သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အမှတ်တရ ပြောကြားချက်များ


နိုင်ငံရေးမှာ လက်နက်နည်းတဲ့ဖြေရှင်းတာဟာ ပြဿနာကို ပြေလည်စေမယ့်နည်းလမ်း မဟုတ်ဘူးလို့ အာဇာနည် ဦးဘဝင်းရဲ့သား ဒေါက်တာ စိန်ဝင်းက (၇၁)နှစ်မြောက် အာဇာနည်နေ့မှာ ပြောကြားလိုက်ပါတယ်။ အာဇာနည်နေ့ အခမ်းအနားတရပ်ကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ကျင်းပစဉ် ပြောဆိုခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ဟာလည်း ဒီကနေ့အချိန်ထိ အကောင်အထည် ပေါ်မလာသေးဘူးလို့ ကယ်လီဖိုးနီးယားအခြေစိုက် ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်းကလည်း ပြောကြားပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

(၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို အာဇာနည် ဦးဘဝင်းရဲ့သား ဒေါက်တာစိန်ဝင်း မိသားစုကဦးစီးပြီး မြန်မာမိသားစုတွေနဲ့အတူ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ် မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ဇူလိုင် (၁၈)ရက် ညနေပိုင်းက ကျင်းပခဲ့ကြပြီး ကွယ်လွန်သွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်းစူးရင်း အလှူဒါနပြု အမျှအတန်းဝေ ခဲ့ကြပါတယ်။

ဇူလိုင်(၁၉)ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ အလုပ်ကြံခံရတဲ့ (၉)ဦးထဲမှာ ဗိုလ်ချုပ်ရဲ့ အကိုရင်းတော်စပ်သူ ဦးဘဝင်းလည်း ပါဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ထဲမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာပါ။ လက်ရှိ မေရီလန်း ပြည်နယ်မှာ နေထိုင်တဲ့ ဒေါက်တာစိန်ဝင်းဟာ အာဇာနည် ဦးဘဝင်းရဲ့သားတဦးဖြစ်ပြီး ဖခင်လုပ်ကြံခံရတဲ့ အချိန်တုန်းက သူဟာ (၃)နှစ်သား အရွယ်သာ ရှိသေးတာပါ။

“ ကျနော်ကငယ်သေးတယ်၊ ၃နှစ်သားအရွယ်ဆိုတော့ ဝမ်းနည်းရမှန်းဘာမှန်း သိပ်မသိဘူးဗျ။ ဟို ဂျူဗလီဟောသွားတာ ကျနော်မှတ်မိတယ်။ ရုပ်အလောင်းတွေက အဲဒီမှာ ထားတာကိုး။ ဂျူဗလီဟောမှာ စစ်သားတွေအလေးပြုတာ မှတ်မိတယ်၊ သူတို့လို လိုက်လုပ်တာလည်း ကျနော် မှတ်မိတယ်။ ဒါပေမယ်လို့ သေသေချာချာ ရုပ်ပုံလွှာကိုတော့ မမှတ်မိဘူး။ ကျနော့်အမေတို့ဘာတို့ကတော့ ပြောတာပေါ့၊ ကျနော်မအိပ်ဘူးတဲ့ .. ကိုယ် ကိုယ်တိုင်တော့ ဒီလောက်မမှတ်မိဘူးဗျ။”

မြန်မာ့သမိုင်းမှာ အခုလို လက်နက်အားကိုးပြီး လုပ်ကြံတဲ့နည်းနဲ့ နိုင်ငံရေးအာဏာရယူဖို့ ဖြေရှင်းတဲ့နည်းဟာ ပြဿနာကိုပြေလည်စေမယ့် နည်းလမ်းမဟုတ်ဘူးလို့ ဒေါက်တာစိန်ဝင်းက သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံရတယ်၊ ဒီအတွေ့အကြုံအရတော့ ဆိုးကျိုးချည်းပဲဗျ ကောင်းကျိုးလုံးဝ မရှိဘူး။ လက်နက်နည်းနဲ့ ဖြေရှင်းလို့ တချို့တွေလည်း အသက်ပျောက်နေတာတွေ ကျနော်တို့ ကြားနေရတာပဲ။ ဒီအတိုင်းပဲ ကျနော်တို့ဟာ ပြဿနာတခု ဖြေရှင်းတဲ့အခါမှာ ဒီလက်နက်နဲ့ ဖြေရှင်းတဲ့နည်းတွေက အဖြေမရဘူးဗျ၊ ဒို့တတွေအတူ ညီညီညွတ်ညွတ်နဲ့ လုပ်ကြရအောင် ဆိုတာကပိုကောင်းတာပေါ့ဗျာ။”

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတာ အခုဆို ဆယ်စုနှစ်နဲ့ချီ ရှိလာပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံမခံရခင် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ တိုင်းရင်းသားတွေနဲ့အတူတကွ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်သွားဖို့ဆိုပြီး ရှမ်းပြည်နယ်မှာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ ပြည်ထောင်စုစနစ် ဟာလည်း ခုချိန်ထိ အကောင်အထည် ပေါ်မလာသေးဘူးလို့ အမေရိကန် ကယ်လီဖိုးနီးယားအခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က မြင်ပါတယ်။

“ ပြောရမယ်ဆိုရင် ကျနော်တို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရဖို့ ကျနော်တို့ ရှမ်းတွေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာက ကျနော်တို့ ခွဲထွက်ဖို့ မဟုတ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာက ပြည်ထောင်စုမှာ အတူနေပြီးတော့မှ ညီတူညီမျှ ခံစားခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိတယ်။ အဲဒီ ဖက်ဒရယ်ရဖို့ရန် အဲဒါကို ကျနော်တို့တောင်းဆိုနေတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ကာ အဲဒီ Federal System, ဖက်ဒရယ်ပြည်ထောင်စု မဟုတ်တော့ပဲနဲ့ တဖွဲ့ထဲကပဲ အုပ်စိုးသွားတဲ့ နိုင်ငံဖြစ် သွားတယ်။ ကျနော်တို့အနေနဲ့က အဲဒီလို ပြည်ထောင်စုမျိုးဖြစ်ဖို့ ပြန်ဖေါ်နေတာ။ ဒီနေရာမှာ အထင်လွဲတာက ဖက်ဒရယ်လို့ပြောရင် ခွဲထွက်မယ်လို့ပဲ ထင်နေတာ အဲဒါ လုံးဝကိုမှားတယ်။”

မြန်မာ့လွတ်လပ်ရေးရဖို့ ကြိုပမ်းနေချိန် ၁၉၄၇ ဇူလိုင်(၁၉)ရက်နေ့ မနက်(၁၀)နာရီကျော်မှာ ဂဠုန်ဦးစောရဲ့ စေခိုင်းချက်အရ လက်နက်ကိုင် လူအုပ်စုက ရန်ကုန် ဗိုလ်အောင်ကျော်လမ်း ဝန်ကြီးများရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးလုပ်နေချိန် ဝင်ရောက်ပစ်ခတ် လုပ်ကြံခဲ့တာကြောင့် (၁၉)ဇူလိုင်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်ကြံခံရသူ (၉)ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ပွား စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင်နဲ့ ရဲဘော် ကိုထွေးတို့ ဖြစ်ပါတယ်။

အာဇာနည်နေ့အမှတ်တရ ပြောကြားချက်များ
please wait

No media source currently available

0:00 0:04:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG