့ဘူး၊ လူထုကို ကိုယ်စားပြုမယ့် အနေအထားတစ်ခု ပျောက်ဆုံးသွားပါမယ်။ ဒါကြောင့်မို့လို့ အဲဒီ သုံးမြို့နယ်ကို ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်တာဟာ ရှမ်းပြည်တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး ကိစ္စကိုလည်း အကြီးအကျယ်ထိခိုက်နိုင်တယ်လို့ ကျနော် သုံးသပ်ပါတယ်ခင်ဗျ။”

လက်ရှိ တိုက်ပွဲတွေကြောင့် တန့်ယန်း၊ မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်တို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ရှောင်ထွက်ပြေးနေရပြီး မဲပေးဖို့ အဆင် မပြေနိုင် တာကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာကတော့ ကျနော်တို့ စည်းရုံးရေး ဆင်းလို့မရဘူးပေါ့နော်။ အခုလောလောဆယ်တော့ ကျနော်တို့ကတော့ သုံးမြို့နယ်ကိုတော့ ယာယီရပ်ဆိုင်းဖို့ ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ထားတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဘယ်လိုမှ မဆုံးဖြတ်သေးဘူးလေ။ တခြားနေရာတော့မရှိဘူး၊ သုံးမြို့နယ်ကတော့ ပြည်သူတွေကလည်း စစ်ဘေးရှောင်ဒုက္ခသည်အနေနဲ့ ဖြစ်နေတာကိုး။”

ရှမ်းပြည်နယ်တွင်း တိုက်ပွဲ ဖြစ်ပွားနေတဲ့ဒေသတွေမှာ နိုင်ငံရေးပါတီအားလုံး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနိုင်ခြင်းမရှိသလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေလည်း အပြည့်အဝမလုပ်နိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ရှမ်းပြည်နယ်တွင်းက မဲရုံတွေရဲ့ လေးပုံတစ်ပုံ လောက်ကို တပ်မတော်က လုံခြုံရေး တာဝန်ယူမှာလည်း ဖြစ်ပါတယ်။ဒီလို အခြေအနေမျိုးမှာ လက်ရှိအာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွက် အားသာချက်တစ်ခု ဖြစ်သွားမယ့်အခြေအနေကိုလည်း စိုးရိမ်ချက်တွေ ရှိနေပါတယ်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ပြောခွင့်ရ စိုင်းလိတ်က အခုလို ပြောပါတယ်။

“ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတင်မကဘူး၊ သူ့ရဲ့အစွယ်အပွားပါတီ၊ သူ့ရဲ့နောက်လိုက်ပါတီအတွက်ပါ အင်မတန်ကို အခွင့်အလမ်းတစ်ခု ပေါ်ပေါက်သွားနိုင်စရာရှိတယ်။ စစ်တပ်ကလာပြီးတာဝန်ယူတဲ့အနေအထား၊ နောက်ပြီးတော့ လုံခြုံရေးအရ ဘယ်နေရာကဖြင့် လုံခြုံရေး မလုံလောက်ပါဘူးလို့ ပြောတဲ့အနေအထားဆိုတာက သူတို့ဖာသာ တဘက်သတ် ဆုံးဖြတ်ပြီးတော့မှ ကန့်သတ် လိုက်တဲ့ အနေအထားမျိုးလည်း ရှိနိုင်တယ်လေ။ ဘာလို့လဲဆို ဒေသခံလူထုရဲ့သဘောထား၊ ပြီးတော့ နယ်မြေအခြေအနေအရပ်ရပ်ကို သုံးသပ်တဲ့နေရာမှာ ကျနော်တို့နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို မမေးမြန်းဘဲနဲ့ ဆုံးဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ပါတီတွေရဲ့ အင်အားနည်းရာအရပ်တွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်တယ်၊ ပြီးတော့မှ ရုပ်သိမ်းနိုင်တယ်၊ ဒါမှမဟုတ်ရင် စုစည်းပစ်လိုက်နိုင်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ လက်ရှိအာဏာရပါတီနဲ့ သူ့ရဲ့အပေါင်းအပါတွေရဲ့ အားသာချက် တစ်ခုဖြစ်သွားနိုင်စရာ လုံးဝရှိပါတယ်ခင်ဗျ။”

လာမယ့် ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ်တွင်းက မြို့နယ် ၅၅ မြို့နယ်ထဲက ပန်ဆန်း၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်းနဲ့ မိုင်းလားမြို့နယ် ၅ မြို့နယ်တို့မှာ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်း မရှိတာကြောင့် မြို့နယ် ၅၀ ပဲ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာဖြစ်ပါတယ်။ ဒီမြို့နယ် ၅၀ ထဲက မြို့နယ် ၈ ခုတို့က မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG