သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၉ နှစ်ပြည့် အာဇာနည်နေ့


အာဇာနည်နေ့
အာဇာနည်နေ့

ဒီကနေ့ ဂျူလိုင်လ ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းပါအဝင် အာဇာနည်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်မှာ အာဇာနည်ကြီးတွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ပြည်သူတွေ သိပ်ကို ဝမ်းနည်း စိုးရိမ်ခဲ့ကြတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတွေက ပြောပြကြပါတယ်။ အခု ၆၉ နှစ်အကြာ အသက်ပေးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ မျှော်မှန်း ထားတဲ့ နိုင်ငံ အခြေအနေမျိုး ရောက်နေပြီလား ဆိုတာကို မစုမြတ်မွန်က တင်ပြ ပါလိမ့်မယ်။

“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထု ညီညွတ်ရေး၊ စားဖား သမားတွေ ညီညွတ်တာ ကျုပ်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထု ညီညွတ်ရေး။ အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလ ပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်းပဲ၊ ဘယ်ပါတီ တက်တက် ဘယ်အစိုးရ လုပ်လုပ် -ာသည် နိုင်ငံ ဖြစ်နေမှာပဲ။ အဲဒီလိုပဲ ကျွန်တော် ပြောချင် တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့က မပျက်ပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။ ”

ဒါကတော့ ၁၉၄၇ ခုနှစ်တုန်းက လုပ်ကြံ သတ်ဖြတ်မခံရခင် ဂျူလိုင်လ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ် အောင်ဆန်း နောက်ဆုံး ပြောကြားသွားတဲ့ မိန့်ခွန်းထဲက တချို့ကို ကြားခဲ့ရတာပါ။ အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်မှုလက်အောက် ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေချိန်မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ ဗိုလ်ချုပ် ခေါင်းဆောင်တဲ့ ကြားဖြတ် အစိုးရ အဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီး တာဝန် ယူထားတဲ့ သခင်မြ၊ ပြန်ကြားရေး ဝန်ကြီး ဒီးဒုတ်ဦးဘချို၊ ပညာရေးနဲ့ အမျိုးသား စီမံကိန်း ဝန်ကြီး ဦးရာဇတ်၊ စက်မှု လက်မှုနှင့် အလုပ်သမား ဝန်ကြီး မန်းဘခိုင်၊ အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး စဝ်စံထွန်း၊ ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဘဝင်း၊ လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် ဦးအုံးမောင်နဲ့ ဦးရာဇတ်ရဲ့သက်တော်စောင့် ရဲဘော်ကိုထွေးတို့ဟာ ဂဠုန်ဦးစောနဲ့ အပေါင်းအပါ တွေရဲ့ ပစ်ခတ်မှုနဲ့ ကျဆုံးခဲ့ရပါတယ်။

အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရချိန်မှာ အတွင်းဝန်ရုံးနဲ့ မဝေးတဲ့ စိန်ပေါလ်ကျောင်း မှာ သုံးခွသား မောင်ကျော်ဝင်းလဲ ရှိနေပါတယ်။

အခု အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ကျော်ဝင်းက သူကြုံတွေ့ ခဲ့ရတဲ့ အဲဒီနေ့က အခြေအနေကို ခုလို ပြောပြပါတယ်။

“အဲဒီတုန်းက ကျွန်တော်က ၁၃နှစ်သား။ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့။ ကျွန်တော်က စိန့်ပေါကျောင်းမှာ ရှိနေတယ်။ ကျွန်တော်က ကျောင်းမှာ ကျောင်းအိပ် ကျောင်းစား နေတယ်။ အဲဒီတုန်းက မနက်၁၁နာရီ မတိမ်းမယိမ်း လွန်တုန်းက ကျွန်တော်တို့ မိုးကလဲ နည်းနည်း ရွာနေတယ်။ ကျွန်တော်တို့ ကျောင်းက အနားယူတဲ့အချိန် အပြင်ထွက်သွားတော့ Spark လမ်း။ အခု ဗိုလ်အောင်ကျော်လမ်းလို့ ခေါ်တယ်။ အဲဒီ တံခါးအဝမှာ ထွက်လာတော့ လူတွေ ရုတ်ရုတ် ဖြစ်နေတယ်။ ဘာဖြစ်မှန်း မသိဘူး။ သူတို့ ပြောတာ သေနတ်ပစ်သံလည်း ကြားတယ်တဲ့။ နောက်မှ ဗိုလ်ချုပ် အောင်ဆန်းတို့ အဖွဲ့ကို လုပ်ကြံသွားတယ် ဆိုတာ ကျွန်တော်တို့ ကြားလိုက်ရတယ်။ အဲဒီတော့ ကျွန်တော်တို့က ခပ်ငယ်ငယ်ပေါ့။ အဲဒီလိုဆို ကျောင်းပိတ်မယ်ထင်တာ။ ဘယ်ဟုတ်မလဲ။ ကျောင်းလုံး၀ မပိတ်ဘူး။ ”

မေး။ “အဲဒီ တုန်းက ဖြစ်သွားတဲ့ တတိုင်းပြည်လုံး တုန်လှုပ်သွားတဲ့၊ အင်မတန် အံ့သြသွားတဲ့ အခြေအနေကို ဆရာ မှတ်မိ သလောက် ပြောပြပါ။”

“မှတ်မိ တာပေါ့။ အကြီးအကျယ် မှတ်မိတာပေါ့။ လူတွေက ကြောက်ရွံ့ နေကြ တယ်။ တစ်ခုခုများ ဖြစ်မလားလို့။ တိုင်းပြည်ကြီးပဲ ပြိုကျတော့ မလိုလို၊ ပျက်စီးတော့ မလိုလို၊ ဒါက တစ်ကြောင်း။ နောက်တစ်ခုက ဝမ်းနည်းကြတာပဲ။ ကျွန်တော်တို့ အားလုံးက ဗိုလ်ချုပ်အောင်ဆန်း ပါသွားပြီ ဆိုတော့ စိတ်မကောင်းကြဘူး။ အကုန်လုံး စိတ်ကျသွားကြတယ်။ ကျွန်တော်ကလဲ ဘာလုပ်ရမှန်း မသိဘူး။ ကျောင်းအိပ်ကျောင်းစားက တွံ့တေးကနေပြီးတော့ ရန်ကုန်မှာ လာနေတာ။ အဲဒီတော့ အားလုံးက ဘာလုပ်ရမလဲ မသိဘူး။ ကျွန်တော်တို့ လွတ်လပ်ရေးရဖို့က သိပ်မဝေးတော့ဘူး။ ဒါဖြစ်တာ ဂျူလိုင်က လွတ်လပ်ရေးရဖို့က ခြောက်လလောက်ပဲ လိုတော့တာလေ။ ဟာ… ဒါဖြစ်တယ် တယ်ဆိုးပါလားလို့ အတိတ်နိမိတ်ကလေ။ အကုန်လုံး ထိတ်လန့်သွားကြတယ်။ အဲဒါ ၁၃ နှစ်သားအနေနဲ့ မြင်ရတာ။”

“အဲဒီတော့ ဆရာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်မယ်ဆိုလို့ ရှိရင် ဗိုလ်ချုပ်အပါအဝင် ဒီ အာဇာနည် ခေါင်းဆောင်ကြီးတွေ သူတို့ ပေးဆပ်ခဲ့တဲ့ အတိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရောက်နေပြီလား။ သူတို့ မျှော်မှန်း ခဲ့တဲ့ နိုင်ငံ အခြေအနေမျိုးကို ရောက်နေပြီလား။ ဘယ်လို မြင်ပါသလဲ။”

“ဟိုတုန်းက မျှော်မှန်းထားတဲ့ အခြေအနေ ဘယ်ရောက်မလဲ။ နောက်ဆုတ် သွားတာပေါ့။ တပ်မတော်၊ စစ်တပ်က ဝင်လိုက်တာ တော်တော့်ကို ဆိုးသွားတယ်။ ပင်လုံမှာ ကချင်ရယ်၊ ရှမ်းရယ်၊ ချင်းရယ် အဲဒါနဲ့ စပြီးတော့ လုပ်တာ။ ကျွန်တော် ရှမ်းပြည်မှာလဲ နေဖူးတယ်။ သူတို့ အဲဒီ ပင်လုံ မလုပ်ဖြစ်တာ သူတို့အတွက် တော်တော့်ကို ရှုံးသွားတယ်။ အဲဒီတော့ ဒီဥစ္စာ ရှေ့လျှောက်ကို သွားဖို့ လိုတယ်။ မသွားခင် စစ်မက်အင်္ဂါ အကုန်လုံး ရပ်စဲရလိမ့်မယ်။ အဘက်ဘက်ကနေ။ သေနတ်တွေ ဘာတွေ အကုန်လုံး အိမ်မှာ ထားခဲ့ပြီးတော့ စားပွဲမှာ ထိုင် စကားပြော။ အဲဒါ အရင်ဆုံး လုပ်ရမယ်။ ကျွန်တော်တို့အတွက် သိပ်နာတာ။ တိုင်းပြည်အတွက်။ ”

မြန်မာ့အရေး လေ့လာနေတဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာကျော်ဝင်း ဖြစ်ပါတယ်။

အရင် စစ်အစိုးရတွေလက်ထက်တွေတုန်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ဦးဆောင်ကြိုးပမ်းပေးခဲ့တဲ့ အာဇာနည်ကြီးတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ထားခဲ့သလို၊ အာဇာနည်နေ့ အခမ်းအနားတွေကို အကျဉ်းရုံး သဘောလောက်သာ ကျင်းပခဲ့ပါတယ်။

အခု ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရ လက်ထက်မှာတော့ မြန်မာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခမ်းခမ်းနားနားကျင်းဖို့ အစောပိုင်းထဲက ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။ ဒီကနေ့ စီစဉ်ထားတဲ့ အခမ်းအနား တွေနဲ့ ပါတ်သက်လို့ ရန်ကုန်မြို့မှာရှိနေတဲ့ VOA မြန်မာပိုင်း အယ်ဒီတာ ကိုသားညွန့်ဦးက ခုလိုပြောပြပါတယ်။

“ပြောရမယ် ဆိုရင်တော့ NLD အစိုးရသစ်အနေနဲ့ ပထမဆုံး ကျင်းပခွင့်ရတဲ့ အာဇာနည်နေ့ အခမ်းအနား ဆိုတဲ့ အခါကျတော့။ ဒီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD မြို့နယ်တွေရော၊ တိုင်းရုံးတွေရော၊ နောက်တစ်ခုက တစ်နိုင်ငံလုံး national level မှာပါ အာဇာနည်နေ့ အခမ်းအနားကို တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ ရည်မှန်းထားတာ တွေ့ရပါတယ် ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ အာဇာနည်နေ့ မတိုင်ခင် ကတည်းက အာဇာနည်ကုန်း၊ အာဇာနည် ဗိမာန် ရှိတဲ့ နေရာ။ နောက်တစ်ခုက ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်၊ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရတဲ့ အတွင်းဝန်များရုံး။ ဒီနေရာတွေကို အကြီးစား ပြင်ဆင်မှု တော်တော်လေး လုပ်ခဲ့တယ်။ မနေ့က လောက်မှ ပြင်ဆင်မှုတွေ အားလုံး ပြီးစီးသွားတာပါ။ အခု ဒီနေ့ဆိုရင်တော့ အခမ်းအနားတွေကို မနက် အစောကြီးကတည်းက စလုပ်မယ်။ အဓိက ကတော့ အရင်ဆုံး အာဇာနည် ဗိမာန်မှာ လုပ်မယ်။ နောက် အတွင်းဝန်များ ရုံးမှာ လည်း နောက်တစ်ခုက ယခင် အတွင်းဝန်များ ရုံးဟောင်းပေါ့။ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရတဲ့ နေရာမှာလည်း ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံ ခံရတဲ့ အခန်း၊ နောက်တစ်ခုက အဲဒီမှာ ရှိတဲ့ ပတ်ဝန်းကျင်မှာလည်း သူတို့ ကျောက်တိုင် လေးတွေ စိုက်ပြီးတော့ လုပ်ထားတာ ရှိတော့ အဲဒါတွေ အားလုံးကိုလည်း ဒီကနေ့မှာပဲ ဖွင့်ပွဲ လုပ်ဖို့ ရှိနေပါတယ်။ ဒါကတော့ အာဇာနည် ဗိမာန်အပြီး၊ နိုင်ငံတော် အခမ်းအနား အပြီး နောက်ပိုင်း ပေါ့နော်။ တချိန်တည်းမှာပဲ အမျိုးသား ပြတိုက်ကိုလည်း ပြင်ပြင် ဆင်ဆင် လုပ်ထားတော့ နောက်ပိုင်း ၉နာရီ ကျော်သွားပြီ ဆိုရင်တော့ အာဇာနည် ဗိမာန်ကိုရော၊ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ကိုရော၊ အတွင်းဝန်များ ရုံးကိုရော၊ အားလုံးကို လွတ်လွတ်လပ်လပ် ဖွင့်ပေးမယ်။ အားလုံးကို သွားရမယ့် အနေအထား ရှိပါတယ်။ နောက်တစ်ခုက ထူးထူးခြားခြား ပြောရမယ် ဆိုလို့ ရှိရင်၊ ဒီနေ့ဟာ ဆိုလို့ ရှိရင်၊ ဝါဆို လပြည့်နေ့လည်း တိုက်ဆိုင်နေတဲ့ အခါ ကျတော့ အာဇာနည်နေ့က တော်တော်လေး လူစည်ကားလိမ့်မယ်လို့ ယူဆရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ် ဆိုလို့ရှိရင်လည်း နယ်တော်တော် များများမှာ ဗိုလ်ချုပ် ကျေးရုပ်မရှိတဲ့ နယ်တော်တော် များများမှာ ဗိုလ်ချုပ် ကျေးရုပ်တွေ ဆောက်ပြီးတော့ ဖွင့်ပွဲတွေ လုပ်ကြတယ်။ ပြောရမယ် ဆိုရင်တော့ ဒီနှစ် အာဇာနည်နေ့ အခမ်းအနားဟာ ရန်ကုန်မြို့ တစ်မြို့တည်း တင် မကပါဘူး။ နယ်တော်တော်များများမှာ၊ မြို့ တော်တော်များများမှာ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပသွားဖို့ ရှိပါတယ်။”

“ဒီနှစ်မှာ ထူးခြားတာက ဗိုလ်ချုပ် အောင်ဆန်း အပါအဝင်ပေါ့။ ဒီ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ အချိန်မှာ တစ်နိုင်ငံလုံးမှာ ဥသြဆွဲဖို့၊ လမ်းပေါ် ရောက်နေတဲ့ ကားတွေ ဆိုလည်း ဟွန်တီးဖို့ ဆိုတာမျိုး အစိုရ ကိုယ်က ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာကော လူတွေက ဘယ်လို ပြင်ဆင်မှု လုပ်ထားတယ်လို့ ကိုသားညွန့်ဦး မြင်ရပါသလဲ။”

“ တကယ်တမ်း ပြောရရင် မနှစ်က ဒါမျိုးတွေ အစိုးရဘက်က ညွှန်ကြားချက် မရှိပါဘူး။ ညွှန်ကြာချက် မရှိတဲ့ အခြေအနေမှာကိုက မနှစ်က စပြီးတော့ ဥသြတွေ ဆွဲကြတယ်။ ကားတွေ ဟွန်းတီးတယ်။ လမ်းတွေမှာ ၁၀နာရီ ၃၇ မိနစ် ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ အချိန်မှာ အားလုံးက ရပ်ပြီးတော့ အလေးပြုတာ ဒါမျိုးတွေ ဖြစ်ခဲ့တယ်။ ဒီနှစ်မှာတော့ အစိုးရက တကူးတက ညွှန်ကြားထားတဲ့ အခါကျတော့ အားလုံးက လိုလိုလားလားနဲ့ လုပ်ဆောင်ချင်တဲ့ ပုံစံ တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် အစိုးရ မီဒီယာတွေမှာကော၊ ဂျာနယ်တွေမှာရော၊ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပက်သက်တဲ့ အဆိုအမိန့်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ အာဇာနည်နေ့ ပက်သက်တဲ့ အကြောင်းအရာတွေကို တော်တော်များများ သမိုင်း ဆိုင်ရာတွေကို ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြလာတာကို တွေ့ရပါတယ် ခင်ဗျ။ ”

အာဇာနည်နေ့ မတိုင်ခင်ထဲက ရန်ကုန်မြို့မှာ လုံခြုံရေးတွေကို တင်းကြပ်ထား ပါတယ်။ တချို့ နေရာတွေမှာ ရဲတပ်ဖွဲ့တွေ ချထားပြီး လူတဦးချင်းကို စစ်ဆေးတာမျိုး၊ မြို့နယ် တချို့မှာဆိုရင် မလုပ်တော အတော်ကြာ နေပြီဖြစ်တဲ့ သန်းခေါင်စာရင်း စစ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့က အာဇာနည်ဗိမ္မာန်မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ်တင် မဟုတ်ဘဲ နိုင်ငံ့အကြီးအကဲ တယောက်အနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လဲ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မယ်လို့ ပြောကြားထားပါတယ်။ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေထဲက ဆိုရင် ပထမဆုံးအကြိမ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တယောက်က အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မှာလဲ ဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:08:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG