သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲမသမာမှုတိုးမှာ NLD စိုးရိမ်


နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မဲဆန္ဒရှင်များ မိမိတို့အမည် စာရင်းမှာ ပါမပါ လာရောက်စစ်ဆေးကြည့်ရှုစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၅)
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မဲဆန္ဒရှင်များ မိမိတို့အမည် စာရင်းမှာ ပါမပါ လာရောက်စစ်ဆေးကြည့်ရှုစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၅)

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ မဲစာရင်းထဲ လူပိုအမည်စာရင်းတွေပါနေဆဲဖြစ်တာကြောင့် မဲဖေါင်းပွပြီး မဲ-မသမာမှုတွေဖြစ်မှာကို စိုးရိမ်မိကြောင်း NLD ပါတီက ပြောပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲရုံမှာစောင့်ကြည့်ပေးမယ့် မဲရုံကိုယ်စားလှယ် အရေအတွက်ကို တချို့မြို့နယ်တွေမှာ ကန့်သတ်နေတာကလည်း သံသယဝင်စရာဖြစ်တယ်လို့ ပြောဆိုတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ တပတ်တောင် မလိုတော့တဲ့အချိန်မှာ မဲစာရင်းထဲ လူပိုအမည်စာရင်းတွေပါနေဆဲဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းတချို့မှာ ၂ဝ% ကနေ ၄ဝ% အထိ လူပိုမဲစာရင်းတွေ ဖြစ်နေပေမယ့် ရွေးကောက်ပွဲကော်မရှင်က အခုချိန်ထိ ပြန်လည်စိစစ်လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။

“အခု ကျနော်တို့ ရန်ကုန်မှာရော၊ မန္တလေးမှာရောတွေ့တာက တချို့ မြို့နယ်တွေမှာ မြို့နယ်မှာ တကယ်နေတဲ့လူဦးရေရဲ့ ၂၀ %၊ တချို့နေရာတွေမှာ ၄၀ % ပိုနေတယ်။ အဲဒါကို ကျနော် ပြီးခဲ့တဲ့အပတ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကျနော်ပြောတော့ သူတို့ဆီက ဝန်ခံတယ်။ ဘာပြောလဲဆိုတော့ အဲဒီပုဂ္ဂိုလ်တွေက ပိုနေပါတယ်။ ပိုနေတဲ့ဥစ္စာက အဲဒီဒေသမှာ အရင်ကနေသွားတဲ့လူတွေလို့ သူတို့က ပြောတယ်။ ဒါပေမယ့် အဲဒီလူတွေ ဘယ်မှာနေတယ်၊ ဘယ်မှာရောက်နေတယ်ဆိုတာကို သူတို့က မပြောဘူး။ ဆိုတော့ ဒီလိပ်စာမှာ ဒီလူ မနေပါဘူးဆိုတာ မိသားစုကလည်းပြောတယ်၊ ရပ်ကွက်ကောင်စီကလည်းပြောတယ်။ အဲဒါကို မြို့နယ်ကော်မရှင်က လုပ်မပေးဘူး။ ဗဟိုကလည်း လုပ်ပေးဖို့မပြောဘူး။ ပြန်ပြင်ပေးမယ်လို့ မပြောဘူး။ ဒီအတိုင်းပဲထားတယ်။”

မဲစာရင်းထဲ လူပိုနာမည်တွေရှိနေတာကြောင့် မဲ-မသမာမှုတွေ ဖြစ်မှာကို စိုးရိမ်မိကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

“အခု မဲပေးခွင့်လက်မှတ်တွေ ထုတ်ပေးနေပြီ။ မဲပေးခွင့်လက်မှတ်က မဲစာရင်းမှာပါတဲ့လူတွေအတိုင်း ထုတ်ပေးတာ။ ..ဆိုရင် ပိုနေတဲ့လူတွေရဲ့ မဲစာရင်းလည်း ထုတ်ပေးမှာပဲ။ အဲလိုဖြစ်နေတာဆိုတော့ ကျနော်တို့က မဲစာရင်းအပိုတွေဟာ မဲအပိုတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ ယူဆတယ်။ တခြား သူတို့- ပါတီပေါ့ဗျာ- နာမည်ကတော့ မပြောတော့ပါဘူး။ တခြား သူတို့ပေးချင်တဲ့ပါတီကိုပေးမယ့် မဲတွေ ဖြစ်ဖို့များတယ်လို့ ကျနော် သုံးသပ်မိတယ်။”

ရွေးကောက်ပွဲနေ့ကျရင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲရုံမှာစောင့်ကြည့်မယ့် မဲရုံကိုယ်စားလှယ် ၂ ဦးစီ ထားခွင့်ရထားပြီး ပါတီတစ်ခုအတွက်ဆိုရင် မဲရုံကိုယ်စားလှယ် ၈ ဦးအထိ ထားခွင့်ရထားပေမယ့် အခုတော့ ရန်ကုန်တိုင်းမြို့နယ်တချို့မှာ မဲရုံကိုယ်စားလှယ် ၂ ဦးတည်းသာ စောင့်ကြည့်ခွင့်ရတော့မယ်ဆိုတဲ့ကိစ္စဟာ သံသယဝင်စရာဖြစ်လာကြောင်း ဦးဝင်းထိန်က ထောက်ပြပါတယ်။

“မဲရုံစောင့်တွေနဲ့ပတ်သက်လို့ အခု ရန်ကုန်မှာ ကျနော်တို့ တော်တော် စကား အခြေအတင် ပြောနေရတယ်။ ဥပဒေအရဆိုလို့ရှိရင် ကိုယ်စားလှယ်လောင်း တစ်ယောက်ဟာ မဲရုံမှာထားဖို့အတွက် ၂ ယောက် ထားခွင့်ရှိတယ်။ အဲဒီတော့ တမြို့နယ်ဆိုရင် အမျိုးသား၊ ပြည်သူ့၊ တိုင်းဒေသကြီး၊ - ဆိုတော့ အားလုံး လေးယောက်ရှိတယ်။ ၄ ယောက်ဆိုတော့ ၈ ယောက် ထားခွင့်ရှိတယ်။ အဲဒါကို ကျနော်တို့ အစည်းအဝေးမှာ ညှိလိုက်တဲ့အခါကျတော့ ၈ ယောက်ဆိုရင် သိပ်တော့များတယ်။ နောက်တခုက မဲရုံကကျဉ်းတော့ ဆန့်ချင်မှလည်းဆန့်မယ်။ အဲဒီတော့ အနည်းဆုံး သုံးယောက်နဲ့ လေးယောက်ထားရင် လုံလောက်ပြီ။ အဲလိုဆုံးဖြတ်ပြီးတော့ ကျနော်တို့ သုံးယောက်နဲ့ လေးယောက်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ အခု ရန်ကုန်တိုင်း တချို့မြို့နယ်တွေမှာ ၂ ယောက်ပဲထားခွင့်ပြုမယ်။ အဲဒီ ၂ ယောက်တောင်မှ မဲရုံထဲမှာတစ်ယောက်၊ အပြင်မှာတစ်ယောက်၊ ဒါက ဥပဒေနဲ့မညီတဲ့ဟာတွေကို သူတို့လုပ်နေတာ။ မဲရုံစောင့်ထားတဲ့ရည်ရွယ်ချက်က မဲပေးတာမှာ ပုံမှန်ဟုတ်မဟုတ်ရယ်။ တရားဝင်ဟုတ်မဟုတ်ရယ်၊ မသမာတာတွေ ကာကွယ်နိုင်ဖို့ထားတာ။ ဒီလူတွေကို မဲစာရင်း ...ပိတ်.ပြီးတော့ ထိုင်ခိုင်းတဲ့ကိစ္စ၊ ဘယ်လိုလုပ် check လုပ်လို့ရမလဲ။ အကုန်လုံးက သူလုပ်ချင်သလို လုပ်သွားမှာ။”

အခုဆိုရင် ရွေးကောက်ပွဲကော်မရှင်က ရိုက်ထားတဲ့မဲလက်မှတ်တွေဟာ နဂိုရ်မူလအရောင်နဲ့ လွဲနေတာကြောင့် ဒီအချက်ဟာ မဲပေးမယ့်ပြည်သူတွေကို ထင်ယောင်ထင်မှား လွဲမှားစေနိုင်တယ်လို့ NLD ပါတီ ပြောခွင့်ရ ဦးဝင်းထိန်က ထောက်ပြပါတယ်။

"နောက်တခုက ပြဿနာတက်နေတာတစ်ခုရှိတယ်။ ကျနော်တို့ပါတီရဲ့logo က အနီရောင်ရယ်၊ ခွပ်ဒေါင်းရယ်၊ ကြယ်အဖြူရယ်။ အခုဟာက မဲစာရင်းတွေ နမူနာရတဲ့အခါမှာ အနီရောင်ရယ်၊ ခွပ်ဒေါင်းရယ်၊ ကြယ်ဖြူမဟုတ်တော့ဘူး၊ ကြယ်ဝါတွေဖြစ်နေတယ်။ သူတို့ အင်ဒိုနီးရှားကမှာတဲ့စက္ကူတွေက အဝါရောင်တွေ။ အဲဒီနေရာမှာ blank ပုံနှိပ်တဲ့အခါကျတော့ စက္ကူအဖြူရောင်မဟုတ်တော့ဘဲနဲ့ အဝါရောင်တွေဖြစ်နေတယ်။ ကြယ်ဖြူမဟုတ်တော့ဘူး၊ ကြယ်ဝါတွေဖြစ်နေတယ်။ အဲဒါက တော်တော်ကို ရှုပ်ရှုပ်ထွေးထွေးဖြစ်မယ့်ကိစ္စ။ တောသူတောင်သားတွေရှိတယ်။ တိုင်းရင်းသားတွေရှိတယ်။ သူတို့ကို ခွပ်ဒေါင်း၊ ကြယ်ဖြူ - ခွပ်ဒေါင်း၊ ကြယ်ဖြူ - အဲဒါကို သင်ထားပေးတာ။ ခွပ်ဒေါင်း-ကြယ်ဖြူမဟုတ်ဘဲ ခွပ်ဒေါင်း- ကြယ်ဝါဆို ရှုပ်ထွေးကုန်မှာပေါ့။ မဲဆန္ဒရှင်တွေ အထူးသဖြင့် တောသူတောင်သားတွေက ပြဿနာတက်မှာပေါ့။"

ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂ ရက်နေ့မှာ တတိယအကြိမ် အပြီးသတ်မဲစာရင်း ထုတ်ပြန်ခဲ့ပေမယ့် မဲရုံတစ်ခုချင်းစီရဲ့ မဲဆန္ဒရှင်စာရင်းကို ခွဲပြီးကပ်တာကြောင့် စိစစ်ဖို့ ပိုပြီးခက်သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG