သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအနှံ့ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပ


အာဇာနည်နေ့ အခမ်းအနား (ဇူလိုင်၊ ၁၉၊ ၂၀၁၉)
အာဇာနည်နေ့ အခမ်းအနား (ဇူလိုင်၊ ၁၉၊ ၂၀၁၉)

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ တတ်ရောက်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်လည်း တတ်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ NLD အစိုးရသစ်လက်ထက် ၄ ကြိမ်မြောက် ကျင်းပတဲ့အာဇာနည်နေ့ အခမ်းအနားကိုတော့ နိုင်ငံတော်သမ္မတအနေနဲ့ ပထမအကြိမ်အဖြစ် တက်ရောက်ဂါရဝပြုတာလည်း ဖြစ်ပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

ဒီကနေ့ ကျင်းပတဲ့ အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားဟာ NLD အစိုးရလက်ထက်မှာ စတုတ္ထ အကြိမ်မြောက်ကျင်းပတဲ့ အခမ်းအနား ဖြစ်ပါတယ်။ ရန်ကုန်အာဇာနည်ဗိမာန်အပြင် အခြားအထင်ကရနေရာတွေနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ကျင်းပကြတာပါ။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ် ဦးတို့ တက်ရောက်ဂါရဝပြုခဲ့ကြတာပါ။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဇာနည်ခေါင်းဆောင်ကြီးရဲ့ မိသားစုဝင်တစ်ဦးအနေနဲ့ တက်ရောက်ဂါရဝပြုခဲ့တာ ဖြစ်ပါတယ်။

အာဇာနည်နေ့ အခမ်းအနား (ဇူလိုင်၊ ၁၉၊ ၂၀၁၉)
အာဇာနည်နေ့ အခမ်းအနား (ဇူလိုင်၊ ၁၉၊ ၂၀၁၉)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပီး ၄ နှစ်အကြာမှာ နိုင်ငံတော် သမ္မတ တဦး အနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ပါတယ်။စစ်အစိုးရလက်ထက် ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို အစိုးရဝန်ကြီးအဆင့်သာ တက်ရောက်ခဲ့ကြတာဖြစ်ပြီး ၂၀၁၀ နောက်ပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့် စတင်ကျင်းပလာတာ ဖြစ်ပါတယ်။

ယုဇနဥယျာဉ်မြို့နယ်က ကိုအောင်ဆန်းချစ်ကေတော့ သူ့အနေနဲ့ အာဇာနည်ခေါင်းဆောင်တွေကို အမြဲသတိရ အောက်မေ့ပီး နှစ်စဉ်လာရောက် ဂါရဝပြုရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်သားဟောင်း တဦး ဖြစ်တဲ့အတွက် ဒီနေ့လိုနေ့မျိုးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို လာရောက်ဂါရဝပြုတယ်လို့ ဆိုသူကတော့ သုဝဏ္ဏမြို့နယ်က ဦးမြင့်ဆွေ ဖြစ်ပါတယ်။

"ဗိုလ်ချုပ်ကို သတိရတဲ့ အနေနဲ့ လာရောက်ခြင်းဖြစ်တယ်။ နောက်တခါကျတော့ ဒီကလည်း တပ်မတော်သားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအချိန်ဒီအခါမှာဆိုလို့ရှိရင် ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့လည်း လာတာပါ။"

ရန်ကုန်မှာတော့ အာဇာနည်နေ့အခမ်းအနား တွေကို အာဇာနည်ဗိမ္မာန်အပြင် ဗိုလ်ချုပ်နေထိုင်တဲ့အိမ် အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံးနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ နေရာတွေမှာ ကျင်းပခဲ့ပါတယ်။ အတွင်းဝန်များရုံးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး အာဇာနည်နေ့ရောက်တိုင်း ပြည်သူအများ ဝင်ရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ အတွင်းဝန်ရုံးထဲမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့အတွက် အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ အစည်းအဝေးခန်းကို တက်ရောက်ကြည့်ရှုခွင့် ပိတ်ထားခဲ့ပြီး နောက်နှစ် ပြင်ဆင်မှုတွေပီးရင် တက်ရောက်လေ့လာခွင့်ပြုမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တေ်ာ စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ခုလိုပြောပါတယ်။

"ဒီနေရာကို ပြန်ပြီးတော့ အောက်မေ့ဘွယ်ရာ အနေနဲ့ ဒီမှာ အလံတွေ အလေးပြုဌာနတွေလည်း လုပ်တယ်။ ပြီးရင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ ဒီအခန်းကိုလည်းပဲ အောက်မှာ LED ပုံးနဲ့ အများပြည်သူ ကြည့်ရှုနိုင်ဖို့အတွက် ပြသထားပါတယ်။ အဲ့ဒီအပြင် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က ကျန်ရှိနေခဲ့တဲ့ ပစ္စည်း ၂၈ မျိုးကိုလည်းပဲ ဒီမှာ အောက်မှာ LED ပုံးနဲ့ ပြသထားတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ဆိုရင်တော့ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ အခန်းက ပြုပြင်ပြီးသွားပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာဆိုရင်တော့ အများပြည်သူဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဆကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ အခန်းကို ဒါရိုက်တက်ရောက် လေ့လာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။"

အစိုးရအဆက်ဆက်လက်ထက် ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလာတာ အခုဆိုရင် နှစ် ၇၂ ပြည့် ရှိလာခဲ့ပါပြီ။ နှစ်စဉ် ဒီနေ့ နီးလာတိုင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေထဲက အုပ်ချုပ်သူတို့ စိတ်ကြိုက် မိန့်ခွန်းတစ်ချို့ကို ကောက်နုတ်ဖော်ပြလေ့ ရှိပါတယ်။

အာဇာနည်နေ့ အခမ်းအနား (ဇူလိုင်၊ ၁၉၊ ၂၀၁၉)
အာဇာနည်နေ့ အခမ်းအနား (ဇူလိုင်၊ ၁၉၊ ၂၀၁၉)

အခု ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာလည်း အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အဆင့် ကျင်းပပြီး ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတော်တော်များများမှာ အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။ ဒါပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ လမ်းစဉ်တွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေး မျှော်မှန်းချက်တွေ ပြည့်ဝပြီလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ အစိုးရ အဆက်ဆက် ဘယ်လိုပဲ မူပြောင်းပြောင်း လူထုကတော့ အာဇာနည်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပလေ့ ရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG