သုံးရလွယ်ကူစေသည့် Link များ

လွတ်လပ်ရေး အတွက် ကြိုးပမ်းရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ရည်မှန်းချက်တွေဟာ ဒီကနေ့ အချိန်အခါမှာ အကောင်အထည်ပေါ်လာဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ အာဇာနည် မိသားစုဝင်တချို့နဲ့ ရှေ့မှီနောက်မှီ ပညာရှင်တွေက ပြောဆို လိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားတာပါ။

အနှစ် (၇၀) မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလှူဒါနပြု အမျှဝေပွဲ အခမ်းအနား တရပ်ကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ကြတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကို အာဇာနည် ဦးဘဝင်းရဲ့သား ဒေါက်တာစိန်ဝင်းက VOA ကိုပြောပါတယ်။

“ နိုင်ငံနဲ့လူမျိုးအတွက်ကို လုပ်သွားတဲ့ ကျဆုံးသွားတဲ့ ကျနော်တို့ ဒီ အာဇာနည်နေ့  အတွက် ရေစက်ချ အမျှဝေတာပေါ့နော်။ လူတွေကို ဖိတ်ပြီးတော့ ကျွေးတယ်လေ။ ကျွေးပြီးတော့ ဘုန်းကြီးကိုလည်းလှူ။ လှူပြီးတော့ ရေစက်ချ အမျှဝေပေါ့။ ”

မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်က ရှေးရေးကိုကြိုတွေးပြီး ပြောခဲ့ဆိုခဲ့တာတွေဟာ ဒီကနေ့အချိန်ထိ အမှတ်ရစရာ ဖြစ်နေဆဲပဲလို့ ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးထဲဝင်မယ်ဆိုတော့ စစ်တပ်က ထွက်တယ်ဗျာ။ ဟုတ်လား ရွေးကောက်ပွဲဝင်တယ်။ ဖဆပလ နဲ့သွားတယ်။ တခါ ဗိုလ်ချုပ်အောင်ဆန်းကပြောတယ် ဘာသာရေးနဲ့ နိုင်ငံရေး မရောသင့်ဘူး ဆိုပြောတယ်။ဗိုလ်ချုပ်အောင်ဆန်းက ဘာလို့ ဒီလိုပြောသလဲ။ သူက ရှေ့ရေးကို မြင်ပြီး သူပြောတာ။ တော်လှန်ရေးကို မြင်ပြီးပြောတာ မဟုတ်တော့ဘူး။ ဗမာပြည် ရှေ့ရေးကို ခရီးသွားရတော့မယ်။ ဗမာပြည် တခုလုံးရဲ့ခေါင်းဆောင်အနေနဲ့ သူပြောတာ။ ဟုတ်လား ပင်လုံမှာလဲ အားလုံးညီတူမျှတူ ရရမယ်။ တိုင်းရင်းသားအခွင့်အရေး ညီတူညီမျှဖြစ်ရမယ်။ အားလုံး။ ဒါလည်း သူသေချာပြောသွားတာပဲ။ ဒီအတိုင်းပဲ စစ်တပ်ကလည်း ကျုပ်တို့ကတော့ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်လိုက်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုပြီးတော့ မဟုတ်တာတွေ လုပ်ကြတယ်။ ဒီလိုလည်း မဖြစ်ဘူးလေ။ ”

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦး ကျဆုံးချိန် ၁၉၄၇ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တုန်းက သရက်မြို့ ချင်းအမျိုးသား ကာကွယ် ရေးအဖွဲ့မှာ တာဝန်ခံလုပ်ခဲ့သူကတော့ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာ ဆလိုင်းထွန်းသန်း ဖြစ်ပါတယ်။

“ ကျနော်က အဲဒီနှစ်မှာပဲ သရက်မြို့မှာ ကျနော်ဟာ ၁၀ တန်းအောင်တယ်။ ကျနော်တို့ အဲဒီမှာ တမြို့လုံး ကြိမ်မီးအုံး သကဲ့သို့ တခါတည်း ဘယ်သူမှ စကားကောင်းကောင်းမပြောကြပါ အားလုံး ခေါင်းငိုက်စိုက်နဲ့ နေကြတယ် အဲဒီအချိန်တုန်းက။”

အခုတော့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ အနှစ်(၇၀)ရှိလာခဲ့ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့ မျှော်မှန်းခဲ့သလို ဖြစ်မလာသေးပဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ လွှမ်းမိုးနေတာနဲ့ပတ်သက်လို့ ဒေါက်တာ ဆလိုင်းထွန်းသန်းက ခုလိုမှတ်ချက်ပေး ပြောဆိုပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းသူမကျဆုံးခင် ပြောခဲ့တဲ့ စကားကို ကျနော်သွားပြီး သတိရတယ်။ တစ်အချက်က သူဘာပြောသလဲ ဆိုလို့ရှိရင် မင်းတို့ ဒီလို အာဏာလုနေ လို့ရှိရင် ငါတော့ လွတ်လပ်ရေးသာ ရလို့ရှိရင် နိုင်ငံရေးမလုပ်တော့ဘူး စာပဲရေးစားတော့မယ်တဲ့။ သူ အဲဒီတခွန်းပြောတယ်။ နောက် သူ ဘာဆက်ပြော သေးသလဲဆိုလို့ရှိရင် မင်းတို့ ဒီလိုသာ ဆက်နေလို့ရှိရင်တော့ တို့တိုင်းပြည်ကြီး ဖါနိုင်ငံ ဖြစ်သွားမယ်တဲ့။ ကဲ အဲဒီတော့ ကျနော်က ဘာပြောချင်သလဲ ဆိုလို့ရှိရင် တပ်မတော်သားများ ခင်ဗျား ဗိုလ်ချုပ်အောင်ဆန်းရဲ့နမူနာကို လိုက်ကြပါ။ ဗိုလ်ချုပ် လုပ်ခဲ့တဲ့ အတိုင်း တိုင်းပြည်ကို ချစ်ပါ။ ဖက်ဒရယ် အစစ် တည်ထောင်ဖို့ ဥစ္စာကို ကျနော် ဟိုတခါတုန်းကပဲ ကျနော် ပြောခဲ့တယ်၊ အဲဒီစစ်တပ်က မြန်မာအပါအ၀င် နောက်ဆုံး ဗမာ အပါအ၀င် လူတိုင်းလူတိုင်းကို လူကိုလူလို မြင်လို့ရှိရင် စသည်အားဖြင့်က အဲဒါမျိုးဟာ ဒါဖက်ဒရယ်ပဲ တကယ်တော့။ ”

ဒီကနေ့မှာတော့ အရပ်သားတင်မြှောက်တဲ့ NLD အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ကြိုးစားနေပေမယ့် စီမံခန့်ခွဲခွင့် အာဏာတွေ အပြည့်အဝ မရှိသေးတာက အဟန့်အတား ဖြစ်နေတယ်လို့ ဒေါက်တာစိန်ဝင်းက ထောက်ပြပါတယ်။

“ ဘာကြောင့်လည်းဆိုတော့ တချို့အာဏာတွေက တပ်မတော် လက်ထဲမှာရှိတယ်။ တပ်မတော် ကကွပ်ကဲနေတာ။ ဟုတ်လား။ ဥပမာဆိုရင် ကျနော်တို့ ပြည်ထဲရေး ကို တပ်မတော်ကကိုင်ထားတာ။ ပြည်ထဲရေးနဲ့ ပတ်သက်တဲ့ ပြသနာတွေဟာ NLD က ဒေါ်အောင်ဆန်းစုကြည်က လုပ်ပိုင်ခွင့်မရှိဘူး။ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆိုလို့ရှိရင် ဒီကနေ့ NLD မှာ အာဏာအကုန်လုံးပေါ့ မရှိဘူး။ တပ်မတော်နဲ့ ပြန်ညှိနေကြရတယ်။ ”

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းနားတွေကို အမေရိကန်ပြည်ထောင်စု အပြင် ထိုင်းနဲ့ အခြားအာရှနိုင်ငံတွေမှာလဲ မြန်မာ အသိုင်းအဝိုင်းက ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG