ပြည်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေကြား ကြိုတင်ဆန္ဒမဲစာရင်း မှားယွင်းလွဲချော်မှုတွေနဲ့ ရွေးကောက်ပွဲအကြိုကာလကြုံတွေ့နေရတဲ့ အခက် အခဲတွေကြောင့် မကြာခင်ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိလာနိုင်မယ်လို့ အရပ်ဘက် လူထုအခြေပြု အဖွဲ့စည်းတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိပါ့မလားဆိုတဲ့ သံသယဖြစ်စရာတွေ ကြုံတွေ့နေရလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်အောင် ဖော်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲအကြိုကာလအတွင်း မဲဆန္ဒရှင်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေကြား တွေ့ကြုံနေရတဲ့ အခက်အခဲ အဖြစ်အပျက်တွေကိုကြည့်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိပါ့မလားလို့ ၂၀၁၅ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ ရာနဲ့ချီတဲ့ မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းတွေက စုပေါင်းသဘောထား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ နိုဝင်ဘာ (၈) ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိပါ့မလားဆိုတာ ရွေးကောက်ပွဲအကြိုကာလ ကြုံနေရတဲ့ သာဓကတွေကိုကြည့်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အရပ်ဘက်လူထုအဖွဲ့အစည်းဖိုရမ်က မခင်လေးက ဗွီအိုအေကို အခုလိုပြောပါတယ်။
“လာမယ့်ရွေးကောက်ပွဲက သန့်ရှင်းပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့၊ ဖြစ်နိုင်ခြေက တော်တော်နည်းနေတယ်လေ-နော်။ နိုင်ငံတကာမှာရှိတဲ့ ပြည်ပရောက်နေတဲ့မြန်မာတွေ မဲပေးတဲ့အခါမှာလည်း ပြဿနာတွေ၊ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့။ မဲပေးမယ့်စာရွက်မှာကိုက လက်မှတ်တွေ ဘာတွေ ပြည့်ပြည့်စုံစုံ ပါမပါဆိုတဲ့ဟာတွေကအစပေါ့နော်၊ နောက်တခါ မဲစာရင်းမှာလည်း ပါမပါဆိုတဲ့ဟာကအစ ကျမတို့ဆီမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတဲ့အတွက် အဲဒီရွေးကောက်ပွဲ မဲပေးမယ့်နေ့မှာတော့ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အစိုးရိမ်ဆုံးကတော့- အကယ်၍ မဲရုံကိုသွားတယ်၊ မဲပေးခွင့်မရလို့ ရိုးသားစွာပေါက်ကွဲတဲ့ မဲဆန္ဒရှင်တွေလည်း အများကြီးရှိနိုင်တယ်။ အဲဒီ ရိုးသားစွာပေါက်ကွဲမှုအပေါ်မှာ ထပ်ဆင့်ပြီးတော့ ဖန်တီးမှုတွေနဲ့ ပေါင်းလိုက်လို့ရှိရင် ဒီနေ့ မဲရုံကို ဆူပူမှုတွေဖြစ်လို့၊ မငြိမ်သက်မှုတွေဖြစ်လို့ မဲရုံပိတ်တယ်၊ မဲမပေးရတော့ဘူးဆိုတဲ့ဟာမျိုးတွေအထိ ဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း ကျမတို့စိုးရိမ်ပါတယ်။ အဲဒီအတွက်လည်း ဒါမျိုးတွေမဖြစ်အောင်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကြေညာချက်တွေ ထုတ်ပြီးတော့ အတတ်နိုင်ဆုံး၊ အဆင်အပြေဆုံးနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒကို ဖော်ဆောင်ပေးဖို့အတွက်ကို ဆွေးနွေးပြီးတော့ ကြေညာချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။”
အခုဆိုရင် ကမ္ဘာတလွှားက ပြည်ပရောက် မြန်မာနိုင်ငံသားတွေဘက်က ကြိုတင်ဆန္ဒမဲပေးဖို့ အင်တိုက်အားတိုက် အားတိုက်သရော ပါဝင်ပူးပေါင်း မဲပေးနေကြချိန်မှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ရပ်အပေါ် ကျယ်ကျယ်လောင်လောင် ဝေဖန်မှုတွေ ထွက်ပေါ်လာနေပြီး ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိပါ့မလားလို့ မေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။
ဒီအပေါ် Myanmr Institute for Democracry က ဒါရိုက်တာဦးအောင်စိုးမင်းက ပြည်ပရောက်မဲဆန္ဒရှင်တွေ အခုလက်တွေ့ကြုံနေရတဲ့အခက်အခဲတွေကို အမြန်ဆုံး ပြေလည်အောင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်ပေးသင့်ပါတယ်လို့ အကြံပြုပါတယ်။
“မပြည့်စုံရင်လည်း ပြည့်စုံအောင်လုပ်ပေးဖို့ သူ့မှာ တာဝန်ရှိတယ်လေ။ တနည်းနည်းနဲ့တော့ အဲဒီကိစ္စက ပြန်ပြီးတော့ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်ဗျ။ ဆိုလိုတာက မဲစာရင်းစာရွက် အချိန်မီရောက်မသွားဘူးဆိုလို့ရှိရင် ဒါဟာ အသိအမှတ်ပြုတဲ့ တခြားနည်း၊ တနည်းတဖုံ သူ စဉ်းစားပေးသင့်တယ်။ ဒါမှမဟုတ်ရင် နောက်တစ်ကြိမ်ထပ်ပေးမယ်ဗျာ၊ …..သွားတဲ့အခါမှာ ဘယ်လောက်မှမှ ကြာတာမှမဟုတ်တာ။ ဆိုလိုတာက ….ပြန်ပြီးတော့ ချိန်းပြီးတော့ နောက်တစ်ကြိမ် မဲပေးဖို့ ခွင့်ပေးတာမျိုးပေါ့။ မပြည့်စုံတဲ့မဲတွေကိုပေါ့။ အဲဒါမျိုးတွေ သူလုပ်ပေးသင့်တယ်ဗျာ။ နောက်ပြီးတော့ နေရာမှားပြီး ရောက်သွားတဲ့ဟာတွေဆိုလို့ရှိရင် ပြန်ပို့သင့်တယ်ပေါ့နော်၊ ဒါတွေဟာ သူတို့မှာတာဝန်ရှိတာဖြစ်တဲ့အတွက် တာဝန်ကျေအောင် လုပ်ရမှာပါပဲ။ အများကြီးလည်း အချိန်ယူထားတာပါ။”
ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ စစ်မှန်ပြီး တရားမျှတမှုရှိတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အရှိဆုံးဖြစ်တယ် ဆိုတာကိုလည်း အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမကျင်းပခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဘက်က စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ပေးဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာကို အလေးအနက်ထား ဆောင်ရွက်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်လို့လည်း မခင်လေးက ဆက် ပြောပါတယ်။
“သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေအနေနဲ့ စိတ်ကောင်းစေတနာနဲ့ ဒီနှစ်ပတ်၊ သုံးပတ်အတွင်းမှာပဲ အတတ်နိုင်ဆုံး၊ အားလုံးအတွက်အဆင်ပြေမယ့် နည်းလမ်းတစ်ခုနဲ့စဉ်းစားပြီး ချောချောမွေ့မွေ့လေးဖြစ်အောင်ပေါ့။”
မြန်မာနိုင်ငံတွင်း လတ်တလောရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြသနာတွေ၊ စစ်မီးမငြိမ်းနိုင်သေးတဲ့ တိုင်းရင်းဒေသတွေက စစ်ရေးတင်းမာမှုတွေ၊ ပြည်သူလူထုရဲ့ အခြေခံလူမှုဘဝ နိမ့်ကျနေရတာတွေ၊ အလုပ်သမား၊ လယ်သမားတွေနဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတာတွေစတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လမ်းစက လာမယ့် ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တနိုင်ငံလုံးအတိုင်းတာနဲ့ လွတ်လပ်တရားမျှတမှုရှိမှ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဘက်က တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့မှာကျင်းပတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ရာကျော်ကို ကိုယ်စားပြုတဲ့ မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းဖိုရိမ်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်ရှင်။