သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ် အာဇာနည်နေ့တက်ရောက်မှု နဲ့ အမျိုးသားရင်ကြားစေ့ရေး အလားအလာ


တပ်ချုပ် အာဇာနည်နေ့တက်ရောက် (Photo- Htet Aung Hkant)
တပ်ချုပ် အာဇာနည်နေ့တက်ရောက် (Photo- Htet Aung Hkant)

ဒီကနေ့ကျရောက်တဲ့ ၆၉နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာပြည်တဝှမ်းက မြို့တွေမှာ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကိုယ်တိုင် နိုင်ငံတော်အကြီးအကဲတွေနဲ့ အတူ တက်ရောက်အလေးပြုခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ကျော်ကာလအတွင်း တပ်မတော်အကြီးအကဲ တယောက်အနေနဲ့ အခုလိုပထမဆုံးအကြိမ် တက်ရောက် လာတဲ့အပေါ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလားအလာကောင်းတဲ့ ခြေလှမ်းတရပ်အဖြစ် နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အာဇာနည်နေ့ရဲ့ ထူးခြားချက်ကတော့ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့တဲ့ ရုပ်သံနဲ့ ရေဒီယိုတွေက သံရှည်ဥသြဆွဲတာတွေပြန်လည်ထုတ်လွှင့်တာနဲ့ တပ်မတော်အကြီးအကဲကိုယ်တိုင် အခမ်းအနားတက်ရောက်အလေးပြုတာပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တက်ရောက်အလေးပြုတဲ့အပေါ် တပ်မတော်ရေးရာနဲ့ နိုင်ငံရေးဆောင်းပါးရှင် အငြိမ်းစား ဒုဗိုလ်မှုးကြီး အောင်မြင်သူက အခုလို သုံးသပ်ပါတယ်။

“လူတွေကတော့ အခု ဗိုလ်ချုပ်မှူးကြီးတက်တယ်ဆိုတာကို သိပ်ပြီးတော့ ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ရေးခဲ့တဲ့ စာတွေမှာလည်း ဒီလိုပဲလေ။ အဓိက အရေးကြီးဆုံးက ရင်ကြားစေ့ရေး။ ရင်ကြားစေ့ရေးမှာ ကျနော်တို့က ဘာအရင် ရင်ကြားစေ့ရမလဲဆိုတော့ ကျနော်တို့ NLD နဲ့ တပ်မတော် အဲဒါကြောင့်မို့လို့ အခုဟာက ကောင်းတဲ့အစဉ်အလာတခုဖြစ်တယ်။ ဒီတပ်မတော်နဲ့ NLD တို့ရင်ကြားစေ့ရေးကတော့ အောင်မြင်တယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။”

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ပတ်သက်ပြီးတော့လည်း အငြိမ်းစား ဒုဗိုလ်မှုးကြီး အောင်မြင်သူက သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အရမ်းကို ထူးချွန်တယ်၊ ထက်မြက်တယ်ဆိုရင်တော့ ဒေါ်စုနောက်က လိုက်ဖို့လိုသလို၊ ဒေါ်စုကလည်း အလွန်ထူးချွန်ထက်မြက်တယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးနောက်က လိုက်ဖို့လိုတယ်လို့မြင်ပါတယ်။ ဒါကျနော် ပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဟိုဘက်၊ဒီဘက် ဘက်လိုက်ပြီးပြောတာမဟုတ်ဘူး။ တကယ်တမ်း ဘက်လိုက်မယ်ဆိုရင် တပ်မတော်အရာရှိတယောက်အနေနဲ့ကတော့ ဗိုလ်ချုပ်မှူးကြီး ဘက်ကို လိုက်မှာပေါ့လေ။ သို့သော်လည်း ဒီနေ့ ကမ္ဘာက လက်ခံတဲ့လူ၊ အာရှကလက်ခံတဲ့ ကျနော်တို့မြန်မာ ပြည်သူအများစုကလက်ခံတယ်ဆိုတဲ့ လူဖြစ်နေတဲ့အတွက် ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ခံယူမယ်ဆိုရင်တော့ ကျနော်တို့ ရင်ကြားစေ့ရေးကိစ္စမှာ အများကြီး မျှော်လင့်လို့ရမယ်လို့ ကျနော်ထင်တယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ၄၅နှစ်တာကာလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ပထမဆုံးတက်ရောက်တာဖြစ်လို့ ကြိုဆိုကြောင်း ပြောပါတယ်။

“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တယောက်အနေနဲ့ ၁၉၇၁ ခုနှစ်နောက်ပိုင်းမှာ ဒါ အာဇာနည်နေ့အခမ်းအနားကို ဒါ ပထမဆုံးအကြိမ်တက်ရောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကြိုဆိုရမယ့် ကိစ္စတခုလို့ ကျနော်မြင်ပါတယ်။”

ဒါဟာ အရပ်ဖက်- စစ်ဖက်ဆက်ဆံရေးအတွက် အရေးပါတဲ့ ခြေလှမ်းတခုအဖြစ်လည်း သုံးသပ်ပါတယ်။

“ဒီ အာဇာနည်နေ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစု ဝင်တွေနဲ့ရော၊ နွေးနွေးထွေးထွေးတွေ့ဆုံပြီးတော့ စကားပြောတာကို တွေ့ရတာလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ထိရောက်တဲ့ ခြေလှမ်းတခုလို့ ကျနော်မြင်ပါတယ်။အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့နေအိမ်မှာ လုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကျွေးပွဲကို ထူးထူးခြားခြားပေါ့လေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့တာလည်းပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး မျက်နှာစာကနေ ကြည့်မယ်ဆိုရင် အရေးပါတဲ့ ခြေလှမ်းတခုလို့ မြင်ပါတယ်။”

လတ်တလော အခြေအနေတွေက အားရစရာတွေဖြစ်ပေမဲ့ လက်တွေ့ကျပြီး သိသာမြင်သာတဲ့ အပြောင်းအလဲတွေ ဆောင်ရွက်ဖို့လည်း လိုအပ်မှာဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက အခုလို ထောက်ပြ ပါတယ်။

“ဒီထိတွေ့ဆက်ဆံမှုတွေဟာ အရေးပါပေမယ့်လည်း ဒီထက်ပိုပြီးတော့ ထိရောက်ပြီးတော့ ရုပ်လုံးပေါ်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ကိုလည်း လိုအပ်တယ်လို့ ကျနော်က မြင်ပါတယ်။ ဥပမာအားဖြင့်ပေါ့လေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေ အဆိုပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တပြိုင်နက်ထဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ ကြေညာချက်မျိုး လာမယ့်ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာတယ်ဆိုရင်တော့ ဒါဟာမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေးနဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ သိသာမြင်သာပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတခုလို့ သုံးသပ်လို့ ရနိုင်မှာဖြစ်ပါတယ်။”

ဒီကနေ့ကျင်းပတဲ့ ရန်ကုန်မြို့က အာဇာနည်နေ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့နဲ့ အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG