ပဲရစ်မြို့မှာ ကျင်းပနေတဲ့ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဘက်မှာ ရုရှားက မာရီယာ ရှာရာပိုဗား (Maria Sharapova) ချန်ပီယံဖြစ်သွားပါတယ်။
အမျိုးသမီးတဦးချင်းဖိုင်နယ်ကို စနေနေ့က ကစားခဲ့ကြတာမှာ Maria Sharapova က ရိုမေးနီးယားက Simona Halep ကို ၆-၄၊ ၆-၇၊ ၆-၄ နဲ့ ၃ ပွဲ အပြည့်ကစားပြီး အနိုင်ရသွားတာပါ။ ဒီပွဲမှာ ၂ ယောက်စလုံးက ရေကုန်ရေခမ်းကစားသွားခဲ့တာကြောင့် ပွဲဟာ အကြိတ်အနယ်ရှိပြီး အတော်လေးလည်း ကြည့်ကောင်းခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ရှာရာပိုးဗားက - “ဒီပွဲဟာ သူ့ကစားခဲ့တဲ့ ဂရန်းစလမ်းဖိုင်နယ်သက်တမ်း တလျှောက်မှာ အခက်ခဲဆုံးဖြစ်ပြီး ဆီမိုနာကို သူ့အနေနဲ့ အလွန်ပဲ လေးစားကြောင်း၊ ဒီပွဲမှာ ဆီမိုနာကစားသွားတာဟာ လုံးဝ မယုံနိုင်လောက်အောင်ကောင်းတယ်” လို့ ချီးကျူးသွားခဲ့ပါတယ်။
ရှာရာပိုးဗာအတွက်တော့ ဒါဟာ ပြင်သစ် OPEN ကို ဒုတိယအကြိမ် ဗိုလ်စွဲတာဖြစ်ပြီး ၃ နှစ် ဆက်တိုက် ဖိုင်နယ်ကို တက်တာဖြစ်ပါတယ်။ အခုလို နိုင်လိုက်တဲ့အတွက် ရှာရာပိုးဗားဟာ ပြင်သစ် OPEN ၂ ကြိမ်၊ ၀င်ဘယ်လ်ဒန်၊ သြစတြေးလျ နဲ့ အမေရိကန် OPEN တွေကို တကြိမ်စီ နဲ့ ဂရန်းစလမ်းဖလားကို ၅ ကြိမ် ဗိုလ်စွဲထားပါတယ်။
အရင်တုန်းက ပြင်သစ်အိုးပင်းမှာ ရလဒ်မကောင်းတတ်တာကြောင့် တခြားဂရန်းစလမ်းတွေ တခါပိုပြီး ပြင်သစ် OPEN ကို အနိုင်ရထားတဲ့အပေါ်မှာလည်း မယုံကြည်နိုင်လောက်အောင်ပါပဲလို့ သူကပြောပါတယ်။ ဆီမိုနာ ဟာလပ်အတွက်တော့ ဒါဟာ ဂရန်းစလမ်းဖိုင်နယ်ကို ပထမဆုံး အကြိမ်တက်တာဖြစ်ပါတယ်ခင်ဗျာ။