သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၀ ကြိမ်မြောက် အာဇာနည်နေ့ ထူးခြားစွာ ကျင်းပဖို့ ပြင်ဆင်


အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည် ဝန်ကြီးများရုံး။ ဓာတ်ပုံ - MOI
အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည် ဝန်ကြီးများရုံး။ ဓာတ်ပုံ - MOI

နှစ် (၇၀) ပြည့် အာဇာနည်နေ့ကို ပထမဆုံးအနေနဲ့ ထူးခြားတဲ့ ပြသမှုတွေနဲ့ ကျင်းပသွားဖို့ ရှိနေပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ ဝန်ကြီးများရုံးမှာ ခေါင်းဆောင်တွေ လုပ်ကြံခံရသည့်နေ့က အခန်းအတွင်း ကျန်ရှိခဲ့သော ပစ္စည်း ၂၈ မျိုးကို ပြသသွားဖို့ရှိနေသလို အာဇာနည်ဗိမာန်မှာလည်း ခေါင်းဆောင်ကြီးတွေရဲ့လွတ်လပ်ရေး သမိုင်းဖြစ်စဉ်တွေကို ပြသသွားမှာပါ။

ဒီလို ထူးထူးခြားခြား ပြသဖို့စီစဉ်ထားတာမှာ လုံခြုံရေးပိုင်းကို အထူးသတိထား လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ပြည်ထဲရေးက ပြောပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတာ ခုဆိုနှစ် ၇၀ ပြည့်ပါပြီ။ အရင်ကတော့ အာဇာနည်နေ့ ဆိုတာကို ကန့်သတ်မှုတွေနဲ့ ကျင်းပလာခဲ့ရာကနေ ခုဆို တစတစ ကန့်သတ်မှုတွေ ပယ်ဖျက်လာနေပါပြီ။ ဒီနှစ်ကြုံရမယ့် နှစ် ၇၀ မှာ ဆိုရင်တော့ အာဇာနည် ခေါင်းဆောင်တွေနဲ့ ပတ်သတ်တာတွေကို ပထမဆုံး ထူးထူးခြားခြား ပြသသွားဖို့ လုပ်ဆောင်ထားတာနဲ့ ပတ်သက်လို့ အရင်တုန်းက အတွင်းဝန်ရုံးလို့ ခေါ်ဝေါ်ခဲ့ကြတဲ့ ဝန်ကြီးများ ရုံးထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ မမေသန္တာဝင်းက အခုလိုပြောပြပါတယ်။

“ အရင်နှစ်နဲ့ မတူဘဲ ထူးထူးခြားခြားပေါ့နော် ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်း ပေါ့နော် အဲဒါကို အများပြည်သူကို ပြမယ်ပေါ့နော်။ အရင်တုန်းက မူရင်း ပရိဘောဂတွေကို display လုပ်ပြီး တော့ အခန်းထဲမှာပေါ့နော် ပြသသွားမှာ ဖြစ်တယ်။ အများပြည်သူက အခန်းထဲကိုတော့ ဝင်လို့ မရဘူးပေါ့နော်။ အပြင်က နေပြီးတော့ ကြည့်လို့ရပါမယ်။ ဆရာကြီး ဦးရာဇတ်ရဲ့ လက်စွပ်တို့ နောက်ပြီး မျက်မှန်လေးတွေတို့ နောက်ပြီးတော့ ဆေးလိပ်တို့ အဲလိုမျိုးလေးတွေ ပေါ့နော်။ နောက်ပြီးတော့ တခြား documents တွေရော ပေါ့နော်။ အဲလိုမျိုးလေးတွေ စာရွက်စာတမ်းလေးတွေ ပါတဲ့ ၂၈ မျိုးကိုလည်း ဒါ ပထမဆုံးအကြိမ် ပြသသွားမှာပါ။ ပါလီမန်ကတော့ အရင်နှစ်တွေကနဲ့ မတူတာက အထဲထဲမှာ original furniture တွေနဲ့ ပါလီမန် setting အတိုင်း ပြင်ထားပြီးတော့ ပြမယ်ပေါ့နော်။ နောက်ပါလီမန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဘာတွေလည်း ကျမတို့ လမ်းတလျှောက်မှာ ပြထားမှာပေါနော်။ ”

အရင်ကတော့ ဝန်ကြီး များရုံးကို အများပြည်သူ လေ့လာနိုင်ဖို့ အတွက် အာဇာနည်နေ့ တရက်တည်းကိုဘဲ ခွင့်ပြုရာကနေ ဒီနှစ်မှာတော့နှစ်ရက်ထပ်တိုးပြီး ဇူလိုင် ၂၁ ရက်အထိ ဝင်ရောက်လေ့လာခွင့် ပြုမှာဖြစ်ပါတယ်။ အာဇာနည်နေ့မှာ လွတ်လပ်ရေးရခဲ့တဲ့နေ့က ယူနီယံ ဂျက်အလံ ဖြုတ်ချပြီး မြန်မာနိုင်ငံ အလံလွှင့်ထူခဲ့တဲ့ နေရာအပါ အဝင် ပါလီမန် အဆောက်အအုံနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ ခန်းမကိုလည်း လေ့လာ ကြည့်ရှုခွင့်ပြုသွားမှာပါ။

ဒါ့အပြင် ခေါင်းဆောင်ကြီးတွေ အတွက် ရည်မှန်းပြီး ဆွမ်းကပ်တာတွေလည်း လုပ်ဆောင်သွားဖို့ ရှိသလို ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးဆွဲထားတဲ့ ပန်းချီပြိုင်ပွဲကိုလည်း ဒီနှစ်မှာ ထူးထူးခြားခြား ဝန်ကြီးများရုံးမှာ လုပ်သွားဖို့ ရှိနေပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ အခန်းတွေကို ဒီနှစ် နှစ် ၇၀ ပြည့်မှာ ပထမဆုံး ဖွင့်လှစ်ပြသခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးများရုံးတွေကို ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ်ကနေ စပြီး အာဇာနည်နေ့မှာ အများပြည်သူတွေ လေ့လာနိုင်ဖို့ ဖွင့်လှစ်ပြသခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးများရုံး အပြင် အာဇာနည်ဗိမာန်မှာလည်း ထူးထူးခြားခြား အနေနဲ့ ခေါင်းဆောင်ကြီးများရဲ့ လွတ်လပ်ရေး သမိုင်း ဖြစ်စဉ်ကို ရုပ်ပုံကားချပ်တွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြပြီး ပြသသွားဖို့ ရှိပါတယ်။

ဒါ့အပြင် နတ်မောက်မြို့ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက်ကို အထူးအထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ဓာတ်ပုံဗီနိုင်းတွေ၊ ရန်ကုန်မြို့ ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပုံ ဗီနိုင်းများနဲ့ အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာ များကို တီဗီဖြင့် ပြသထားဖို့လည်း စီစဉ်ထားတယ်လို့ ရှေးဟောင်းသုတေသနက တာဝန်ရှိသူ တဦးကပြောပါတယ်။

ဒီလို ထူးထူးခြားခြား ပြသမှုတွေ လုပ်ဆောင်နေတာတွေမှာ လာရောက်ကြည့်ရှုသူတွေရဲ့ လုံခြုံရေးပိုင်းနဲ့ ပတ်သတ်လို့ စိုးရိမ်မှုတွေ ရှိနေတဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။ ပြည်ပက အကြမ်းဖက် အဖွဲ့အစည်းတွေက ဝင်ရောက်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းများလည်း ထွက်နေတာပါ။ ဒါပေမယ့် ပြည်ထဲရေး ဝန်ကြီးဌာနက အတွင်းဝန် ဦးတင်မြင့်ကတော့ အာဇာနည်နေ့ မတိုင်မီ ဇူလိုင် ၁၆ ရက်ကစပြီး အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ သာမက တနိုင်ငံလုံးမှာပါ လုံခြုံရေးစတင် တိုးမြှင့်ထားတယ်လို့ ပြောပါတယ်။

“ တနိုင်ငံလုံးရဲ့လုံခြုံရေးကတော့ သက်ဆိုင်ရာရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင် တိုင်းဆိုင်ရာ ရဲတပ်ဖွဲ့မှုးတွေက စီမံချက် ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ သက်ဆိုင်ရာနယ်မြေမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ ခန့်မှန်းခြေအင်အား တသိန်းရှစ်သောင်း လောက်နဲ့ ဆောင်ရွက်နေ ပါတယ်။ ”

ဇူလိုင် ၁၉ ရက် အာဇာနည် နေ့မှာ နေပြည်တော်ကောင်စီမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ အတွက် ဆွမ်းကပ်အမျှဝေ အခမ်းအနား တစ်ခုသာ ပြုလုပ်မှာ ဖြစ်ပြီး အစိုးရ ထိပ်တန်းခေါင်းဆောင် တော်တော်များများ ရန်ကုန်ကို လာရောက်ကြဖို့ ရှိနေပါတယ်။ ပြည်သူတွေ အနေနဲ့ အာဇာနည်ဗိမာန်မှာ နေ့လည် ၁၂နာရီ ကနေ ညနေ ၅နာရီထိ ဂါရဝပြုခွင့်ရမှာပါ။ ဒီလိုဂါရဝပြုတာမှာ တုတ်၊ သံပိုက်ကော်ပိုက် တို့ယူဆောင်လာတာ အလံတွေ ယူဆောင်လာတာတွေ အပြင် ပန်းခွေ၊ ပန်းခြင်း၊ ပန်းတို့အပြင် လက်ကိုင်ဖုန်းတို့ကိုပါ လုံခြုံရေး အရ ယူဆောင်ခွင့် မပြုဘူးလို့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG