သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အခမ်းအနားအတွက် ပြင်ဆင်မှုများ


ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးလုပ်ကြံခံခဲ့ရတဲ့၊ အာဇာနည်နေ့ နှစ်ပတ်လည်အခန်းအနားတွေကို မနက်ဖြန်မှာ ကျင်းပဖို့ရှိရာမှာ အများပြည်သူတွေ အဆင်ပြေပြေ လာရောက်နိုင်ဖို့ရော၊ လုံခြုံရေးပိုင်းအရပါ အာဏာပိုင်တွေဖက်က စီမံ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ မနက်ဖြန်လုပ်တဲ့ အာဇာနည်နေ့အခမ်းအနားတွေ နဲ့ပတ်သက်လို့ရော၊ အထိမ်းအမှတ်ပြပွဲနေရာတွေနဲ့ပတ်သက်လို့ပါ စီစဉ်ထားမှုအခြေအနေတွေကို ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်က စုံစမ်းမေးမြန်းထားပါတယ်။

မနက်ဖြန်ပြုလုပ်မယ့် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင် ဆောင်ရွက်နေပါပြီ။ အာဇာနည်ခေါင်းဆောင်တွေကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ကို လူငယ်တွေ အခုထက် ပိုမိုသိရှိအောင် လုပ်ဆောင်သင့်တယ်လို့ ပြောဆိုတာတွေရှိပါတယ်။ ဒါ့အပြင် ဒီနှစ်မှာတော့ လာရောက်သူတွေ အဆင်ပြေအောင် စီမံဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံ သတ်ဖြတ်ခံရတာ မနက်ဖြန်ဆို ၇၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။ မနက်ဖြန် ၇၁ နှစ်မြောက် အာဇာနည်နေ့ကို အာဇာနည်ဗိမ္မာန်အပြင် ဗိုလ်ချုပ်နေထိုင်တဲ့အိမ် အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံးနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ နေရာတွေမှာ အခမ်းအနားတွေ ပြုလုပ်သွားမှာ လည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦးလုပ်ကြံခံခဲ့ရတာကို လူငယ်တွေ သိရှိတာ နည်းပါးလာလို့ ပိုမိုသိရှိအောင် လုပ်ဆောင်သင့်တယ်လို့ ဗိုလ်တထောင် မြို့နယ် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးက အခုလိုပြောပါတယ်။

"ကျွန်မတို့ ဒီတိုင်းပြည်မှာပေ့ါ။ အရင်ကဆိုအာဇာနည်နေ့ဆို ကလေးတော်တော်များများ မေ့မေ့ပျောက်ပျောက် ဖြစ်ကြတယ်။ အခုဆိုလို့ရှိရင် ကလေးတွေ တော်တော်စိတ်ဝင်စားလာတယ်။ အာဇာနည်နေ့ဆိုတာ ဘာလည်း အရင်တုန်းကဆိုရင် အာဇာနည်နေ့ဆိုတာ အာဇာနည့်မွေးနေ့လားလို့တောင် မေးတဲ့သူတွေရှိတယ်။ အခုချိန်မှာ ကလေးတွေ တော်တော်စိတ်ဝင်စားလာတယ်။ ဒါပေမယ့်လည်း ဒီထက်ပိုပြီးစိတ်ဝင်တစားရှိရင် အာဇာနည်နေ့ ဆိုတာ ဘယ်လို အာဇာနည်ခေါင်းဆောင်တွေ ဘယ်လိုကျဆုံး ခဲ့တယ်ဆိုတာလေးကိုကော ဒီထက်ပိုပီးတော့မှ ထင်ထင်ရှားရှားသိအောင်လို့ပေါ့လေ ကျောင်းတွေမှာလည်း ဒီအာဇာနည်နေ့ဆိုတဲ့ဟာလေးကို ကလေးတွေ ပိုမို သိရှိအောင်လို့ လုပ်ပေးဖို့ ကောင်းပါတယ်။"

ဒီနှစ်မှာတော့ အတွင်းဝန်ရုံးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ အခန်းကို ပြင်ဆင်မှုတွေ ပြုလုပ်နေလို့ ပိတ်ထားမယ်လို့ ဒေါ်မေစိုးက ဆက်ပြောပါတယ်။

"ဝန်ကြီးများရုံးကိုတော့ မနက် ၇ နာရီဆိုရင်တော့ အလံတင် အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။ ၈ နာရီဆိုရင်တော့ ပြည်သူတွေ အလေးပြုလို့ရပါပြီ။ ကျွန်မတို့က လေးတွေလုပ်ထားတဲ့ ပန်းချီပြပွဲလေး ခင်းကျင်း ပြသထားတာရှိတယ်။ နောက်အပေါ်ထပ်က ဗိုလ်ချုပ်တို့ လုပ်ကြံတဲ့နေရာတော့ ကျွန်မတို့ ကျွန်မတို့ ပိတ်ထားတယ်ပေါ့။ အပေါ်မှာလည်း ပြင်ဆင်နေတာဆိုတော့ အဲ့ဒါကတော့ ကြည့်လို့မရဘူး။ ကျွန်မတို့ ဗိုလ်ချုပ် အခန်းက ဘယ်လိုရှိတယ်ဆိုတာကိုယ်တော့ အောက်မှာ ပရိုဂျက်တာထိုးပြီး ပြပါတယ်ရှင့်။"

အာဇာနည်ဗိမ္မာန်ကို လာရောက်ကြတဲ့သူတွေကို အရင်ကထက် အဆင်ပြေအောင် ဝင်ပေါက် တိုးချဲ့ပေးထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးလှဝေက ပြောပါတယ်။

"ယခင်ကတော့ မိန်းကလေး တပေါက် ယောက်ကျားလေး တပေါက် အခုကတော့ မိန်းကလေး ၂ ပေါက် ယောက်ကျားလေး ၂ ပေါက် အဲ့လိုဝင်ပေါက်တွေ စီစဉ်ထားပါတယ်။"

လုံခြုံရေးကိုလည်း အာဇာနည်နေ့ မတိုင်မှီကတည်းက စီစဉ်ဆောင်ရွက်ထားတယ်လို့ ရဲမှူးလှဝေက ဆိုပါတယ်။

ဒီနှစ်မှာ အာဇာနည်ဗိမာန်ကို အများပြည်သူဂါဝရပြု လေ့လာနိုင်ရန် မွန်းတည့် ၁၂ နာရီကနေ ၅ နာရီ အထိ ဖွင့်လှစ်ထားရာကနေ ၁ နာရီတိုးပြီး ၆ နာရီ အထိ ဖွင့်လှစ်ပေးထားမှာလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်နေအိမ် ပြတိုက်ကိုတော့ မနက် ၈ နာရီကနေ ၄ နာရီအထိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

အရင် စစ်အစိုးရ လက်ထက်မှာ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အဆင့်ကျင်းပပြုလုပ်တာမရှိဘဲ အရပ်သား အစိုးရ တက်လာတဲ့ ၂၀၁၂ က စတင်ပြီး ယနေ့အထိ နိုင်ငံတော် အဆင့် အခမ်းအနား နဲ့ ပြောင်းလဲ ကျင်းပပြုလုပ်လာတာဖြစ်ပါတယ်။

ဒီနှစ် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တက်ရောက်မှာမဟုတ်ဘ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက် ဂါဝရပြုမှာဖြစ်ပါတယ်။ အရပ်သား အစိုးရတက်လာတဲ့အချိန်ကနေ အခုချိန်ထိ အာဇာနည်ဗိမ္မာန်ကို နိုင်ငံတော် သမ္မတ တက်ရောက် ဂါဝရပြုခဲ့တာမျိုးမရှိဘဲ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဒုသမ္မတသာ တက်ရောက်ခဲ့ပါတယ်။

အာဇာနည်ဗိမ္မာန်နဲ့ အတွင်းဝန်ရုံးကို လာရောက်ကြတဲ့သူတွေဟာ လက်ကိုင်ဖုန်း ပန်းစည်း ဗီနိုင်း အလံအမျိုးမျိုး တုတ်ဓားလက်နက်တွေ မယူဆောင်လာကြဖို့ အာဇာနည်နေ့ အခမ်းအနား လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG