သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှား


ရန်ကုန်မြို့ အာဇာနည်နေ့ လှုပ်ရှားမှု (ဇူလိုင် ၁၉ ၊၂၀၂၃)
ရန်ကုန်မြို့ အာဇာနည်နေ့ လှုပ်ရှားမှု (ဇူလိုင် ၁၉ ၊၂၀၂၃)

ဒီကနေ့ကျရောက်တဲ့ ၇၆ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံတဝန်းက နေရာအတော်များများမှာ ကျင်းပခဲ့ကြပါတယ်။ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ် ဆန့်ကျင် လှုပ်ရှားသူတွေကတော့ အာဏာရှင်လက်အောက် ကျဆုံးခဲ့ကြသူ အားလုံးကို အောက်မေ့ ဂုဏ်ပြု အလေးပြုတာ၊ ဆန္ဒပြသပိတ် ဆင်နွှဲတာတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း အပြည့်စုံကို ကိုစံကျော် က တင်ပြပေးပါမယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနား
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနား

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ၇၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ် အာဇာနည်နေ့ အခမ်းအနားတွေကို ဒီကနေ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံအနှံ့ နေရာဒေသ အတော်များများမှာ ကျင်းပကြပါတယ်။ ရန်ကုန် အာဇာနည်ဗိမာန်မှာ ဒီကနေ့ စစ်ကောင်စီ ဦးဆောင် ကျင်းပတဲ့ နိုင်ငံတော်အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားအကြီး ဦးအောင်ဆန်းဦး တက်ရောက် လွမ်းသူပန်းခွေချခဲ့သလို၊ ဒီပွဲကို စစ်ကောင်စီ အရာရှိတွေ၊ အာဇာနည် ခေါင်းဆောင်တွေရဲ့ မိသားစုတွေ၊ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ နိုင်ငံခြား သံတမန် တချို့ တက်ရောက်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း တတိယအကြိမ်ကျင်းပတဲ့ အာဇာနည်နေ့မှာ အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေကတော့ လွတ်လပ်ရေးဖခင် အာဇာနည် ခေါင်းဆောင်ကြီးတွေကိုသာမက စစ်အာဏာရှင်လက်အောက် အသက်ပေးခဲ့ကြသူ အားလုံးကို အောက်မေ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းနဲ့ ပြည်နယ် တချို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်တချို့ ရှိခဲ့သလို၊ အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ စာတမ်းတွေ ချိတ်ဆွဲတာ၊ ကျဆုံးသူတွေကို အလေးပြု ဂုဏ်ပြုတာတွေ လုပ်ခဲ့ကြပါတယ်။

လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်းရေး သွေးမအေးဖို့အတွက် ရန်ကုန်နဲ့ မန္တလေးမှာ စတေကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြတယ်လို့ ကမ်ပိန်း ဦးဆောင်သူ တဦးဖြစ်တဲ့ S&C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

“လက်ရှိကျနော်တို့ နှစ်ဖွဲ့ခွဲပြီးတော့ မန္တလေးရယ် ရန်ကုန်ရယ် နှစ်ခုလုပ်ကြတယ်ဗျာ၊ အဓိကတော့ ကျနော်တို့ ဒီမြို့တွေမှာ သွေးမအေးဖို့ ပေါ့နော် တော်လှန်ရေးမှာလည်း ပေါ့လျော့နေတဲ့ အပိုင်းလေးတွေ ရှိတာပေါ့နော် ကျနော်တို့ မြင်တွေ့နေရတယ်၊ အဲတာကျနော်တို့ အညာဖက်ကို ပြန်ကြည့်ပေးစေချင်တဲ့သဘောပေါ့နော် နောက်ပြီးတော့ ကျနော်တိုအနေနဲ့ ဒီအတိုင်းနေနေကြလို့ အဲတာကို သတိပေးရင်းနဲ့ လုပ်ဖြစ်တာပါဗျာ။”

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လုံခြုံရေးနဲ့ သွားလာရေး အကန့်အသတ်တွေ ရှိနေတဲ့ ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာလည်း အာဇာနည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ ဒီကနေ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျနော်တို့ ဖားကန့်ပြည်သူတွေ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ပွဲ ဝင်သွားကြတဲ့ ဗိုလ်ချုပ်အောင်းဆန်းနဲ့ အာဇာနည် ၉ဦးဖယ်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး အတွက်အသက်ပေးသွားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အသီးသီးက အာဇာနည်တွေ နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင် ကျရှုံးရေးမှာ အသက်ပေးတိုက်ပွဲ ဝင်သွားကြတဲ့ အာဇာနည်တွေ အားလုံးကို ကျနော်တို့ အလေးပြုပါတယ်။ အာဇာနည်တွေ အားလုံး ကောင်းရာသုကတိလားပါစေ။ ကျနော်တို့ ပြည်သူတရပ်လုံး ကလည်း နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ သွေးမအေးသွားကြဖို့နဲ့ စစ်အာဏာရှင် အမြစ်ပြတ်သွားတဲ့ အထိတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပူပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တောက်လျှောက် ရှိလာခဲ့တဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့အတူ စစ်အာဏာရှင် တိုက်ထုတ်ရေး လှုပ်ရှားမှု လုပ်ခဲ့ကြတယ်လို့လည်း ကိုခန့်ဝေဖြိုးက ပြောပါတယ်။

မုံရွာမြို့ အာဇာနည်နေ့ လှုပ်ရှားမှု (ဇူလိုင် ၁၉ ၊၂၀၂၃)
မုံရွာမြို့ အာဇာနည်နေ့ လှုပ်ရှားမှု (ဇူလိုင် ၁၉ ၊၂၀၂၃)

“မုံရွာမြို့လည်နာရီ စင်နားမှာ ၁၉ ဂျူလိုင် မမေ့နိုင်ဆိုပြီး မုံရွာလူငယ်များ အစည်းအရုံးကလှုပ်ရှားမှုတခု လုပ်တာလည်း တွေ့ရတယ်။ နောက်တခုကတော့ မုံရွာမြို့ပေါ်မှာပဲ ပြည်သူအယောက် ၁၀၀နီးပါးစုပြီးတော့ အာဇာနည်မျိုး သေရိုးမရှိ ဆိုပြီး စစ်အာဏာရှင် တိုက်ထုတ်ရေး လှုပ်ရှားမှု လုပ်တာလည်း ရှိတယ်။ ခု လက်ရှိကတော့ မြို့ပေါ် မှာတော့ လူထုလှုပ်ရှားမှု ၂ ခု လုပ်တာတွေ့ရတယ်။ အာဇာနည်နေ့ကတော့ ကျနော်တို့ နိုင်ငံအတွက် တကယ့်ကို အရေးကြီးတဲ့နေ့ ဖြစ်တယ်။ နိုင်ငံရေးအရလည်း အရေးပါတဲ့နေ့တနေ့ဖြစ်ပါတယ်။”

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ စစ်တပ်အာဏာ သိမ်းထားတဲ့ကာလမှာ အာဇာနည်နေ့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂုဏ်ပြု ကျင်းပခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ အဓိက နိုးဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်တုန်းကလို အခမ်းအနားတွေ စုဝေး ကျင်းပပြီး အာဇာနည်ဗိမာန် သွားရောက် ဂုတ်ပြုတာ၊ ရန်ကုန်လိုမြို့ကြီးတွေက လမ်းမတွေပေါ်မှာ ကားတွေကို ရပ်တန့် ဟွန်းတီးတာတွေ ကတော့ အနည်းအကျဥ်းလောက်သာ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG