သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု၊ တပ်ချုပ်နဲ့ နိုင်ငံ့အကြီးအကဲများ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်


၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွှမ်းသူ့ပန်းခွေချစဉ် (MOI)
၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွှမ်းသူ့ပန်းခွေချစဉ် (MOI)

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံက မြို့အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့ အာဇာနည်နေ့ အလေးပြုအခမ်းအနားကို အစိုးရခေါင်းဆောင်တွေ လွှတ်တော်ခေါင်းဆာင်တွေအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်လည်း ထူးထူးခြားခြား ပါဝင်တတ်ရောက် ကြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးတဲ့အချိန်မှာတော့ ရန်ကုန်တမြို့လုံး ဥသြစွဲ ငြိမ်သက်ဂုဏ်ပြုခဲ့ကြပါတယ်။ ရန်ကုန်မြို့က အာဇာနည်နေ့ ကျင်းပတဲ့အခြေအနေတွေကိုတော့ ရန်ကုန်မြို့ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

NLD အစိုးရသစ်အနေနဲ့ ပထမဦးဆုံး အကြိမ်ကျင်းပခွင့်ရတဲ့ အာဇာနည်နေ့အခမ်းအနားဖြစ်ပါတယ်။ ဒီကနေ့ အာဇာနည်နေ့ အခမ်းအနားမှာဆိုရင် ထူးထူးခြားခြား ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်လည်း တက်ရောက်ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီးတော့ အရင်နှစ်တွေကထက်စာရင် လူတော်တော်များများတက်ရောက်ပြီးတော့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတာ တွေ့ရပါတယ်။

၆၉နှစ်မြောက်အာဇာနည်နေ့ (Photo- Htet Aung Hkant)
၆၉နှစ်မြောက်အာဇာနည်နေ့ (Photo- Htet Aung Hkant)

ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကျင်းပတဲ့ နိုင်ငံတော်အခမ်းအနားကို မနက်ပိုင်း ၈ နာရီမှာ စတင်ခဲ့ပြီး၊ ဒုသမတ ဦးမြင့်ဆွေ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တတ်ရောက် အလေးပြုကြပါတယ် ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အာဇာနည်မိသားစုဝင် တဦးအနေနဲ့ တတ်ရောက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တဦးအနေနဲ့ နှစ်ပေါင်း လေးဆယ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို တတ်ရောက်တာမို့ ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။

အာဇာနည်ဗိမာန်ကို လာရောက်ဂါဝရပြုကြတဲ့ ပြည်သူလူထုဟာ ဒီနှစ်အရင်နှစ်တွေကထက် ပိုများတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ အတွင်းဝန်များရုံးဟောင်းနေရာကိုလည်း အများပြည်သူတွေ ဒီကနေ့မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို၊ ဗိုလ်ချုပ်ပြတိုက်ကိုလည်း လာရောက်ကြည့်ရှုသူတွေ အထူးများပြားခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်တွေကို လာရောက် ဂါရဝပြုကြသူတွေကတော့ သူတို့စိတ်ထဲ ကိုယ်စီကိုယ်စီ အတွေးအယူအဆ မျိုးစုံနဲ့ပါ။

“အင်မတန် ဝမ်းသာပါတယ်ခင်ဗျာ။ နောင် နှစ်ပေါင်း တရာ မက တထောင်မက ဒီလိုနေ့မျိုးကို ဖြစ်စေချင်တယ်။ ဒီလိုနေ့မျိုးရောက်တိုင်း။

မေး။ ။ ဒီနှစ်မှာ အရင်နှစ်တွေထက်စာရင် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ထက်စာရင် ဒီနှစ်က အင်မတန်မွန်မြတ်တဲ့နေ့ပဲ ။ ဒီလိုနေ့မျိုးက။

မေး။ ။ ဘာကြောင့်လဲ။

ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်သွားတဲ့အတွက်။ စည်းနဲ့ကမ်းနဲ့ လွတ်လွတ်လပ်လပ်ကိုပြောတာပါ။ စည်းကမ်းမရှိတဲ့ လွတ်လပ်မှုကိုပြောတာမဟုတ်ပါဘူး။”

“ကလေးတွေက ၁၆၊ ၁၇ ၊ ၁၈ နှစ် အရွယ်ရောက်ပြီလေ။ ဒါပေမယ့် အာဇာနည်နေ့ဆိုတာ ဃဃဏဏ မသိကြဘူး။ ဘာကြောင့်လုပ်တယ် ဥသြတွေ ဘာကြောင့်ဆွဲသလဲဆိုတာ မသိကြဘူး။ သိအောင်လို့ ကျနော် သူတို့ကို ဒီနေ့ ဒီရက်မှာ ရောက်ဖူးအောင်လို့ ဒီနေရာတွေကို ခေါ်လာတာ။ ဥသြဆွဲတဲ့ပုံစံတို့ ၊ကားတွေဘာကြောင့် ဟွန်းတီးတယ်ဆိုတာတို့ သိရအောင်ပေါ့။

မေး။ ။ အရင်းအရင်နှစ်တုန်းက အာဇာနည်နေ့အခမ်းအနားတွေထက် အခုဒီနေ့လုပ်တဲ့အခမ်းအနား ထူးထူးခြားခြား ဘာတွေများ သတိထားမိသလဲ။

တခြားစီပဲခင်ဗျ။ အရင်နှစ်တွေတုန်းကတော့ ဒီလိုမျိုးစီကားတယ်ဆိုတာမရှိဘူး။ အဖြစ်လောက်လုပ်တာပါ။”

“ကလေးတွေ အဲဒီလိုမျိုးပေါ့နော်။ ဒီမြန်မာနိုင်ငံကို လွတ်လပ်ရေးယူခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီးတော့ ကလေးတွေ အသိအမှတ်ပြုတာရယ် နောက်ပြီးတော့ လူထုအများကြီးက ဒီမြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီးကို လေးစားဂုဏ်ပြုတာတွေကို ကျမအရမ်းဝမ်းသာပါတယ်။”

အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရချိန် ၁၀နာရီ ၃၇မိနစ် မှာလည်း မြန်မာ့အသံက ဥသြသံပေးခဲ့သလို ရန်ကုန်နေရာ အနှံမှာလည်း မော်တော်ယာဉ်တွေက ဟွန်းတီး စက်ရုံတွေက ဥသြစွဲပြီး ဗိုလ်ချုပ်တို့ကို ငြိမ်သက် ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီလို နေ့ဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ရတဲ့ အာဇာနည်နေ့ဖြစ်တယ် လို့ ပြောကြပါတယ်။ ဒီနေ့ဟာ အာဇာနည်နေ့ဖြစ်သလို ဝါဆိုလပြည့်နေ့လည်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာမို့ အာဇာနည်ဗိမာန်ဝန်းကျင်၊ ဗိုလ်ချုပ်ပန်းခြံဝန်းကျင်နဲ့ အတွင်းဝန်များရုံးဟောင်းနေရာတွေမှာတော့ လူတွေ တိုးမပေါက်နိုင်အောင် စည်ကားနေတာကို တွေ့ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG